တန်ပြန် အာဏာသိမ်းမှု ဦးဆောင်သူအဖြစ် သတင်းထွက်ခဲ့သည့် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး (DSA-25)၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး (OTS-77) နှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော (DSA-23) တို့ကို ဗိုလ်ချုပ်ကြီးများ အဖြစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ရာထူးတိုးမြှင့်ပေးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၁၆ ရက်) တွင် ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်တွင် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး ဦးဆောင်၍ တန်ပြန် အာဏာသိမ်းခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရာထူးတိုးမြှင့်ခံရခြင်း ဖြစ်သည်။
“ရာထူးတိုးတယ်၊ ဒါပေမယ့် အထက်ပိုင်းမှာ ဘာတွေ ဖြစ်နေလဲဆိုတာ စောင့်ကြည့်ပါအုံး” ဟု သတင်းရင်းမြစ်က ဆိုသည်။
တန်ပြန်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ခြင်း မရှိဘဲ စစ်ခေါင်းဆောင်များ တက်ညီလက်ညီ တာဝန်ထမ်းဆောင်နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြောဆိုဖြေရှင်းထားသည်။
ယင်းနောက် ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နှင့် နေပြည်တော်တွင် တွေ့ဆုံရာ ဗိုလ်ချုပ်ဇော်မင်းထွန်း လည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
ရာထူးတိုးခံရသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး သည် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော သည် စစ်ကောင်စီ အကြံပေး အဖြစ်သာမက အရေးကြီးသည့် စီးပွားရေး ကိစ္စများကို ကိုင်တွယ်နေသူ ဖြစ်သည်။
ယခု ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးမြှင့် ခံရသူ ၃ ဦးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ တပည့်ရင်းများလည်း ဖြစ်သည်။
ရာထူးတိုးမြှင့် ခံရမှုသည် တန်ပြန်အာဏာသိမ်းမှု သတင်းနှင့် ဆက်စပ်မှု ရှိမရှိကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။












Leave a Comments