အမျိုးသမီးတွေကိုပါ ခြိမ်းခြောက်လာတဲ့ စစ်မှုထမ်းဥပဒေ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲမဲရလဒ်များကို လက်မခံဟုဆိုကာ စစ်တပ်မှ အာဏာသိမ်းခဲ့သည်မှာ ၃ နှစ်ကျော်ရှိလာခဲ့ပါပြီ။  အာဏာသိမ်းမှုကိုလက်မခံသော လူငယ်များမှ နည်းမျိုးစုံဖြင့် ဆန့်ကျင်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့သည်မှာလည်း ၂ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ 

ထိုကဲ့သို့တော်လှန်ရေးအင်အားစုများ ပေါင်းစုကာ စစ်ကောင်စီအား ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ၏ အင်အားများမှာလည်း တနေ့တခြား ယုတ်လျော့ လာခဲ့သည်။

လျော့နည်းလာသည့် စစ်အင်အားများကို ရသည့်နည်းဖြင့် ဖြည့်တင်းရန်အတွက် ၂၀၁၀ ခုနှစ် နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့သော စစ်မှုမထမ်းမနေရ ဥပဒေအားပြန်လည် အသက်သွင်းပြီးနောက် လူငယ်အများအပြားကို အတင်းအကြပ် စစ်မှုထမ်းခေါ်ဆောင်ခဲ့သည့်အတွက် လူငယ် ၉၀၀၀ ကျော် စစ်သားအဖြစ် စုဆောင်းခံခဲ့ပြီးဖြစ်သည်။ 

အမျိုးသမီး စစ်မှုထမ်း

စစ်မှုမထမ်းမနေရဥပဒေကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသကဲ့သုိ့  တော်လှန်ရေး အင်အားစုများသို့ ဝင်ရောက်ခိုလုံသွားသူများလည်း အများအပြားရှိနေသည်။ ထို့ကြောင့် စစ်အင်အားကို ရသည့်နည်းဖြင့် ဖြည့်တင်းရန်ကြိုးစားနေသည့် စစ်ကောင်စီမှ လူငယ်အမျိုးသမီးများကိုပါ စစ်မှုထမ်းရန် စာရင်းကောက်ခံမှုများ ရှိလာပြီးနောက် သျှမ်းပြည်တွင်း လူငယ်အမျိုးသမီးများ အကြား စိုးရိမ်မှုများမြင့်တက်လာသည်။ 

ထိုသို့ အမျိုးသမီးစစ်မှုထမ်း ခေါ်ယူခြင်းအပေါ် အစိုးရ ယန္တရားများမှ CDMလုပ်ထားသော လူငယ်အမျိုးသမီးများနှင့် မိဘများ ၏ စိုးရိမ်မှုများကို သျှမ်းသံတော်ဆင့်မှ ယူဂျင်းက ဆက်သွယ်မေးမြန်းထားပါသည်။

မမျိုးလေး (CDM ဝန်ထမ်း)

အာဏာသိမ်းပြီးတော့ သူတို့လက်အောက်မှာ တာဝန်မထမ်းချင်တော့ နားလိုက်တယ်။ ဒီသုံးနှစ်ထဲမှာလည်း အရမ်းခက်ခဲပြီး ရုန်းကန်နေရတာ ဒါပေမယ့် ကျမတို့က ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ၊ ဒါပေမယ့် ခုက စစ်မှုမထမ်းမနေရဆိုတာကတော့ လုံးဝလုပ်မှာမဟုတ်ဘူး အစိုးရဝန်ထမ်းတောင်မှ သူတို့လက်အောက်မှာမလုပ်ချင်လို့ ထွက်လိုက်တာလေ စစ်သားလုပ်ရမယ် ဆိုရင်တော့ ပိုဆိုးတာပေါ့ ဒါပေမယ့်လည်း လက်ရှိမှာက ကျမတို့က ကြပ်တည်းနေတာ ကိုယ်ပိုင် အလုပ်လေးလုပ် တာကလည်း အဆင်ပြေတာမဟုတ်ဘူး ကုန်ဈေးနှုန်းတက်တာရယ် အရင်းရင်းပြီးရင် အဲ့အရင်းကို ဘယ်မှာပြန်ရှာရ မလဲတောင် မသိတော့ဘူး ။

လက်ရှိကတော့ လူကအရမ်းကို စိတ်ဖိစီးပြီးတော့ ထူပူနေတာပဲသိတော့တယ်။ မိဘတွေနဲ့ ညီမလေးကိုလည်း စိတ်ပူတယ်။ အိမ်မှာက ဘယ်သူမှရှောင်နိုင်တာမဟုတ်ဘူး။ မိဘတွေကလည်း အသက်ကြီးနေပြီ ။ဝင်ငွေက မရှိနဲ့ ဒီကာလကြီးကို မြန်မြန်ပြီးစေချင်တာ စစ်မှုထမ်းမခေါ်ခင် မြန်မြန်နိုင်သွားပါစေ ဆုတောင်းနေမိတယ်

