စစ်တပ်နှိပ်စက်မှုကြား အားကိုးရာမဲ့ မိခင်များ

“ဒိုင်း” ဆိုတဲ့ သေနတ်သံကို ကြားကြားချင်း ဝါးထရံထောင့်မှာ ပြေးပုန်းနေချိန်၊ “ဝုန်း”ဆိုပြီး ရုတ်တရက် အိမ်တံခါးကို စစ်ဖိနပ်နဲ့ ဆောင့်ကန်လိုက်တဲ့ အရှိန်ကြောင့် ခနော်ခနဲ့ ဖြစ်နေတဲ့ ဝါးထရံက ပြိုကျသွားပါတယ်။

အဲ့အချိန်မှာ ဝါးထရံထောင့်နား ပုန်းနေတဲ့ ဒေါ်ငယ် တစ်ယောက်ဆီကို စစ်ယူနီဖောင်း ဝတ်ထားတဲ့ စစ်သား (၅)ယောက်က ရောက်လာပြီး သေနတ်ဖြင့် ဝိုင်းချိန်လိုက်ပါတော့တယ်။

“ကျမကို သေနတ်နဲ့ ဝိုင်းချိန်ပြီး အဲ့ထဲက တစ်ယောက်က သေနတ်ဒင်နဲ့ ဉီးခေါင်းကို ထုတယ်။ စစ်ဖိနပ်နဲ့ ရင်ဝကို ကန်တယ်။ ကျမ အသိစိတ်တွေပါ ပျောက်သွားတယ်”လို့ ဒေါ်ငယ် တစ်ယောက် တုန်ရီတဲ့ လေသံဖြင့် ပြောလာပါတယ်။

ဒေါ်ငယ်ဟာ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးနဲ့ အသက် (၆၀) ဝန်းကျင်ရှိပြီး သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် နေထိုင်သူတစ်ဉီး ဖြစ်ပါတယ်။

ဒေါ်ငယ်က သား(၄)ယောက်ရဲ့ မိခင်ဖြစ်ပြီး၊ စစ်အာဏာမသိမ်းခင်မှာ နေ့စားလိုက်ပြီး အေးအတူ ပူအမျှ ဘဝကို ရုန်းကန်ရင် စိတ်ချမ်းသာစွာ ဖြတ်သန်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှာ စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဇူလိုင်လပိုင်းမှာ ဒေါ်ငယ်တို့ မိသားစုဘဝဟာ ထင်မှတ်မထားဘဲ ကံကြမ္မာဆိုး ဝင်ရောက်လာပါတော့တယ်။

ရွာငံမြို့

သူ့ရဲ့ အမျိုးသားဖြစ်တဲ့ ဉီးမျိုးလွင်နဲ့ သားကြီးဖြစ်သူ ဖိုးတူး တို့ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့နဲ့ ချိတ်ဆက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် လာရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်ကို ချိတ်ပိတ်လိုက်ပါတယ်။

ကျန်တဲ့ သား (၃)ယောက်ကလည်း ရွာငံကနေ အခြားဒေသသို့ ပြောင်းရွှေ့နေထိုင်ကြရပြီး၊ နေအိမ်မှာတော့ ဒေါ်ငယ် တစ်ဦးတည်းသာ ကျန်ရှိနေခဲ့ပါတယ်။

မိသားစုဝင်တွေဟာ တကွဲတပြားဖြစ်နေပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဖိနှိပ်မှုကို ဒေါ်ငယ်တစ်ယောက် ကြိတ်မှိတ်ခံနေရပါတယ်။ မိသားစု ဓာတ်ပုံကို ကိုင်ကာ ကြည့်ရင်း “အိုဇာတာ မကောင်းလိုက်လေခြင်း” ဟု တီးတိုးကာ ပြောဆိုရင် မျက်ရည် တသွင်သွင် စီးလာပါတော့တယ်။

“ကျမတို့ မိသားစုက ဘာဝဋ်ကြွေးတွေ ပါလာခဲ့လဲမသိဘူး၊ တကွဲတပြားစီ ဖြစ်လို့။ စစ်သားတွေကလည်း ယောကျ်ားနဲ့သားကြီးကို ဖမ်းတာ အားမရလို့ သားနှစ်ယောက်ကိုပါ ထပ်ဖမ်းဖို့ လုပ်နေတာ။ နေစရာအိမ်လည်း မရှိ အားကိုးစရာလည်း မကျန်တော့ဘူး”လို့ ဒေါ်ငယ်တစ်ယောက် ငိုယိုပြီး ပြောပြနေပါတယ်။

