လမ်းကျဉ်းကျဉ်းထဲတွင် ဖုန်တထောင်းထောင်း ထနေသည့်ကြား ကားများ၊ ဆိုင်ကယ်များ အပြိုင်အဆိုင် မောင်းနှင်းနေသည်။
ဝါးတပြန်စာ အကွာ တွင် ယူနီဖောင်း အဖြူဝတ်ထားသော မော်တော်ယာဉ်ထိန်းရဲနှစ်ဉီးဆီက လာသမျှ ကား၊ဆိုင်ကယ်များထံ စစ်ဆေးပြီး လက်ဖြန့်တောင်းနေသည်။
အနီးအနားတွင်လည်း ညစ်ပတ်သော အဝတ်အစားကို ဝတ်ဆင်တဲ့ အရွယ်ကောင်း အသက် ၄၀ ဝန်းကျင်ရှိ လူ၊ အသက် ဆယ်ကျော်သက်လူငယ် ကလေးငယ်ကလည်း မော်တော်ယာဉ်ထိန်းရဲနဲ့ အပြိုင် လက်ဖြန့်တောင်းရမ်းနေပါသည်။
“ဟင်း.. ဖုန်တွေချည်းပဲ၊ ကားလမ်းတွေကလည်း ကျဉ်း၊ ကားသမားတွေကလည်း စည်းကမ်းမရှိ မောင်းချင်သလို မောင်းနေကြတာ၊ လမ်းဘေးတွေမှာလည်း ကွမ်းတံတွေးတွေ အမှိုက်တွေချည်းပဲ” ဟု ကားထဲကနေ အသက် ၂၅နှစ်အရွယ် နန်းဉီး (အမည်လွှဲ) က တီးတိုးတဲ့ လေသံနဲ့ ပြောထွက်လာသည်။
ထိုနေရာသည် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဖြစ်သည်။ တာချီလိတ်မြို့သည် စစ်အာဏာမသိမ်းခင်က စီးပွားရေးမြို့တော်ဖြစ်ပြီး၊ လူမျိုးပေါင်းစုံ ဒေသပေါင်းစုံက လာရောက်အလုပ်လုပ်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျားဖြန့် ဟု လူသိများသည့် အွန်လိုင်းလောင်းကစားငွေလိမ်လည်သည့် လုပ်ငန်းကြီးထွားလာသည့်မြို့ဖြစ်သည်။
တာချီလိတ်မြို့ကို နန်းဉီး တစ်ယောက် တစ်ကြိမ်တခါမျှ ရောက်ရှိဖူးသူမဟုတ်သကဲ့သို့ မြန်မာ-ထိုင်းနယ်စပ်မြို့ ဖြစ်သည့်အလျောက် အလွန်စည်ကားပြီး ထိုင်းနိုင်ငံနည်းတူ လှပသန့်ရှင်းသောမြို့ဖြစ်မည်ဟု နန်းဉီးတစ်ယောက် တွေးတောခဲ့သည်။
သို့သော် တာချီလိတ်မြို့ကို စတင်ခြေချလိုက်သည့်အခါ “ ထင်ထားတာနဲ့ တခြားစီပဲ။ အစက အဲ့လောက်ထိ အခြေအနေဆိုးမယ်လို့မထင်ဘူး။ အခုတော့ စိတ်ပျက်စရာကြီး” ဟု နန်းဉီးက နှာခေါင်းရှုံ့ပြီး စိတ်ညစ်နေသည်။
ထို့အပြင် ယမန်နှစ် ၂၀၂၄ခုနစ် စက်တင်ဘာလအတွင်း မှာ သျှမ်းပြည်တဝှမ်း ရေကြီးမှုဒဏ်ကို အလူးအလိမ့်ခံခဲ့ရပြီး ထိုအထဲတွင် တာချီလိတ်မြို့လည်း ပါဝင်ခဲ့သည်။
တာချီလိတ်မြို့၏ ပတ်ပတ်လည်တွင် သယံဇာတ တူးဖော်မှုများကြောင့် မကြုံစဖူး ရေကြီးမှုဒဏ် ၁၀ကြိမ်ထက်မက ကြုံခဲ့ရပြီး၊ ရေကြီးမှုနောက်ဆက်တွဲဖြစ်သော ရွှံ့နွံ ဆယ်ခြင်း၊ ပြန်လည်ပြုပြင်ခြင်းကိုလည်း သက်ဆိုင်ရာအာဏာပိုင်များက တာဝန်ယူဖြေရှင်းပေးမှုမရှိကြောင်း တာချီလိတ်မြို့ကို ရောက်သွားချိန် ထင်သာမြင်သာတွေ့ရသည်။
“မယ်ဆိုင်ဘက်တော့ အာဏာပိုင်တွေက ရွှံ့တွေနွံတွေ မရှိ ဖုန်မရှိ ရှင်းလင်းနေတာပဲ။ ဒီမြန်မာဘက်တော့ ဖုန်တလုံးလုံးပဲ။ ဘယ်သူမှလည်း တာဝန်မယူကြဘူး။ မရှင်းပေးဘူး။ ကိုယ့်အိမ်ရှေ့ကိုကိုယ်တိုင်ရှင်းရတာပေါ့” ဟု တာချီလိတ်ဒေသခံ လုံးစိုင်းတစ်(အမည်လွှဲ) ပြောပြသည်။