ဒေါ်သက်သက် (မိခင်တစ်ဦး) 

ကျမမှာက သမီးလေးတစ်ယောက်ပဲရှိတာ။ အသက်က ၂၃ ပြည့်ပြီးပြီ ခု မိန်းကလေးတွေကိုပါ ခေါ်မယ် စကြားလာတော့ ဘာလုပ်ပေးရမလဲမသိဘူး နဂိုတည်းကလည်း မိန်းကလေးမို့လို့ကို စိတ်ပူနေရတာ ခုစစ်မှုထမ်းသာပါသွားရင် ဆိုတဲ့ စိတ်နဲ့ စိတ်ပင်ပန်းနေရတာ၊ သူများတွေလို နိုင်ငံခြားလည်းမပို့ပေးနိုင်သေးဘူး ပိုက်ဆံကြောင့် ဘာမှကို ဆက်မလုပ်နိုင်ဘူး သူများကလေးတွေပို့နေကြတာကိုတွေ့ပြီး စိတ်မကောင်းလည်းဖြစ်တယ်။ လူငယ်လေးတွေကလည်း မရှိတော့သလောက်ပဲလေ။ ကျန်ခဲ့တဲ့သူတွေအနေနဲ့ ပိုပြီးစိတ်ပူတာပေါ့ ရွေးစရာတောင် လူမှမကျန်တော့ပဲကို အဲ့တော့ စိုးရိမ်ရတာအရမ်းပဲ ပိုက်ဆံနဲ့လည်း အစားထိုးပြီး လုပ်နိုင်တာမဟုတ်ဘူး တော်တော်လေးအဆင်မပြေဘူး နောက်ဆုံးမတတ်နိုင်ရင်တော့ ရတဲ့နည်းနဲ့ ပြည်ပကိုပဲပို့ရမယ်ထင်တယ်။

နန်းအေးအေး (ရပ်စောက်လူငယ်အမျိုးသမီး) 

အာဏာသိမ်းပြီးပြီးစတုန်း ၁ နှစ်လောက်တုန်းကတော့ အိမ်အလုပ်လုပ် သင်တန်းတက်ပြီး နိုင်ငံခြားထွက်ဖို့ ပြင်ဆင်တယ် အဲ့တုန်းကတော့ အေးဆေးသေးတယ်။  ဒါပေမယ့် သင်တန်းတောင် မပြီးလိုက်ပါဘူး။ စစ်မှုထမ်း စထွက်လာတော့ အစက အဖေတို့ မောင်လေးတို့ကို ပိုစိတ်ပူခဲ့တာ ရှောင်ရတိမ်းရတာပေါ့။ နောက်ကျတော့ ဒီမှာဆက်နေရင် ပိတ်မိသွားမယ်ဆိုပြီး ထိုင်းကိုရအောင်ထွက်လိုက်တာ။

အမေကလည်း စိတ်ပူတယ်။ စစ်မှုထမ်းဥပဒေစထွက်ပြီးတည်းကကို ပြည်တွင်းမှာမနေစေချင်တော့တာ ခုတော့ ရတဲ့နည်းနဲ့ထွက်လာခဲ့လိုက်ရတယ် အဆင်ပြေလို့တော့ မဟုတ်ပေမယ့်လည်း အမေတို့ကရအောင်ရှာကြံပြီး လွှတ်လိုက်တာ။ 

အစပိုင်းတုန်းကတော့ မစိုးရိမ်သေးဘူး စစ်မှုထမ်းမထွက်ခင်ကတော့ မဖြစ်နိုင်လောက်ဘူးထင်တာ ဒါပေမယ့် သူတို့က လုပ်မယ်လို့ပြောပြီး မရရတဲ့နည်းနဲ့ လုပ်လာတာ၊ အကယ်၍များပြည်တွင်းမှာ ပိတ်မိပြီး နိုင်ငံပြင်ပသာထွက်ခွင့် ပိတ်သွားခဲ့ရင်တော့ တောထဲပဲသွားမှာ အိမ်မှာနေရင် သူတို့လက်ထဲပါသွားမှာလေ သူတို့ ဥပဒေကိုတော့ မလိုက်နာနိုင်ဘူးလေ ဒါမယ့် မိန်းကလေးဖြစ်နေတော့ အပင်ပန်းမခံနိုင်ဘူး ထိုင်းကို ရောက်လာပြီဆိုတော့ တောထဲက ကိုယ်လူ့တွေကိုယ် ဒီကနေပဲဆက်ကူညီသွားမယ်။