စစ်ကောင်စီဟာ ဒေါ်ငယ် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တဲ့ နေအိမ်ကိုပါ ချိတ်ပိတ်လိုက်တာကြောင့် လက်ရှိမှာ အိမ်နံဘေးရှိ ခြံဝိုင်းတစ်နေရာမှာ ဖြစ်သလို ဝါးတဲလေး ဆောက်ကာ နေထိုင်ရပါတယ်။

အသက်ကြီးပြီး ရှာကျွေးတဲ့ သားတွေကလည်း မရှိ၊ အားကိုးစရာ ယောကျ်ားကလည်း ဖမ်းခံထားရတော့ လက်ဖက်ပေါ်ချိန်မှာတော့ သူ့တစ်ကိုယ်စာ ဝမ်းရေးအတွက် မရှိတဲ့အားကို ထုတ်ပြီး ရုန်းကန်ရှာဖွေ စားသောက်နေရပါတယ်။

ဒါပေမယ့် သူ့ရဲ့ အသက်အရွယ်နဲ့ ခန္ဓာကိုယ် ပိန်ပိန်ပါးပါးကြောင့် အလုပ်ပါးချိန် နွေရာသီမှာဆိုရင် နေ့စားလုပ်ခ အတွက် အလုပ်ခေါ်မယ့်သူ မရှိကာ ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ အသက် ရှင်သန်နိုင်အောင် ကြိုးစား ဖြတ်သန်းနေရပါတယ်။

“နွေရာသီဆိုရင် ကျမမှာ စားစရာ ဆန်တောင်မရှိဘူး၊ နေ့စားခေါ်မယ့်သူလည်း မရှိဘူး။ ဆန်ပြုတ်သောက်ရတဲ့ နေ့တွေလည်းရှိတယ်” လို့ သူက ဝမ်းနည်းစွာ ပြန်ပြောပြနေပါတယ်။

ရွာငံမြို့နယ်

ရွာငံမြို့နယ်ဟာ သျှမ်းပြည်တောင်ပိုင်း မြေလတ်ဒေသ တစ်ခုဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ် နွေဉီးတော်လှန်ရေးနှင့်အတူ ဓနု ဒေသတွင် ဓနုလက်နက်ကိုင် တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ကို စတင် ဖွဲ့စည်းခဲ့ပြီး၊ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊ AA ၊ TNLA တို့နဲ့အတူ “၁၀၂၇ စစ်ဆင်ရေး”မှာ ရပ်စောက်မြို့နယ် တဝိုက်တွင် လှုပ်ရှားတိုက်ခိုက်ခဲ့ပါတယ်။

DPLA/DPLF

အလားတူ ဓနုလက်နက်ကိုင် အင်အားစု တစ်ခုမှာ သျှမ်းပြည်တောင်ပိုင်းအတွင်း စုဖွဲ့လေ့ကျင့်ခဲ့တဲ့ ဓနု PDF ပဲ ဖြစ်ပါတယ်။ ဓနုPDF တပ်ရင်း ၁၀၀၃ ဟာ ၂၀၂၂ ခုနှစ် မေလ၊ ဇွန်လ အတွင်း ရွာငံမြို့နယ်နဲ့ သာစည်မြို့နယ် အစပ်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ သူလျှို ဒလန် ရှင်းလင်းခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။

ရွာငံမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဓနုလူငယ်အဖွဲ့တွေ ဖွဲ့စည်းထားတဲ့ PDF တွေရဲ့ တိုက်ခိုက်လာမှုကို စိုးရိမ်ထိတ်လန့်မှု ရှိနေပါတယ်။

ဒါ့ကြောင့် PDF နဲ့ ချိတ်ဆက်မှုတွေ ရှိတယ်ဆိုပြီး ဒေါ်ငယ်ရဲ့ အမျိုးသားနဲ့ သားကြီးကို ဖမ်းဆီးပြီးနောက်မှာ ကျေးရွာဒေသခံတွေဟာ ဒေါ်ငယ်ကို ခေါ်ပြောရမှာ ကြောက်နေကြပြီး၊ ဒေါ်ငယ်နဲ့ စကားပြောရင်တောင် စစ်သားတွေရဲ့ ရိုက်နှက်မှုခံရမှာကို စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ရှာနေတဲ့ သားနှစ်ယောက်ကို မရမချင်း စစ်သားတွေက ဒေါ်ငယ်ရဲ့ နေအိမ်ကို တစ်လ နှစ်ကြိမ် လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။

ဒေါ်ငယ်နည်းတူ စစ်ကောင်စီရဲ့ ဒဏ်ကြောင့် ရွာငံမြို့နယ် ကျေးရွာမှာနေထိုင်တဲ့ မယု တစ်ယောက်လည်း စိတ်သောက ရောက်နေပါတယ်။

