သျှမ်းပြည် တောင်ကြီး-ညောင်ရွှေ မြို့နယ်အစပ် တောင်လေးလုံးတွင် တိုးဂိတ်အသစ် ထပ်မံဖွင့်လှစ်ကာ အနီးရှိ ဒေသခံများကို ငွေကောက်ခံခြင်းကြောင့် ဖြတ်သန်းသွားလာရန် ငွေကြေးပိုမို ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။
သျှမ်းပြည် တောင်ကြီးမြို့နယ် ရွှေညောင်မြို့တွင် ဖွင့်လှစ်ထားသည့် အောင်သပြေတိုးဂိတ်ကို ပိတ်သိမ်းခဲ့ပြီး ယခုနှစ် ၂၀၂၅ မတ်လ (၁) ရက်မှ စတင်ကာ တောင်လေးလုံး အဝင်သို့ ဂိတ်ပြောင်းရွှေ့ဖွင့်လှစ်၍ မြို့ဝင်ကြေးနှင့် လမ်းအသုံးပြုခများ ကောက်ခံနေကြောင်း ရွှေညောင်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အောင်သပြေဂိတ်ကို ပိတ်ပြီးတော့ ဒီတောင်လေးလုံးဘက်ကို ပြောင်းဖွင့်ထားတာ။ အသွားတုန်းက ၃၀၀ ကောက်တယ် ပြေစာပြလည်းမရဘူး။ ခဏနေပြန်လာတော့ ၆၀၀ ကောက်တယ်၊ ဘီးလှိမ့်ခွန် ပါလို့ ၆၀၀ ပြောပြီး ထပ်ကောက်တယ်၊ ကျနော်တို့ နယ်ခံတွေအတွက် အဆင်မပြေဘူး”ဟု ရွှေညောင်မြို့ ဒေသခံအမျိုးသားတစ်ဦး ပြောသည်။
ယခုကဲ့သို့ တောင်လေးလုံးသို့ ပြောင်းရွှေ့ဖွင့်လှစ်ပြီး ဒေသခံများထံ မြို့ဝင်ကြေး နှင့် လမ်းဖြတ်သန်းခ ကောက်ခံခြင်းကြောင့် ဒေသခံများအတွက် အပိုကုန်ကျငွေ ထပ်မံဖြစ်ပေါ်စေပြီး အခက်အခဲဖြစ်နေကြောင်း ရွှေညောင်မြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။
“အဓိက ကတော့ တောင်လေးလုံးမှာ နေတဲ့သူတွေနဲ့ ရွှေညောင်မှာ နေတဲ့သူတွေအတွက် အဆင်မပြေ ဖြစ်စေတာ။ မြို့ဝင်ကြေး၊ ဘီးခွန်ဆိုတာက မဖြစ်သင့်ဘူး နီးနီးနားနား သွားလာနေရပြီး ဒီလမ်းသုံးနေရတာလေ။ တောင်လေးလုံး ကနေ ရွှေညောင်ကို ဈေးလာသုံးတဲ့လူတွေ၊ ကလေးကျောင်း ကြို/ပို့ လုပ်ရတဲ့သူတွေဆို ပိုပြီးအကုန်အကျများပါ”ဟု ၎င်းကပြောသည်။
ရွှေညောင်နှင့် တောင်လေးလုံး၌ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများကို နယ်ခံများအတွက် အဆင်ပြေအောင် တိုးဂိတ် တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ကူညီဆောင်ရွက်ပေးရန် တောင်းဆိုနေကြကြောင်း ရွှေညောင်ဒေသခံများထံမှ သိရသည်။
ယခင်ကာလတွင်လည်း ရွှေညောင်မြို့ အောင်သပြေတိုးဂိတ်တွင် ဒေသခံများကို မြို့ဝင်ကြေးနှင့် လမ်းအသုံးပြုခ ကောက်ခံခြင်းကြောင့် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ဖူးခြင်းကြောင့် လက်ရှိ တောင်လေးလုံးတိုးဂိတ်တွင် လုံခြုံရေး တင်းကြပ်မှုပုံစံ ဖြစ်နေကြောင်း ၎င်းကဆက်ပြောသည်။












Leave a Comments