သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ရွာတွင် စစ်ကောင်စီတပ်မှ စစ်သင်တန်းပေးရန်ကြိုးစားနေကြောင်း စုံစမ်းသိရှိရသည်။
ယနေ့ (ဩဂုတ်လ ၂၀) ရက်တွင် ရပ်စောက်မြို့နယ် ပင်ဖြစ်ရွာဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်မှ ပင်ဖြစ်ကျေးရွာဘုန်းကြီးကျောင်းအတွင်းတွင် စစ်သင်တန်းပေးရန် လာရောက်ညှိနှိုင်းမှုများရှိနေကြောင်း ရပ်စောက်မြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ဘုန်းကြီးကျောင်းထဲမှာ စစ်သင်တန်းပေးဖို့ လာညှိတယ်လို့ပြောတယ်။ လက်မခံလို့ ဆပ်သေဘက်ကိုသွားလိုက်ကြတယ်လို့ ကြားတယ်” ဟု ၎င်းကပြောသည်။
ထို့အပြင် စစ်ကောင်စီမှ ရပ်စောက်မြို့နယ်သို့ စစ်အင်အားများလည်းဖြည့်တင်းနေကြောင်းလည်းသိရသည်။
“ပင်ဖြစ်ရွာအနောက်ဘက် ဘုန်းကြီးကျောင်းမှာတော့ စစ်သားတွေ လာတာတော့တွေ့တယ်၊ ရွာထဲမှာတော့ လောလောဆယ် အေးအေးဆေးဆေးပါပဲ၊ ဒါပေမယ့် အထုပ်တွေတော့ ပြင်ထားရတာပေါ့” ဟု ၎င်းကပြောသည်။
ရပ်စောက်မြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့လည်း သွားလာလှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။
ဩဂုတ်လ ၈ ရက်နေ့က စစ်ကောင်စီတပ်မှ DPLA/DPLF တပ်များရှိရာ ကျောက်ဂူရွာဘက်သို့ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးလေကြောင်းဖြင့် တိုက်ခိုက်မှုများလည်းရှိခဲ့ကြောင်းသိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။












Leave a Comments