ကရင်နီပြည် ၊လွိုင်ကော်မြို့နယ် လွိုင်လင်လေးမြို့ အနောက်ဘက်ခြမ်းရှိ အိုင်စန့်ကျေးရွာကြားကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ကလေး ၂ဦးသေဆုံးကာ နှစ်ဉီးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (ဇန်နဝါရီလ ၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်၏ လွိုင်လင်လေးအခြေစိုက် ခြေမြန်မတပ်ရင်း ( ခမရ -၅၃၀)တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အိုင်စန့်ကျေးရွာရှိ ၁၂ နှစ်အောက် ကလေးငယ် ၂ဦး သေဆုံးပြီး လသားအရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးဒဏ်ရာရရှိသူလည်း ရှိနေသည်ဟု မြေပြင်သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“မနေ့က လွိုင်လင်လေးတပ်စခန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ၁၂ နှစ်အောက်ကလေးငယ် ၂ ဦးသေဆုံးသွားတယ်။ လသားတစ်ဦးကျတော့ လက်တဖက်ပြတ်သွားတယ်။ အမျိုးသမီးတစ်ဉီးကတော့ ဒဏ်ရာအနည်းငယ်ရတယ်။တော်လှန်ရေးတပ်အဖွဲ့က တက်နိုင်တဲ့ဘက်ကနေ ကူညီပေးပြီး ဆေးရုံကို ပို့ပေးခဲ့တယ်”ဟု ၎င်းက ပြောသည်။
၎င်းကျေးရွာဘက်သို့ ပစ်လိုက်သည့် လက်နက်ကြီးဟာ ဆီဆိုင်တိုက်ပွဲအပြီးတွင် ပြန်သွားသည့် ရဲဘော်များကို ပစ်ခတ်လိုက်သည့် လက်နက်ကြီးဖြစ်ပြီး၊ ထိုလက်နက်ကြီးသည် ၎င်းကျေးရွာကို ထိသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားက ပြောသည်။

“လွိုင်လင်လေးနဲ့ဆီဆိုင်က ၁၀ မိုင်လောက်ကွာဝေးတယ်။ အဲကနေ့လှန်းပစ်တဲ့ လက်နက်ကြီးက ကျေးရွာတွေမှာ ကျသွားတယ်။ သူတို့က ရဲဘော်တွေ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်တော့ ဒေသခံတွေကို ထိကုန်ကြတယ်။ အခုတလော လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်မှု ပြုလုပ်နေတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်သည် ကယားပြည်(ကရင်နီ)နယ်စပ် တကြောရှိ စစ်ရှောင်စခန်းများကို ဆက်တိုက်ဗုံးကြဲမှု ပြုလုပ်လာခြင်းကြောင်း စစ်ရှောင်ဒေသခံများ စိုးရိမ်နေရကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်မှ ယခင်လို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ရှုတ်ချပြီး မိဘပြည်သူအနေဖြင့် လေကြောင်းရန် သတိပြုဖို့ ထုတ်ပြန်ထားသည်။
လွိုင်ကော်မြို့နှင့် မိုးဗြဲမြို့ကို ပြည်လည် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်မှ စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။













Leave a Comments