ဆိုက်ဘာလုံခြုံရေး ဉပဒေ ကြောင့် အွန်လိုင်းလုပ်ကိုင်သူအတွက် ပိုခက်ခဲလာ

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ဇန်နဝါရီ (၁) ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်အော်ပရေတာများ၏ ဖုန်းဒေတာဖြင့် အသုံးပြုသည့် အင်တာနက်မြန်နှုန်းမှာ နှေးကွေးပြီး ဆိုရှယ်မီဒီယာ လူမှုကွန်ယက်များ အသုံးပြုရန် VPN ချိတ်ဆက်ရာ၌ ပိုမိုခက်ခဲလာကြောင်း ဒေသနေ လူငယ်များက ပြောသည်။

စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေမှာ လူထုကို သတင်းအမှောင်ချပြီး နိုင်ငံသားများ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန်နှင့် VPN အသုံးပြုသူများကို ဖမ်းဆီးရန်သာ လုပ်ဆောင်သည့်သဘောဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေး ဥပဒေထဲတွင် ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ဗွီပီအန် (VPN) ထူထောင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း၊ အီလက်ထရွန်နစ် နည်းပညာအသုံးပြုပြီး အလွဲသုံးစား ပြုလုပ်ခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းတို့အတွက် ထောင်ဒဏ်နှင့် ငွေဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ဖုန်းဒေတာ အသုံးပြု၍ သက်ဆိုင်ရာ အက်ပလီကေးရှင်းများမှတဆင့် အွန်လိုင်းငွေပေးချေမှုများ ပြုလုပ်ရာတွင်လည်း နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရသည်အထိ အင်တာနက်အသုံးပြုမှု နှေးကွေးလာခြင်း အခက်အခဲများကို ဒေသခံများထံ သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းခွမ်မိန်းမှ ဆက်သွယ်မေးမြန်းထားသည်။

နန်းစံခမ်း (အွန်လိုင်းပစ္စည်းရောင်းဝယ်သူ)

ဒီနှစ်မှာ စီးပွားရေးကောင်းလာမယ်လို့ ထင်ထားတာ၊ ဒီ VPN ကြောင့် ဘာလုပ်လုပ် အဆင်မပြေတော့ဘူး။ နှစ်စတုန်းက Tik Tok ဝင်လို့မရတာ၊ ဖေ့စ်ဘုတ် Facebook မှာ ဘာမှမမြင်ရတာ ၃ ရက်၊ ၄ ရက်ဖြစ်တယ်။ ညီမ အွန်လိုင်းမှာ ဈေးရောင်းတော့ ပုံတွေ ဗွီဒီယိုတွေ တင်ရတယ်၊ အဲ့တာ VPN မချိတ်ရင် ဘယ်လိုမှ လုပ်လို့မရဘူး။

ကိုယ့်ဆီဝယ်ချင်တဲ့သူ စာပို့လာရင်လည်း နောက်ကျမှ ရောက်တယ်၊ Reply ပြန်တာနောက်ကျရင်လည်း ဈေးဝယ်ကို အလေးမထားသလို ဖြစ်တော့ စိတ်ထဲတော့ မကောင်းဘူးပေါ့။ နောက်ပြီး ပစ္စည်းမှာထားတာ၊ ပစ္စည်းရောက်တာတို့ဆိုရင် ကတ်စတန်မာ Customers ကို ချက်ချင်းမပို့နိုင်ဘူး။ လိုင်းမရတာနဲ့၊ Wifi နဲ့သုံးလည်း VPN မချိတ်တာနဲ့ မျိုးစုံပဲ။ အခုဆို Wechat မဟုတ်ရင်လည်း တစ်တော့ Tik Tok နဲ့ တယ်လီဂရမ်မှာ စကားပြောမှ ရတယ်။ Viber ကတော့ တချို့လည်းသုံးတယ်။

