၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲမဲရလဒ်များကို လက်မခံဟုဆိုကာ စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ၃ နှစ်ကျော်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းမှုကိုလက်မခံသော လူငယ်များမှ နည်းမျိုးစုံဖြင့် ဆန့်ကျင်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်မှာလည်း ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။
ထိုကဲ့သို့တော်လှန်ရေးအင်အားစုများ ပေါင်းစုကာ စစ်ကောင်စီအား ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ၏ အင်အားများမှာလည်း တနေ့တခြား ယုတ်လျော့ လာခဲ့သည်။
လျော့နည်းလာသည့် စစ်အင်အားများကို ရသည့်နည်းဖြင့် ဖြည့်တင်းရန်အတွက် ၂၀၁၀ ခုနှစ် နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့သော စစ်မှုမထမ်းမနေရ ဥပဒေအားပြန်လည် အသက်သွင်းပြီးနောက် လူငယ်အများအပြားကို အတင်းအကြပ် စစ်မှုထမ်းခေါ်ဆောင်ခဲ့သည့်အတွက် လူငယ် ၉၀၀၀ ကျော် စစ်သားအဖြစ် စုဆောင်းခံခဲ့ပြီးဖြစ်သည်။
စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသကဲ့သုိ့ တော်လှန်ရေး အင်အားစုများသို့ ဝင်ရောက်ခိုလုံသွားသူများလည်း အများအပြားရှိနေသည်။ ထို့ကြောင့် စစ်အင်အားကို ရသည့်နည်းဖြင့် ဖြည့်တင်းရန်ကြိုးစားနေသည့် စစ်ကောင်စီမှ လူငယ်အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် စာရင်းကောက်ခံမှုများ ရှိလာပြီးနောက် သျှမ်းပြည်တွင်း လူငယ်အမျိုးသမီးများ အကြား စိုးရိမ်မှုများမြင့်တက်လာသည်။
ထိုသို့ အမျိုးသမီးစစ်မှုထမ်း ခေါ်ယူခြင်းအပေါ် အစိုးရ ယန္တရားများမှ CDMလုပ်ထားသော လူငယ်အမျိုးသမီးများနှင့် မိဘများ ၏ စိုးရိမ်မှုများကို သျှမ်းသံတော်ဆင့်မှ ယူဂျင်းက ဆက်သွယ်မေးမြန်းထားပါသည်။
မမျိုးလေး (CDM ဝန်ထမ်း)
အာဏာသိမ်းပြီးတော့ သူတို့လက်အောက်မှာ တာဝန်မထမ်းချင်တော့ နားလိုက်တယ်။ ဒီသုံးနှစ်ထဲမှာလည်း အရမ်းခက်ခဲပြီး ရုန်းကန်နေရတာ ဒါပေမယ့် ကျမတို့က ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ၊ ဒါပေမယ့် ခုက စစ်မှုမထမ်းမနေရဆိုတာကတော့ လုံးဝလုပ်မှာမဟုတ်ဘူး အစိုးရဝန်ထမ်းတောင်မှ သူတို့လက်အောက်မှာမလုပ်ချင်လို့ ထွက်လိုက်တာလေ စစ်သားလုပ်ရမယ် ဆိုရင်တော့ ပိုဆိုးတာပေါ့ ဒါပေမယ့်လည်း လက်ရှိမှာက ကျမတို့က ကြပ်တည်းနေတာ ကိုယ်ပိုင် အလုပ်လေးလုပ် တာကလည်း အဆင်ပြေတာမဟုတ်ဘူး ကုန်ဈေးနှုန်းတက်တာရယ် အရင်းရင်းပြီးရင် အဲ့အရင်းကို ဘယ်မှာပြန်ရှာရ မလဲတောင် မသိတော့ဘူး ။
