တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။
ယနေ့ (ဇန်နဝါရီလ ၈ ရက်)နေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် မိုးကုတ်မြို့ အရှေ့ဘက်ခြမ်း ဂေါက်ကွင်းအနီးကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မိုးကုတ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“နေ့လည်ပိုင်းကပဲ မြို့အရှေ့ဘက်ခြမ်းမှာ လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ မိုးကုတ်မှာက လိုင်းကလည်း မရဘူး။ ရတချက် မရတချက်ပေါ့။ အခုက ပြည်သူတွေ တော်တော်ထိတ်လန့်နေကြတယ်။ ထိခိုက်တာတော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (နိုဝင်ဘာလ ၁၁ ရက်)တွင် စစ်ကောင်စီ တပ်က မိုးကုတ်မြို့ လူအိပ်မောကျချိန်တွင် လေကြောင်းဖြင့် အထက် လယ်ဦးရပ်ကွက် နှင့်အနောက်ပိုင်း မြို့ဦးလွင်အနီး တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၉ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း သိရသည်။
မိုးကုတ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ခုနစ် ဇူလိုင် ၂၄ရက်တွင် TNLA အပြီးသတ် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲမှုများ စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်သင် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments