သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကြေးအကြောင်းပြ၍ ငွေကောက်ပြီး အိမ်ထောင်စု မိတ္တူများ တောင်းခံနေကြောင်း သတင်းရရှိသည်။
ယခု ဧပြီလ ၃ ရက် မှစ၍ မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကြေးအကြောင်းပြ၍ ပိုက်ဆံများကောက်ခံနေပြီး အိမ်ထောင်စု မိတ္တူများပါ တောင်းနေခြင်း ကြောင့် ဒေသခံများ စိုးရိမ်နေရကြောင်း မူဆယ်မြို့နေ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အိမ်တိုင်းကို မီးသတ်ကြေး လာကောက်တယ်၊ အိမ်ထောင်စု မိတ္တူပါ တောင်းတယ်။ ဘာကိစ္စလဲလို့ မေးတော့ အထက်က တာဝန်ပေးလို့ လုပ်ရတာလို့ ပြောတယ်။ ဘယ်သူက ကောက်ခိုင်းတာလဲ ဆိုတော့ နယ်မြေမှူးက ကောက်ခိုင်းတာပါတဲ့။ အကြောင်းအရင်းလည်း သေချာမသိကျတော့ တော်တော်များများ ထိတ်လန့်နေကြရတယ်”ဟု မူဆယ်မြို့ ဒေသခံ ၎င်းအမျိုးသမီးက ပြောသည်။
ထိုသို့ အကြောင်းရင်းမဲ့စွာ အိမ်ထောင်စု မိတ္တူများကိုပါ တောင်းခံနေခြင်းကြောင့် မူဆယ်မြို့ဒေသခံများ ထိတ်လန့်စေပြီး ပြည်သူ့စစ်မှုထမ်း ကောက်ခံရန်အတွက်ပါ စိုးရိမ်မှုရှိစေကြောင်း ဒေသခံများက ပြောသည်။
မူဆယ်မြို့သည် စစ်ရေးမဖြစ်ပွားသည့် ဒေသဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများ လည်ပတ်နေဆဲမြို့ဖြစ်သည်။
မူဆယ်မြို့တွင် လက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက ဒေသခံပြည်သူများထံ အွန်လိုင်းစာပို့ ငွေညှစ်တောင်းခံခြင်း၊ ဓားပြတိုက်မှုနှင့် လူပြန်ပေးဆွဲမှုများကို ခပ်စိပ်စိပ် လုပ်ဆောင်လာခြင်း ကြောင့် လုံခြုံမှု မရှိသည့် နယ်စပ်မြို့ဖြစ်သည်












Leave a Comments