နန်းခေး (အစိုးရဝန်ထမ်းဟောင်း မူဆယ်) 

ကျမ ကတော့ အာဏာသိမ်းပြီးခါစကတော့ အိမ်ရဲ့အခြေအနေကြောင့်ရော စီးပွားရေးလည်း မလုပ်တတ်တာကြောင့်ရော အစိုးရအလုပ်မှာပဲ ဆက်လုပ်နေဖြစ်ခဲ့တယ်၊ အဲ့တုန်းကတော့ အခြေအနေကလည်း ငြိမ်နေသေးတာဆိုတော့၊ အာဏာသိမ်းပြီး ၁ နှစ်လောက်ထိ ဆက်လုပ်နေဖြစ်ခဲ့တယ်။ 

ဒါပေမယ့် အလုပ်က အထက်လူကြိးကလည်း တော်တော်ဆိုးတယ်။ နောက်လုံခြုံရေးကိုလည်း စိုးရိမ်လာတော့ အလုပ်ကို ရအောင် ထွက်ခဲ့လိုက်တယ်။ သူတို့ကတော့ ပြန်ခေါ်ပါသေးတယ်။ ကျမက မလုပ်ချင်တော့တာ နောက်တော့ သူတို့က CDM စာရင်းထဲသွင်းလိုက်တယ်။

စစ်မှုထမ်း ဥပဒေထွက်လာတော့ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပူပေမယ့် စထွက်တုန်းကတော့ မိန်းကလေးမခေါ်လောက်ဘူး။  ယောင်္ကျားလေးသူငယ်ချင်းတွေကကျတော့ စိတ်ပူနေကြတာတွေ ရှိလာတယ်။ ပြည်ပတွေထွက်ကုန်ကြတယ်။ တချို့တွေလည်း ရှောင်သွားကြတယ်။ အဆက်သွယ်တွေလည်း ပျက်သွားကြပြီ။ 

ခုကျတော့ မိန်းကလေးတွေပါခေါ်တော့မယ်ကြားလာတော့ စိတ်ပူလာပြီ အိမ်မှာတော့ အမေတစ်ယောက်ထဲမို့ မပါလောက်ဘူးလို့တော့ အမေကတော့ ပြောတယ်။ စိတ်သက်သာအောင်ထင်ပါတယ်။ ဒါပေမယ့် အသက်က မှီနေတော့ မဖြစ်မနေများဖြစ်လာရင် ပြည်ပပဲထွက်နိုင်အောင် ကြိုးစားဖြစ်မယ်ထင်တယ် အမေ့ကိုလည်း စိတ်ပူတယ် ဒီဖက်ကိုလည်း စိုးရိမ်နေရတယ်။

မစုစု (အမျိုးသမီးအရေးနှင့် လူငယ်အရေးလုပ်ဆောင်နေသူ)

ကျမတို့က သားမွေးထားတာမရှိပေမယ့် လူငယ်ပရဟိတကျောင်းလေးလည်းဖွင့်ထားတာဆိုတော့ သား၊သမီးအရင်းလေးတွေလိုပဲ။ ဒါကြောင့် အရမ်းကိုစိတ်ပူနေရတယ်၊ စစ်တပ်ကိုလည်း မကြိုက်ဘူး။ ဒီလိုအခြေအနေမှာကိုယ်တန်ဖိုးထားရတဲ့ ကလေးတွေကို ဒီလမ်းထဲလုံးဝမပို့နိုင်ဘူး။ ပြီးတော့ အားလုံးကအရွယ်ကောင်းလေးတွေ သူတို့အတွက် လူစုပေးထားသလိုဖြစ်သွားမှာကိုလည်း အမြဲစိတ်ပူနေရတယ်။ ကလေးတွေက ကျမတို့ရဲ့ အနာဂတ်မို့ ပန်းကောင်းအညွန့်ကျိုးမခံနိုင်ဘူး။ ကြိုးစားပြီးပျိုးထောင်ပေးနေတယ်။ ကိုယ်တိုင်လည်း စောင့်ကြည့်ခံနေရပြီး အမြဲဖိအားရှိနေတာ၊ သူတို့လေးတွေကို ကျောင်းကောင်းကောင်းတက်စေချင်တယ်။ နိုင်ငံခြားမှပညာသွားသင်စေချင်တယ်။ ကိုယ်တိုင်မပံ့ပိုးပေးနိုင်တော့ ကိုယ့်ရှေ့မှာရတဲ့ အခွင့်အရေးလေး ရနိုင်သလောက်ယူပြီး ခုလက်ရှိအချိန်ကိုတော့ ရင်တထိတ်ထိတ်ဖြတ်သန်းနေရပါတယ်။ 

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...