အရင်က ပစ္စည်းရောင်းရင် အွန်လိုင်းမှာ Facebook မဟုတ်ရင် Tik Tok မှာ ညဆို Live လွှင့်ပြီး ရောင်းတယ်၊ အခုကျတော့ လိုင်းအခြေအနေနဲ့ အရင်လို ပုံမှန်မလုပ်နိုင်တော့ အော်ဒါရတာ နည်းလာတယ်။ Live လွှင့်တဲ့အချိန်လည်း လိုင်းကျတာ၊ VPN ပြုတ်သွားတာဆိုရင် ကိုယ်က ကြော်ငြာနေရင်းတန်းလန်း ဘာမှ ဆက်လုပ်လို့ မရဘူး။ ဝယ်ထားတဲ့ ပစ္စည်းလည်း ဂိုထောင်ထဲမှာ ကြာနေတာမျိုး ဖြစ်တယ်၊ ရောင်းအားကတော့ အရင်ထက် ကျတာပေါ့။

Online Shopping ဆိုတော့ လိုင်းကောင်းမှပဲ အလုပ်ဖြစ်တာလေနော်၊ ကိုယ်က ကြော်ငြာချင်ရင်တောင် လိုင်းမကောင်းတော့ ပုံမတင်နိုင်ဘူး။ မနှစ်ကလည်း အွန်လိုင်းရောင်းတဲ့လူ လိုင်စင်လျှောက်ရမယ်၊ မဟုတ်ရင် အိမ်တိုင်ရာရောက် ဖမ်းမယ်ဆိုတာမျိုး လုပ်သေးတာ။ အခုအဲ့တာ ငြိမ်သွားတော့ ဆိုက်ဘာ Law ဆိုပြီး ထပ်လာတယ်။ တချို့လည်း VPN ဝယ်သုံးရမယ်လို့ ပြောနေတယ်။

နန်းနဒီ (တောင်ကြီးဒေသခံ ကျောင်းသူတစ်ဦး)

ကိုယ့်ဖုန်းနဲ့ အင်တာနက်သုံးရင်း နှစ်စမှာ လိုင်းက တဖြည်းဖြည်း နှေးလာတယ်။ အစက ပုံမှန်လို့ပဲထင်တာ၊ အိမ်မှာ Wifi လည်းရှိတော့ ဖုန်းလိုင်းအဆင်မပြေရင် ဝိုင်ဖိုင်နဲ့ ချိတ်သုံးတယ်။ အဲ့တာလည်း ပုံမမြင်ရတာ၊ နှေးတာ ဖြစ်နေတုန်းပဲ။ Wifi က ဈေးဘယ်လောက်တန်ယူထားယူထား YouTube လည်း ကြည့်လို့မရဘူး။

VPN အခက်အခဲကတော့ လိုင်းဆွဲအားနဲ့ မဆိုင်ဘူးလို့ ထင်တာပဲ။ ဒီရက်ပိုင်းကျတော့ VPN အခက်အခဲကြောင့် Tik Tok မှာပဲ ဝင်ကြည့်တယ်။ သတင်းတို့ ဇာတ်လမ်းတို့ ကြည့်ချင်ရင်ကြတော့ တယ်လီဂရမ် ဝင်ရတယ်။ အဲ့မှာလည်း တချို့ဟာ မက်ဂါဘိုက်များတော့ မတတ်နိုင်ဘူး၊ အင်တာနက်လိုင်းကသာ မကောင်းတာ ပေးရတဲ့ ပက်ကေ့ချ်က ဈေးမလျော့ဘူးလေ။

အွန်လိုင်းအတန်းတွေလည်း ၂ ပတ်လောက် ပိတ်ထားတာ ရှိတယ်၊ ဆရာဘက် လိုင်းမကောင်းလိုက် တပည့်ဘက် လိုင်းမကောင်းလိုက်ဆိုတော့ အတန်းလည်း အဆင်မပြေဘူး။ Zoom ဝင်ရင်လည်း VPN ချိတ်သုံးရတော့ ဖုန်းဟန်းသလိုဖြစ်တာ၊ တခါတလေ လိုင်းပဲ မကောင်းတာလား ကိုယ့်ဖုန်းပဲ စက်လေးနေတာလား ခနခနဖြစ်တယ်။

