အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး)မှ ဘွဲ့လက်မှတ် Notary (သက်သေခံချက်) ပြုလုပ်ပေးသူများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
မတ်လ ၄ ရက်တွင် ဒူဘိုင်းမြို့ရှိ The Data Flow Group Company မှ ကေဇင်ထွန်း၏ ပညာဆက်လက် သင်ကြားရန် လျှောက်ထားမှုနှင် ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်အား အတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် (မန္တလေး) သို့ အကြောင်းကြားလာခဲ့သည်ဟု ထုတ်ပြန်၌ ဖော်ပြသည်။
ထိုသို့ အကြောင်းကြားပြီး စိစစ်ခဲ့ရာ NUG လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး) မှ ထုတ်ပေးသည့် ယာယီဆေးပညာဘွဲ့လက်မှတ် (အတု) ဖြစ်နေကြောင်း ဆိုသည်။
ကေဇင်ထွန်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆေးတက္ကသိုလ် (မန္တလေး)၌ ပညာသင်ကြားခဲ့ပြီး ကလေးဆေးရုံကြီး (မန္တလေး) နှင့် မန္တလေးဗဟိုအမျိုးသမီး ဆေးရုံကြီးတို့တွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
၂၀၂၀ ခုနှစ်တွင် ဆေးတက္ကသိုလ် (မန္တလေး) မှ ဆေးပညာဘွဲ့ လက်မှတ်ရရှိခဲ့ပြီး ဆက်လက်ဝာာဝန် ထမ်းဆောင်ခဲ့ခြင်းမရှိဘဲ ပြည်ပသို့ တရားမဝင်ထွက်သွားခဲ့ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် NUG လက်အောက်ခံ တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)မှ ပေးအပ်သော ဘွဲ့လက်မှတ်ဖြင့် ဒူဘိုင်းမြို့တွင် ဆက်လက်ပညာသင်ရန် တရားမဝင်လျှောက်ထားခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာယီဆေးပညာဘွဲ့လက်မှတ်များ ပြုလုပ်ပေးခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ရွှေပြည်အောင် Notary ဆိုင်ပိုင်ရှင် ရှေ့နေလှဝင်း၊ လပြည့်ဝန်း Notary ဆိုင်ပိုင်ရှင် ဇာနည်လွင် (ခ) လပြည့်နှင့် နိုင်ငံခြားရေးဝန်းကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန၊ Notary ဌာနစိတ် (ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး အောင်ကျော်မိုးတို့ ၃ ဦးကို မတ်လ ၅ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆိုသည်။
ထို့ပြင် Notary ဌာနစိတ် (ရန်ကုန်)မှ ရုံးအုပ်များဖြစ်ကြသော နိုင်နိုင်လတ်နှင့် မောင်မောင်ချစ်စန်းဦး၊ ကျောက်တံတားမြို့နယ်ရှိ အောင် Notary ဆိုင်ပိုင်ရှင် အေးသီတာနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ Angel Online Notary Service လုပ်ကိုင်သူ အိလဲ့လဲ့ထွန်းတို့ ၄ ဦးကို မတ်လ ၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အလားတူ ကေဇင်ထွန်းကို Black List (အမည်မည်းစာရင်း) ရေးသွင်း၍ ဖော်ထုတ်ဖမ်းဆီးကာ အရေးယူသွားမည်ဖြစ်သကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသူ ပွဲစား ခိုင်ခိုင်ကိုလည်း ရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။












Leave a Comments