သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ (စက်တင်ဘာလ ၉ ရက်) နံနက် ၁၀ နာရီကျော်တွင် ဗုံးထပ်ကြဲနေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
လားရှိုးမြို့ ရပ်ကွက် (၁) ဗျူဟာလမ်းနှင့် ထွေအုပ်ရုံးအနီးတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချသွားကြောင်း လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အခုနံနက်အစောပိုင်းကဘဲ လားရှိုးမြို့ကို ထပ်လာကြဲသွားတာပါ။ ဗျူဟာလမ်းနဲ့ ထွေအုပ်ရုံးအနီးကို လာကြဲသွားတယ်။ အခုကျမတို့လည်း အဆောက်အဦး ခိုင်ခန့်တဲ့နေရာမှာ ပြေးပုံးနေကြရတာ” ဟု ၎င်းကပြောသည်။
အဆိုပါ လေကြောင်းဗုံးကြဲမှုနှင့် ထိခိုက်ဒဏ်ရာရမှု အသေးစိတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်း မေးမြန်းနေခြင်းဖြစ်သည်။

အလားတူ စက်တင်ဘာလ ၈ ရက်တွင် လားရှိုးမြို့ ရပ်ကွက် ၁၂ အားကစားကွင်းနှင့် Silver Sky ဟိုတယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့၍ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်တွင်လည်း လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲခဲ့သည်။
လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ထိန်းချုပ်ပြီးနောက် ၁ လကျော်ကာလအတွင်းမှာ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။












Leave a Comments