ဆရာမ အိမ်စာပေးရင်လည်း ဓာတ်ပုံရိုက်ပြီးတော့ ထပ်လိုက်တာ၊ နောက်ရက်ကျ မရောက်ဘူးလို့ ဆရာမပြန်ပြောတာ အဲ့လိုလည်းဖြစ်တယ်။ လိုင်းဖွင့်တဲ့အချိန် VPN မိရင် ဂရုချက်ဆို မက်ဆေ့အများကြီးဝင်တော့ ဖုန်းက အလုပ်မလုပ်တော့ဘူး။ အရင်လက Tik Tok မှာ ပုံတင်လို့ဆိုပြီး ပန်းလှိုင်ဆေးရုံမှာ အဖမ်းခံရတယ်လို့လည်း ကြားတယ်၊ အကောင့်ထဲ ဝင်ကြည့်တော့ စစ်သားဝတ်စုံ ဝတ်ထားတာတွေ့လို့ ဖမ်းတာတဲ့။ အပြင်သွားရင်တော့ စစ်ခံရမှာစိုးလို့ ဖုန်းမယူရဲဘူး၊ လမ်းမှာ VPN စစ်တယ်လို့လည်း ပြောတယ်။

စိုင်းလိန်ခမ်း (တာချီလိတ်ဒေသခံ လူငယ်တစ်ဦး)

ဒီတခါ VPN တွေ ပိတ်လိုက်တာ တော်တော်ဆိုးတယ်၊ ဖေ့စ်ဘုတ်ဆိုရင် ဘယ်လိုဝင်ကြည့်ကြည့် ဘာမှမတက်ဘူး။ ကိုယ့်ဖုန်းဒေတာနဲ့ ဘာပဲတင်တင် မရဘူး။ စာပို့တာလည်း မရ၊ အသံနားထောင်တာလည်း မရ အဲ့လိုဖြစ်တာ။ တယ်လီဂရမ်တို့၊ Viber တို့ဆိုရင်လည်း အကြာကြီးနေမှ စာပို့လို့ရတာမျိုး ဖြစ်တယ်။

ဖုန်းဒေတာနဲ့ကတော့ ဘာပက်ကေ့ချ်ပဲသုံးသုံး အဝိုင်းလည်ပြီး နှေးတာပဲ။ ငွေလွှဲငွေထုတ်နဲ့ ကိုယ့်ဖုန်းဘေလ် ပြန်ထည့်တာတောင် ကြာတာ။ ပုံမှန် ဖေ့စ်ဘုတ်နဲ့ သတင်းကြည့်တာ အသစ်ဆို အခုဘာမှမမြင်ရဘူး။ ဆိုရှယ်မီဒီယာကို ကန့်သတ်တာတင် မဟုတ်ဘူး၊ ပေးမသုံးစေချင်တာမျိုး ဖြစ်နေတယ်။ VPN က ပြောင်းသုံးလည်း တစ်ခုမှ မချိတ်တော့ဘူး။

တချို့လည်း VPN ကို လပေးနဲ့ ဝယ်ပြီး စမ်းသုံးကြည့်တာရှိတယ်၊ တစ်လကို သုံးထောင်၊ ငါးထောင်၊ တစ်သောင်း အမြန်နှုန်းပေါ် မူတည်ပြီး အမျိုးမျိုးရှိတယ် ရွေးလို့ရတယ်။ အဲ့တာမျိုးတော့ သိပ်မဆိုးဘူး ပြောရမှာ၊ လိုင်းသုံးရတာ ငြိမ်တယ် စိတ်မရှုပ်ဘူး အဲ့တာ။ တချို့လည်း လိမ်ရောင်းတဲ့ App အတုတွေနဲ့ တိုးပြီး download လုပ်ထားရင်တော့လည်း ပိုက်ဆံရှုံးတာပေါ့။

