သျှမ်းပြည် မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရေကာတာကို ထပ်မံဖွင့်ချမှုကြောင့် လယ်ဧက ရာနှင့်ချီ နစ်မြုပ်ပြီး ဒေသခံအချို့ ပြောင်းရွေ့နေရကြောင်း သိရသည်။
ယမန်နေ့ (သြဂုတ်လ ၂၈ ရက်) ည ၁၁ နာရီဝန်းကျင် မိုးဗြဲမြို့တွင် အခြေစိုက်နေသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-(၄၂၂) သည် မိုးဗြဲ ရေကာတာကို နောက်တစ်ကြိမ် ထပ်မံဖွင့်ချသဖြင့် ဘီးလူးချောင်းမှာ ရေမြင့်တက်လာပြီး လယ်ဧက များစွာ ထပ်မံနစ်မြှုပ်ပြီး စစ်ဘေးရှောင်နှင့် ဒေသခံများ နီးစပ်ရာသို့ ပြောင်းရွှေ့နေကြောင်း မိုးဗြဲမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ကပဲ ရေကို ထပ်ဖွင့်ချလိုက်တာ။ ရေက ဒီနေ့ ၃ ပေ လောက် ပြန်တက်လာတယ်။ မိုးဗြဲက ရပ်ကွက် ၂ မှာလည်း ရေတွေ ဝင်နေတယ်၊ လယ်တွေကတော့ ရေတွေ ပြန်မြှုပ်သွားတယ်။ အချို့စစ်ဘေးရှောင်တွေကလည်း နီးစပ်ရာလောက်ကို ပြောင်းရွှေ့နေကြတယ်” ဟု မိုးဗြဲမြို့ ဒေသခံအမျိုးသားစစ်ဦးက ပြောသည်။

ထို့ပြင် မိုးဗြဲမြို့ ဒေသခံအချို့သည် ရေမဝင်သေးသည့် လယ်ကွက်၊ ဆွေမျိုးရှိရာနှင့် အချို့သည် တောင်ယာရှိရာ တောင်ပေါ်များသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်တွင်လည်း မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ-(၄၂၂) သည် မိုးဗြဲရေကာတာကို အဆင်အခြင်မဲ့ ဖွင့်ချလိုက်သဖြင့် လယ်ယာစိုက်ခင်း ဧက ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံများစွာ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။












Leave a Comments