လက်ရှိကတော့ လူကအရမ်းကို စိတ်ဖိစီးပြီးတော့ ထူပူနေတာပဲသိတော့တယ်။ မိဘတွေနဲ့ ညီမလေးကိုလည်း စိတ်ပူတယ်။ အိမ်မှာက ဘယ်သူမှရှောင်နိုင်တာမဟုတ်ဘူး။ မိဘတွေကလည်း အသက်ကြီးနေပြီ ။ဝင်ငွေက မရှိနဲ့ ဒီကာလကြီးကို မြန်မြန်ပြီးစေချင်တာ စစ်မှုထမ်းမခေါ်ခင် မြန်မြန်နိုင်သွားပါစေ ဆုတောင်းနေမိတယ်
ဒေါ်သက်သက် (မိခင်တစ်ဦး)
ကျမမှာက သမီးလေးတစ်ယောက်ပဲရှိတာ။ အသက်က ၂၃ ပြည့်ပြီးပြီ ခု မိန်းကလေးတွေကိုပါ ခေါ်မယ် စကြားလာတော့ ဘာလုပ်ပေးရမလဲမသိဘူး နဂိုတည်းကလည်း မိန်းကလေးမို့လို့ကို စိတ်ပူနေရတာ ခုစစ်မှုထမ်းသာပါသွားရင် ဆိုတဲ့ စိတ်နဲ့ စိတ်ပင်ပန်းနေရတာ၊ သူများတွေလို နိုင်ငံခြားလည်းမပို့ပေးနိုင်သေးဘူး ပိုက်ဆံကြောင့် ဘာမှကို ဆက်မလုပ်နိုင်ဘူး သူများကလေးတွေပို့နေကြတာကိုတွေ့ပြီး စိတ်မကောင်းလည်းဖြစ်တယ်။ လူငယ်လေးတွေကလည်း မရှိတော့သလောက်ပဲလေ။ ကျန်ခဲ့တဲ့သူတွေအနေနဲ့ ပိုပြီးစိတ်ပူတာပေါ့ ရွေးစရာတောင် လူမှမကျန်တော့ပဲကို အဲ့တော့ စိုးရိမ်ရတာအရမ်းပဲ ပိုက်ဆံနဲ့လည်း အစားထိုးပြီး လုပ်နိုင်တာမဟုတ်ဘူး တော်တော်လေးအဆင်မပြေဘူး နောက်ဆုံးမတတ်နိုင်ရင်တော့ ရတဲ့နည်းနဲ့ ပြည်ပကိုပဲပို့ရမယ်ထင်တယ်။
နန်းအေးအေး (ရပ်စောက်လူငယ်အမျိုးသမီး)
အာဏာသိမ်းပြီးပြီးစတုန်း ၁ နှစ်လောက်တုန်းကတော့ အိမ်အလုပ်လုပ် သင်တန်းတက်ပြီး နိုင်ငံခြားထွက်ဖို့ ပြင်ဆင်တယ် အဲ့တုန်းကတော့ အေးဆေးသေးတယ်။ ဒါပေမယ့် သင်တန်းတောင် မပြီးလိုက်ပါဘူး။ စစ်မှုထမ်း စထွက်လာတော့ အစက အဖေတို့ မောင်လေးတို့ကို ပိုစိတ်ပူခဲ့တာ ရှောင်ရတိမ်းရတာပေါ့။ နောက်ကျတော့ ဒီမှာဆက်နေရင် ပိတ်မိသွားမယ်ဆိုပြီး ထိုင်းကိုရအောင်ထွက်လိုက်တာ။
အမေကလည်း စိတ်ပူတယ်။ စစ်မှုထမ်းဥပဒေစထွက်ပြီးတည်းကကို ပြည်တွင်းမှာမနေစေချင်တော့တာ ခုတော့ ရတဲ့နည်းနဲ့ထွက်လာခဲ့လိုက်ရတယ် အဆင်ပြေလို့တော့ မဟုတ်ပေမယ့်လည်း အမေတို့ကရအောင်ရှာကြံပြီး လွှတ်လိုက်တာ။
အစပိုင်းတုန်းကတော့ မစိုးရိမ်သေးဘူး စစ်မှုထမ်းမထွက်ခင်ကတော့ မဖြစ်နိုင်လောက်ဘူးထင်တာ ဒါပေမယ့် သူတို့က လုပ်မယ်လို့ပြောပြီး မရရတဲ့နည်းနဲ့ လုပ်လာတာ၊ အကယ်၍များပြည်တွင်းမှာ ပိတ်မိပြီး နိုင်ငံပြင်ပသာထွက်ခွင့် ပိတ်သွားခဲ့ရင်တော့ တောထဲပဲသွားမှာ အိမ်မှာနေရင် သူတို့လက်ထဲပါသွားမှာလေ သူတို့ ဥပဒေကိုတော့ မလိုက်နာနိုင်ဘူးလေ ဒါမယ့် မိန်းကလေးဖြစ်နေတော့ အပင်ပန်းမခံနိုင်ဘူး ထိုင်းကို ရောက်လာပြီဆိုတော့ တောထဲက ကိုယ်လူ့တွေကိုယ် ဒီကနေပဲဆက်ကူညီသွားမယ်။