တာချီလိတ်ဘက်မှာ တချို့လည်း ထိုင်းဘက်က လိုင်းမိတဲ့နေရာဆို ထိုင်းဆင်းမ်ကတ် ဝယ်သုံးကြတယ်၊ တချို့အိမ်လည်း ဝိုင်ဖိုင်နဲ့ကျတော့ အဆင်ပြေတယ်။ သျှမ်းမြောက်ဘက် ဖုန်းလိုင်းပိတ်ခံရတဲ့နေရာဆို အင်တာနက်သုံးလို့ရအောင် Star Link စတားလင့်စက် မှာဝယ်ကြတာရှိတယ်။ စတားလင့်နဲ့ အင်တာနက်သုံးရင်ကျတော့ VPN မလိုဘူး၊ ကျနော်တို့ ဒီကနေ ပို့ပေးပြီးတော့ လစဉ်ကြေး ပြန်ထည့်ပေးတာမျိုး ကော်မရှင်စားနဲ့ပေါ့ အဆင်ပြေအောင် လုပ်ပေးတာ ရှိတယ်။

မသီရိ (IT နည်းပညာကျွမ်းကျင်ပညာရှင်)

ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေဆိုတာကလေ စကစ ဘက်က ရေးဆွဲခဲ့တာတော့ မဟုတ်ဘူးပေါ့။ အရင်တုန်းကတည်းက NLD လက်ထက်ကတည်းကိုက ဆိုက်ဘာလုံခြုံရေးဆိုပြီးတော့ ဒီဟာကို သူတို့ရေးဆွဲနေကြတာ။ အဲ့ဒီတုန်းက ပုံစံလိုမျိုး အများကြီး ပြန်ပါလာတာမျိုး သူတို့ဥပဒေကို ဖတ်ကြည့်တဲ့အခါမှာ အဲ့လိုတွေ့ရတယ်ပေါ့။

ဆိုက်ဘာလုံခြုံရေး

အဓိက ဘာလဲဆိုရင် အွန်လိုင်းပေါ်ကနေပြီးတော့ အမုန်းစကား ပြောတာတွေ၊ အွန်လိုင်းပေါ်ကနေ Attack လုပ်ခံရတာတွေ ဒါတွေကို ကာကွယ်အောင်လို့သာ ပြောပေမယ့် အဓိက အထဲမှာ ဘာတွေပါလဲဆိုရင် ပွင့်ပွင့်လင်းလင်း အနှစ်ချုပ်ပြောရရင် ငါ့ကိုမကျေနပ်ဘူး၊ အွန်လိုင်းပေါ်ကနေ နင်ငါ့ကို အတင်းပြောတယ်။ ဆိုက်ဘာလုံခြုံရေး Cyber Security ဥပဒေနဲ့ ပြန်ပြီး တရားစွဲဆိုလိုက်မယ်ဆိုတဲ့ သဘောမျိုးနဲ့ပဲ လုပ်တာပေါ့နော်၊ အဲ့တာတွေပါတယ်။

ဒါပေမယ့် အဲ့တာကို ဥပဒေနဲ့ အားနည်းချက်လို့ပဲ ပြောရမှာပေါ့၊ ဥပဒေထဲမှာကို အများကြီး ပြန်ပြီးတော့ စစ်ရမယ် ကြည့်ရမယ်။ ဥပမာဆိုရင် သူတို့ပြောတဲ့ အီလက်ထရောနစ်ဥပဒေက ခွင့်ပြုချက်မရှိဘဲ ရယူမှု ပေးပို့မှု ဆိုတဲ့ဟာက ဒါတွေအကုန်လုံးပါပြီ။ အခု ပိုစ့် Post တွေ တင်တယ်၊ သူတို့ Black List ထည့်ထားတဲ့ ပေ့ချ် Page တွေ၊ သတင်းဌာနတွေရဲ့ ပို့စ်တွေကို ကိုယ်တွေက Share ရှယ်လိုက်ရင် ရှယ်တယ်၊ ကောမန့်ပေးတယ်။ အဲ့တာက ဘာလဲဆိုရင် အဲ့ဒီ ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ သွားငြိတယ်။ ကိုယ်တွေက အဲ့တာတောင် လုပ်ခွင့်မရှိဘူး။