မယုရဲ့ အမျိုးသားကိုလည်း PDF ထောက်ပံ့မှုဆိုတဲ့ စွပ်စွဲမှုကြောင့် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နေအိမ်ကိုပါ ချိတ်ပိတ်လိုက်တဲ့အတွက် လက်ရှိမှာတော့ မယုတစ်ယောက် ကလေး နှစ်ယောက်နဲ့ ခက်ခဲစွာ ဖြတ်သန်း နေရပါတယ်။

စစ်ကောင်စီ

အာဏာမသိမ်းခင်က မယုတို့ မိသားစုဟာ လက်ဖက်လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ နေအိမ်ချိတ်ပိတ်မှုကြောင့် နေစရာအိမ် မရှိတော့ဘဲ ရွာသူကြီးရဲ့ နေအိမ်မှာ ကလေးနှစ်ယောက်နဲ့အတူ ကပ်နေရတဲ့ဘဝကို ရောက်ရှိသွားပါတယ်။

“ကျမရဲ့ ယောကျ်ားကို ဖမ်းသွားပြီး ထောင်ချတယ်။ နေအိမ်ကို ချိတ်ပိတ်ပြီးတာတောင် အခုထိ ကျမတို့ သားအမိ နေတဲ့အိမ်ကို ထပ်လာပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်သေးတယ်။ ကြာလာတော့ စိတ်တွေညစ်တယ်။ စိတ်ရော လူရော မလုံခြုံဘူး” လို့ မယုက စိတ်ပျက်လက်ပျက်နဲ့ ပြောလာပါတယ်။

မယုတစ်ယောက် ထောင်ကျနေတဲ့ အမျိုးသားဆီ တစ်လ တစ်ကြိမ် ထောင်ဝင်စာ သွားကြည့်ဖို့အတွက် ရုန်းကန် ရှာဖွေရသကဲ့သို့ ကလေး နှစ်ယောက်အတွက်လည်း ရုန်းကန်နေရတဲ့ကြား ကျေးရွာက ပြည်သူတွေရဲ့ ထိကပါး ရိကပါး ပြောဆိုမှုကြောင့် ထွက်ပြေးချင်စိတ် ဖြစ်ကြောင်းလည်း ငိုမဲ့မဲ့အသံဖြင့် ပြောလာပါတယ်။

“ယောကျ်ားထောင်ဝင်စာကြည့်ဖို့က တစ်ဖက်၊ ကလေးတွေ စားသောက်ဖို့က တစ်ဖက်၊ ဒီကြားထဲ အရက်သမားတွေ ပတ်ဝန်းကျင်ကလည်း ရိသဲ့သဲ့ ပြောဆိုသံတွေက ကြားရပြန်တယ်။ ဒီလို အဆင်မပြေချိန်မှာ ထွက်ပြေးချင်စိတ်ဖြစ်တယ်”လို့ မယုက စိတ်အားငယ်စွာ ဆိုပြန်ပါတယ်။

လက်ရှိ မယုနဲ့ ဒေါ်ငယ်တို့ရဲ့ အမျိုးသားတွေကို စစ်ကောင်စီက PDF နဲ့ ချိတ်ဆက်မှုလို့ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြပေမယ့် ပတ်ဝန်းကျင်မှာတော့ ဒုစရိုက်ပြစ်မှု ကျူးလွန်တဲ့လူတွေလို သံသယ မျက်လုံးဖြင့် ကြည့်ခြင်းကိုလည်း ခံနေရပါတယ်။

“ဘယ်ဘဝက ဝဋ်ကြွေးလည်း မသိတော့ဘူး။ ပတ်ဝန်းကျင်က ပစ်ပယ်ထားလိုက်၊ စစ်သားတွေ ရဲတွေကလည်း ခဏခဏ လာခြိမ်းခြောက်လိုက်နဲ့ လူ့လောကကြီးမှာ မနေချင်တော့ဘူး။ သေလို့ ရရင် အမြန်သေချင်တယ်” လို့ ဒေါ်ငယ်တစ်ယောက် မျက်နှာကို ခြုံထည်တဘက် အုပ်ရင်း ငိုကြွေးပြီး ပြောဆိုလာပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ အပါအဝင် ကျားမ အခြေပြု အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း (၅၀၀)နီးပါး ရှိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ မှတ်တမ်းများအရ သိရပါတယ်။

ကျားမ အခြေပြု အကြမ်းဖက်မှုတွေမှာတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာနှင့် နှုတ်ဖြင့် အကြမ်းဖက်မှုများ ပါဝင်ပါတယ်။

