ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့အတွင်းတွင် ရဲနှင့်စစ်သား ပူပေါင်းပြီး ရှောင်တခင် စစ်ဆေးမှုတွေ တင်းကြပ်နေသည်ဟု သတင်းရရှိသည်။
တာချီလိတ်မြို့တွင် ယခင်က ရဲတပ်ဖွဲ့များသာ စစ်ဆေးပြီး ယခု (စက်တင်ဘာလ ၁ ရက်)နေ့တွင် ရဲနှင့်စစ်သား စတင် ပူးပေါင်းစစ်ဆေးမှုတင်းကြပ်လာပြီး လမ်းမကြီးပေါ်တွင် စစ်ဆေးရေးဂိတ်မချဘဲ ကြုံသလို စစ်ဆေးနေလျက်ရှိကြောင်း စစ်ဆေးခံရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ ရဲနဲ့စစ်သားက ပေါင်းပြီး လမ်းမှာ သူတို့စစ်ချင်တဲ့နေရာစစ်တယ်။ ဂိတ်ချထားတာမဟုတ်ပဲ ကြုံသလိုစစ်တယ်။ စစ်တာက အရင်လကတည်းက စစ်တာ ခုက ပိုဆိုးတယ် တင်းကြပ်လာတယ်။ သူတို့ စစ်ချင်တဲ့နေရာ ရပ်ကွက်တွေဆို ဝင်ဝင်စစ်တယ် “ ဟု ၎င်းကပြောသည်။

အဆိုပါ တာချီလိတ်မြို့သည် နေရာဒေသအစုံမှ စစ်ဘေးရှောင်လာသည့် ပြည်သူများလာရောက်ခိုလှုံသော မြို့ဖြစ်သည်။
ထိုစစ်ဆေးမှုတွင်လည်း လူငယ်များကို အဓိက စစ်ဆေးကြောင်း သိရသည်။
“ စစ်ရှောင်တွေ အများလာနေထိုင်တဲ့မြို့လည်းဖြစ်တယ်။ လူငယ်တွေ ပိုပြီးစစ်ခံရတာပေါ့။ မှတ်ပုံတင်တွေ ဖုန်းတွေက အစယူကြည့်စစ်တယ်။ PDF လူငယ်တွေကို စစ်ဆေးချင်တာ ။ မသင်္ကာရင် သူတို့ခေါ်ထားတယ် “ ဟု ၎င်းကပြောသည်။
အလားတူ တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သံလွင်မြစ်ကူး တာကော်တံတား စစ်ကောင်စီဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ မှ စတင်၍ သျှမ်းပြည် မြောက်ပိုင်း စစ်ဘေးရှောင်များ၏ နိုင်ငံသားစီစစ်ရေးကတ်နှင့် လူမျိုးကို အဓိက ထား၍ စစ်ဆေးမှုများ တင်းကြပ်နေကြောင်း သိရသည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။











Leave a Comments