လုံးဝ ဒီအွန်လိုင်းနဲ့ ပတ်သက်ပြီးတော့ အွန်လိုင်းပေါ်မှာ သတင်းအချက်အလက်တွေ ထုတ်ဖော်ပြောဆိုခွင့် ဘာမှ မရတော့တဲ့ အနေအထားမျိုး ဖြစ်သွားမယ်။ ပြည့်ပြည့်စုံစုံဆိုရင် နောက်တစ်ခုက အဓိကကျတော့ Digital Platform ဝန်ဆောင်မှုလုပ်ငန်း ဆိုတဲ့ဟာက VPN တွေကို ပြောချင်တာ၊ သူတို့အဲ့ဟာတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်နေတာ ပါနိုင်တယ် လုပ်လည်း လုပ်နေတယ်။

ထပ်ပြီးတော့ ခုနက ပြောတဲ့ သတင်းအချက်အလက်တွေ အကုန်ပါပြီးသား ဒါတွေရှိမယ်။ ဥပဒေကို ဖတ်ကြည့်လိုက်ရင် အဓိက သူတို့ဘာတွေလုပ်လို့ရနိုင်မလဲပေါ့။ အရင်တုန်းက ပုဒ်မ ၆၆ (ဃ) ကို ပြောသလို ပုံစံမျိုးအနေနဲ့ပဲ လုပ်တာ၊ အခုဆိုရင် ဥပဒေထုတ်လာပြီဆိုတော့ ပိုဆိုးသွားပြီ။ အဓိက လူတွေကို ပိုပြီးတော့ ကြပ်လိုက်တဲ့ သဘောပါ။

ဥပဒေထဲမှာ ဖတ်ကြည့်ရတာဆိုရင် ကွန်ပျူတာတွေကိုပါ စစ်ဆေးနိုင်ခွင့်၊ ကွန်ပျူတာတွေမှာပါ တွေ့တယ်ဆိုရင် ဖြစ်တယ်ပေါ့နော်။ App တွေသုံးတာကော၊ ကွန်ပျူတာတွေ သုံးတာကော အမုန်းစကား ဖြန့်တာတွေကော စသဖြင့် ဒါတွေအကုန်ပါတယ်။ ဥပမာ – ကြည့်ရှုခြင်း မသင့်ဘူး ဘယ်လိုမျိုးဖြစ်တယ် အဲ့လိုဟာမျိုးတွေပေါ့နော်၊ အဲ့တာတွေက အရင်ကတည်းက ထည့်ထားပြီးသားဆိုတော့ ပြဿနာတော့ မရှိဘူး။

ဆိုက်ဘာလုံခြုံရေး

အဓိက သူတို့က အမုန်းစကားကို ထည့်ပြီးပြောတယ်ပေါ့နော်။ သတင်းတု သတင်းမှားတောင် မဟုတ်ဘူး၊ အမုန်းစကားတွေ ပြောတာနဲ့တင်တောင်မှ သူတို့က ရစ်နိုင်တယ်။ သဘောမှာ ကိုယ်က မအလ ကို ဆဲလိုက်တယ်၊ ဆဲတဲ့ ပိုစ့်ဆိုရင်လည်း ဒါသည် အမုန်းစကားပြောတာပဲဆိုတော့ အဲ့တာသည်လည်း ဒီဆိုက်ဘာလုံခြုံရေး ဥပဒေထဲမှာ အများကြီး ပါတယ်။

ပြီးတော့ ဒီအကြမ်းဖက်မှုကို သူတို့ပြောတယ်ဆိုတာမျိုး ထည့်ထားတော့ အကုန်လုံးပါလာတယ်။ နောက် ကမ်ပိန်း campaign လုပ်တယ်၊ ကိုယ်က ဝင်လုပ်တယ်ဆိုရင် အရင်တုန်းက ဒီတိုင်းဖမ်းတာ။ အခုက ဒီဥပဒေနဲ့ ဖမ်းမယ် ဒါပဲပေါ့ အဲ့လိုသဘောသက်ရောက်တယ်။ အရင်တခေါက်တုန်းကလည်း အွန်လိုင်းပေါ်မှာ ပစ္စည်းတွေ ရောင်းမယ်ဆိုရင်တောင်မှ လိုင်စင်လုပ်ခိုင်းတယ်၊ အဲ့တာတောင်မှ ကြားလိုက်သေးတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...