တာချီလိတ်မြို့သည် လက်ရှိတွင် စစ်အာဏာသိမ်း စစ်ကောင်စီက အုပ်ချုပ်နေသည့်မြို့တစ်မြို့လည်းဖြစ်ပြီး၊ တာချီလိတ်မြို့တွင်းရှိ အစိုးရ ဌာနဆိုင်ရာများလည်း စစ်ကောင်စီ၏ လက်အောက်ခံတွင်သာရှိနေသည်။
ထို့ကြောင့် တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များတွင်လည်း စစ်ကောင်စီက ချုပ်ကိုင်ထားသည်။ ထိုနယ်စပ်ဂိတ်ကို ကြည့်မည်ဆိုလျှင် ထောင်ချီ လူဦးရေသည် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ နေ့စဉ်ဖြတ်သန်းသွားလာနေကြသည်။
ထိုနယ်စပ်ကို ဖြတ်သန်းချိန် ယာယီနိုင်ငံဖြတ်ကျော်ခွင့် တခါသုံးကတ် (၇ရက်ကတ်) ပြုလုပ်ရာတွင် လူမှုဝင်ကြီးကြပ်ရေး ဌာန (လဝက) ကို မြန်မာငွေ ကျပ် ၁ထောင်နှင့် ဘတ် ၂၀ (ကာလပေါက်စျေး မြန်မာငွေ ၂ထောင်ကျော်) ရှိပေးဆောင်ရသည်။
ထို့အပြင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်သွားသည့် သူများထံလည်း တစ်ဉီးလျှင် ဘတ်၁၀၀ ( ကာလပေါက်စျေး မြန်မာငွေ ကျပ် တစ်သောင်းကျော်) ပေးဆောင်ရသည်။

“အဲ့တခါသုံးကတ်နဲ့ ဝင်ထွက်တာ တရက်တရက် မနည်းဘူး။ တော်တော်များတယ်။ တိုးမပေါက်ဘူး။ တန်းစီတာလည်း ကောင်းကောင်းမစီဘူး။ တရက်တရက်ဝင်ငွေရတာတောင် ရေးကြီးပြီး ပြန်လည်ပြုပြင်ရေးဘာမှ မလုပ်ပေးဘူး” ဟု စိုင်းလုံးတစ်က ဆိုသည်။
တာချီလိတ်ဘက်ခြမ်းကနေ ထိုင်းနိုင်ငံမယ်ဆိုင်ဘက်သို့ တခါသုံးကတ်နှင့် ဖြတ်သန်းသွားချိန် စိစစ်မှုမရှိသော်လည်း ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ပြန်ဝင်လာသူများကို ပြစ်မှုကျူးလွန်သူကဲ့သို့ ဆက်ဆံပြီး ငွေညစ်တောင်းယူမှုများ၊ စစ်ဆေးမေးမြန်းမှုများလည်း ရှိသည်။
မြန်မာပြည်သို့ပြန်သည့်အခါ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ထုတ်ပေးသည့် စမတ်ကတ် စာရွက်မပါရှိလျှင် စစ်ဆေးမေးမြန်းမှုတင်းကြပ်နိုင်သည်။
“ မြန်မာပြည်ကို ပြန်ဝင်ရင်တော့ ထိုင်းကို ဘာကြောင့်အကြာကြီးနေတာလဲ၊ ဘာသွားလုပ်တာလဲ၊ စမတ်ကတ်ရှိလား၊ တရားခံစစ်သလိုစစ်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရတဲ့ နန်းဉီးက ဆိုပြန်သည်။
တာချီလိတ်မြို့၏ နောက်ထပ်ထူးခြားမှုသည် စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးလုပ်ငန်း ကုမ္ပဏီကြီးများ မတွေ့ရသော်လည်း ဟိုတယ်အဆောက်အဉီးများ၊ ဆောက်လက်စ အဆောက်အဉီးများလည်း ဝေဝေဆာဆာရှိနေသည်။