ရွာငံမြို့နယ်မှာတော့ စစ်တပ် အာဏာမသိမ်းခင်ကတည်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကိစ္စတွေဟာ လျစ်လျူရှုခံထားရပြီး လက်ရှိ စစ်အာဏာရှင် လက်ထက်မှာတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အခြေအနေက ပိုပြီး ဆိုးရွားလာပါတော့တယ်။

“အရင်ကတည်းက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုက အရေးမယူနိုင်ခဲ့တာ။ အခုဆိုရင် ပိုဆိုးတယ်၊ ပိုပြီးတော့ ကျူးလွန်လာတာတွေ့ရတယ်”လို့ ဓနုလူငယ်အရေး တက်ကြွလှုပ်ရှားသူ မဆောင်းက ပြောသည်။

ဓနုဒေသမှာ အဘက်ဘက် အားနည်းတဲ့ကြား အမျိုးသမီးအရေးက ပိုပြီး အားနည်းကြောင်း၊ အချို့အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာကို ဓမ္မတာ ဖြစ်မြဲဖြစ်လေ့ဟု ခံယူထားကြကြောင်း မဆောင်း က ထောက်ပြပြောဆိုပါတယ်။

“အကြမ်းဖက်ခံနေရမှန်း သိပေမယ့် ဘယ်ကို တိုင်ကြားလို့ တိုင်ရမှန်းလည်း မသိကြဘူး။ အခုဆို စစ်တပ်ကပါ အကြမ်းဖက်တာတွေ လုပ်နေတော့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့ စိတ်ဒဏ်ရာတွေက ထပ်ဆင့်ဆိုသလို ရနေကြတယ်။ အဓိကတော့ ဥပဒေစိုးမိုးမှု မရှိတော့ လူ့အဖွဲ့အစည်းကလည်း အာဏာကို အသုံးချပြီး အကြမ်းဖက်မှုတွေ လုပ်လာကြတယ်လို့ မြင်တယ်”လို့ မဆောင်းက တောင်းဆိုလိုက်ပါတယ်။

လက်ရှိမှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သတ်ပြီး စစ်တမ်းကောက်ယူမှု၊ မှတ်တမ်းအဖြစ်သာ ထားရှိနိုင်ပေမယ့် နောင်တချိန်မှာတော့ တရားမျှတမှု ပြန်ရအောင် ဆောင်ရွက်သွားမည်ဟု မဆောင်း က ပြောဆိုလိုက်သည်။

ဒီလို အဘက်ဘက်က အားနည်းနေတဲ့ အရပ်ဒေသမှာ ခက်ခဲကြမ်းတမ်းစွာ ရှင်သန်နေကြတဲ့ မယုနဲ့ ဒေါ်ငယ်တို့လည်း အရာရာကို ကြိတ်မှိတ်ခံရုံမှတပါး ခေတ်ကာလ အခြေအနေ ကောင်းလာဖို့ကိုသာ စောင့်ဆိုင်းနေရပါတယ်။

အသက် ၆၀ အရွယ်ရှိပြီး၊ ကျန်းမာရေး တစ်ချက်တစ်ချက် ထထဖောက်လာတဲ့ ဒေါ်ငယ်ကတော့ “မိသားစု စုံစုံလင်လင် ထမင်းဝိုင်းမျိုး မသေခင် စားခွင့်ရချင်တယ်” လို့ မျက်ရည်သုတ်ပြီး ပြောလာပါတယ်။

ဒါ့ကြောင့် ဒေါ်ငယ်တို့ မိသားစု အမြန်ဆုံး ပြန်လည်ဆုံဆည်းရဖို့၊ တရားမျှတမှု အမြန်ရရှိဖို့နဲ့ အကြောက်တရား ဘဝကနေ လွတ်မြောက်ဖို့ ဘုရားမှတပါး ဘယ်သူမှ မသိနိုင်ဘဲ ကူကယ်သူ မဲ့နေတာကြောင့် နေ့စဉ်နဲ့အမျှ ဆုတောင်းနေရုံက လွဲပြီး တခြားဘာမှ မတတ်စွမ်းနိုင်တော့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ရွာငံ နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံပျက်

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြို့ကြီးကျေးရွာ အုပ်စု ဆည်ကျေးရွာတွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ရေများဝင်ရောက်ကာ ကောက်ပဲသီးနှံများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၇)နှင့် (၂၈)ရက်နေ့တွင် ရွာငံမြို့နယ် အပါအဝင် သျှမ်းတောင် တွင်မိုးများ နှစ်ရက်ဆက်တိုက် ရွာသွန်းမှုကြောင့် တောင်ပေါ်မှ ရေများသည် ရွာငံမြို့နယ်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...