နန်းခေး (အစိုးရဝန်ထမ်းဟောင်း မူဆယ်)
ကျမ ကတော့ အာဏာသိမ်းပြီးခါစကတော့ အိမ်ရဲ့အခြေအနေကြောင့်ရော စီးပွားရေးလည်း မလုပ်တတ်တာကြောင့်ရော အစိုးရအလုပ်မှာပဲ ဆက်လုပ်နေဖြစ်ခဲ့တယ်၊ အဲ့တုန်းကတော့ အခြေအနေကလည်း ငြိမ်နေသေးတာဆိုတော့၊ အာဏာသိမ်းပြီး ၁ နှစ်လောက်ထိ ဆက်လုပ်နေဖြစ်ခဲ့တယ်။
ဒါပေမယ့် အလုပ်က အထက်လူကြိးကလည်း တော်တော်ဆိုးတယ်။ နောက်လုံခြုံရေးကိုလည်း စိုးရိမ်လာတော့ အလုပ်ကို ရအောင် ထွက်ခဲ့လိုက်တယ်။ သူတို့ကတော့ ပြန်ခေါ်ပါသေးတယ်။ ကျမက မလုပ်ချင်တော့တာ နောက်တော့ သူတို့က CDM စာရင်းထဲသွင်းလိုက်တယ်။
စစ်မှုထမ်း ဥပဒေထွက်လာတော့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပူပေမယ့် စထွက်တုန်းကတော့ မိန်းကလေးမခေါ်လောက်ဘူး။ ယောင်္ကျားလေးသူငယ်ချင်းတွေကကျတော့ စိတ်ပူနေကြတာတွေ ရှိလာတယ်။ ပြည်ပတွေထွက်ကုန်ကြတယ်။ တချို့တွေလည်း ရှောင်သွားကြတယ်။ အဆက်သွယ်တွေလည်း ပျက်သွားကြပြီ။
ခုကျတော့ မိန်းကလေးတွေပါခေါ်တော့မယ်ကြားလာတော့ စိတ်ပူလာပြီ အိမ်မှာတော့ အမေတစ်ယောက်ထဲမို့ မပါလောက်ဘူးလို့တော့ အမေကတော့ ပြောတယ်။ စိတ်သက်သာအောင်ထင်ပါတယ်။ ဒါပေမယ့် အသက်က မှီနေတော့ မဖြစ်မနေများဖြစ်လာရင် ပြည်ပပဲထွက်နိုင်အောင် ကြိုးစားဖြစ်မယ်ထင်တယ် အမေ့ကိုလည်း စိတ်ပူတယ် ဒီဖက်ကိုလည်း စိုးရိမ်နေရတယ်။
မစုစု (အမျိုးသမီးအရေးနှင့် လူငယ်အရေးလုပ်ဆောင်နေသူ)
ကျမတို့က သားမွေးထားတာမရှိပေမယ့် လူငယ်ပရဟိတကျောင်းလေးလည်းဖွင့်ထားတာဆိုတော့ သား၊သမီးအရင်းလေးတွေလိုပဲ။ ဒါကြောင့် အရမ်းကိုစိတ်ပူနေရတယ်၊ စစ်တပ်ကိုလည်း မကြိုက်ဘူး။ ဒီလိုအခြေအနေမှာကိုယ်တန်ဖိုးထားရတဲ့ ကလေးတွေကို ဒီလမ်းထဲလုံးဝမပို့နိုင်ဘူး။ ပြီးတော့ အားလုံးကအရွယ်ကောင်းလေးတွေ သူတို့အတွက် လူစုပေးထားသလိုဖြစ်သွားမှာကိုလည်း အမြဲစိတ်ပူနေရတယ်။ ကလေးတွေက ကျမတို့ရဲ့ အနာဂတ်မို့ ပန်းကောင်းအညွန့်ကျိုးမခံနိုင်ဘူး။ ကြိုးစားပြီးပျိုးထောင်ပေးနေတယ်။ ကိုယ်တိုင်လည်း စောင့်ကြည့်ခံနေရပြီး အမြဲဖိအားရှိနေတာ၊ သူတို့လေးတွေကို ကျောင်းကောင်းကောင်းတက်စေချင်တယ်။ နိုင်ငံခြားမှပညာသွားသင်စေချင်တယ်။ ကိုယ်တိုင်မပံ့ပိုးပေးနိုင်တော့ ကိုယ့်ရှေ့မှာရတဲ့ အခွင့်အရေးလေး ရနိုင်သလောက်ယူပြီး ခုလက်ရှိအချိန်ကိုတော့ ရင်တထိတ်ထိတ်ဖြတ်သန်းနေရပါတယ်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။