“ ဒေသစုံကလူတွေကတော့ လာကြတယ်။ လူတွေကလည်းစုံတယ်။ အလုပ်ကတော့ မယ်မယ်ရရမရှိဘူး။ ဟိုတယ်တွေ ဆောက်လက်စတိုက်တွေ အိမ်ယာတွေကတော့ အများကြီးပဲ။ ဒီမှာဘာလုပ်ကြလဲမေးတော့ အွန်လိုင်းဂိမ်းလို့ပြောကြတယ်” ဟု နန်းဉီးက ကြုံတွေ့ခဲ့တာကို ပြန်ပြောပြပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းဖြစ်ပြီးနောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်ဘက်က ပြည်သူများသည် တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာကြပြီး၊ လူငယ်များသည် အွန်လိုင်းဂိမ်း၊ အွန်လိုင်းလောင်းကစား၊ နှင့် ကျားဖြန့် (အွန်လိုင်းလိမ်လည်မှု)တွင် အဓိက လာရောက်လုပ်ကိုင်ကြကြောင်း လည်း တာချီလိတ်မြို့ခံ စိုင်းလုံးတစ်က လက်ရှိ အခြေအနေကိုပြောပြသည်။
“ ဒီမှာက အွန်လိုင်းလောင်းကစားတွေပဲ၊ စစ်ရှာင်လာတဲ့သူရော နောက်တရုတ်ဘက်ကနေ တရားမဝင်လာတဲ့သူတွေ အများကြီးရော၊ မြန်မာစကားမတက် ရှမ်းစကားမတက်တဲ့ တရုတ်တွေလည်း အများကြီးပဲ။ ဒါတွေက စစ်အာဏာသိမ်း ပြီးနောက်မှာ ပိုဆိုးလာတယ်” ဟု ၎င်းက ပြောသည်။
တာချီလိတ်မြို့ကို မသွားခင်တွင် သမိုင်းအကြောင်း၊ သတင်းဖြစ်ရပ်များကို ရှာကြည့်သည့်အခါ ကောင်းသတင်းထက် ဆိုးသတင်းများသာ ရှိပြီး၊ မကြာခဏ ဓားပြတိုက်မှု၊ပြန်ပေးဆွဲသတင်းများကြောင့် ရင်တထိတ်ထိတ်ဖြင့် သွားရကြောင်းလည်း နန်းဉီး က ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သည် မယ်ဆိုင်ချောင်းသာ ခြားနားပေမယ့် လူနေမှုဘဝ၊ တိုးတက်မှုများကတော့ မိုးနှင့် မြေကွာခြားမှုက သိသာထင်ရှားနေသည်။
မယ်ဆိုင်မြို့တွင် အင်တာနက်လိုင်းကို လွတ်လပ်စွာသုံးစွဲနိုင်သကဲ့သို့ မြန်မာပြည်ဘက်ခြမ်း တာချီလိတ်မြို့တွင် အင်တာနက်သုံးစွဲမှုတွင် လိုင်းမရကာ VPN သုံးစွဲလျှင်လည်း စစ်ဆေးပြီး ဖမ်းဆီးမှုများလည်း ရှိကြောင်း ဒေသခံများက ပြောပြသည်။
“လိုင်းမတက်ဘူးလို့ တွေးနေတာ VPN မှ မခံထားတာ၊ ဒီအချိန် VPN သုံးရင်လည်း အဖမ်းခံရမှာကြောက်ရသေးတယ်၊ စစ်မှာကြောက်လို့ အကုန်ဖျက်လာရတာ။ စိတ်ပျက်ဖို့ကောင်းတယ်” ဟု နန်းဉီးနှင့်အတူ တာချီလိတ်သို့ ခရီးသွားမိတ်ဆွေ တစ်ဦး က ညည်းထွားပြောဆိုသည်။
“မြန်မာနိုင်ငံက ကြာလေဆိုးလေပဲ၊ ပြည်ပမှာနေတဲ့သူတွေက မသိတာ ပြည်တွင်းမှာ စိတ်ဆင်းရဲစရာ အရမ်းကောင်းတယ် ဆိုတာ၊ ပြည်တွင်းလူတွေကတော့ နေ့တိုင်း ဒုက္ခတွေ့နေရမှာပဲ” ဟု ကားအတူစီးလာသည့် အမျိုးသားတစ်ဦးက စိတ်ပျက်ဟန်ဖြင့်ပြောသည်။
မယ်ဆိုင်ချောင်းသာခြားနားသော်လည်း လူနေမှုဘဝ၊ စိတ်လုံခြုံမှုဘဝများနှင့် နေထိုင်မှုများသည် အလွန်ပင် အလှမ်းဝေးကွာနေမှုကြောင့် “ အစစ အရာလွတ်မြောက်ပြီး၊ အရင်လို လွတ်လပ်မှုနဲ့ စိတ်လုံခြုံတဲ့ တိုင်းပြည်အမြန်ဖြစ်ဖို့ ” ဟု နန်းဉီးက ဆုတောင်းလိုက်သည်။
အလုပ်သင် သတင်းထောက် ယူဂျင်း နှင့် နန်းလရောင် ပူးပေါင်းရေးသားသည်။












Leave a Comments