သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ ပါလျှံ ရပ်ကွက် ၂ တွင် အမျိုးသားတစ်ဦး ဓားပြတိုက်ခံရပြီး အပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ယနေ့ (သြဂုတ် ၂၇) နံနက် ၂နာရီခွဲ အချိန်တွင် အသက်၃၀အရွယ် ကိုဝဏ္ဏ ဆိုသူသည် သူငယ်ချင်းနှင့် ဆိုင်ကယ်ဖြင့် အပြင်သွားရောက်လည်ပတ်စဥ် အိမ်ပြန်လမ်းကြားတွင် အမျိုးသားနှစ်ဦးမှ ကိုဝဏ္ဏကို ဖမ်းချုပ်ကာ ပါလာသည့် ပစ္စည်းများကို လုယက်ခဲ့သည်။
ထိုအချိန်တွင် ဖမ်းချုပ်ခံရသည့် ကိုဝဏ္ဏက ရုန်းကန်သောကြောင့် ဓားပြနှစ်ဦးမှ လည်ချောင်းကို ဓားနှင့် လှီးပြီး ဝမ်းဗိုက်နှင့် လက်မောင်းကိုပါ ဓားနှင့် ထိုးခဲ့သောကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး ဘတ်ငွေ ၃ထောင် ၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် လက်စွပ်တစ်ကွင်း ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

“ တော်သေးတာပေါ့ အသက်မပါသွားလို့၊ အခန့်မသင့်ရင် အသက်ဆုံးရှုံးသွားနိုင်တယ်။ ညနက်ထိ အပြင်ကို တစ်ယောက်တည်းမသွားတာပိုကောင်းတယ်။”ဟု ဖြစ်စဥ◌်ကိုသိရှိသူ အမျိုးသားက ဆိုသည်။
ထိုဒဏ်ရာရရှိသွားသည့် အမျိုးသားမှာ ရခိုင်ပြည်နယ်မှ လာရောက်၍ တာချီလိတ်တွင် ဆံပင်ညှပ်ဆိုင်ဖွင့်ကာ အလုပ်လာလုပ်နေသူဖြစ်ပြီး အိမ်ထောင်မရှိကြောင်း သိရသည်။
တာချီလိတ်သည် မြန်မာ-ထိုင်းနယ်စပ်တွင်ရှိသည့် မြို့ဖြစ်ပြီး ဒေသတွင်း လူမျိုးပေါင်းစုံမှ အလုပ်လာလုပ်နေကြရပြီး တရားမဝင်ပစ္စည်းများ အလွယ်တကူ ရရှိသည့် ဒေသတစ်ခုဖြစ်သည်။











Leave a Comments