ယခုရက်ပိုင်း အော်ရီဒူး (Ooredoo) ဖုန်း ဆင်းမ်ကဒ်ဖြင့် KBZPay အကောင့် ဖွင့်ထားသော့ ပြည်သူအချို့၏ အကောင့်များမှ ငွေများကို ပိုင်ရှင်မသိဘဲ ငွေထုတ်ယူမှုရှိနေကြောင်း ကြုံတွေ့နေရသည့် သူများထံ စုံစမ်းသိရသည်။
လွန်ခဲ့သည့် သြဂုတ် ၄ရက်တွင် အော်ရီဒူး ဖုန်းဆင်းမ်ကဒ် ဖြင့် KBZ Pay အကောင့်ဖွင့်ထားသော အမျိုးသမီးတစ်ဦး၏ အကောင့်မှ ငွေများသည် ၎င်း မသိလိုက်ဘဲ အလိုအလျောက် ထုတ်ယူမှုများရှိနေကြောင်း ငွေထုတ်ယူခံရသည့် အမျိုးသမီး တစ်ဦး သျှမ်းသံတော်ဆင့်ကိုပြောသည်။
“၃ ရက်နေ့ မနက်အစောက Message တွေ Notification တွေအများကြီးတော့ ဝင်တယ်။ ပုံမှန်လိုပဲ အော်ပရေတာတွေက ဝင်တယ်ထင်တော့ သတိမထားလိုက်မိတာ၊ ၄ ရက်နေ့ မုန့်ဝယ်ပြီး ငွေရှင်းတော့မှ ကိုယ့် password မဟုတ်တော့လို့ message တွေဝင်ကြည့်တော့ မှ OTP ပြောင်းထားပြီး transition တွေလုပ်ထားတာတွေ့တယ်” ဟု ငွေထုတ်ယူခံရသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အော်ရီဒူး အော်ပရေတာ (call center)နှင့် KBZ pay ထံ ဆက်သွယ်စုံစမ်းမေးမြန်းသော်လည်း အကြောင်းတစုံတရာ ပြုလုပ်ပေးခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
“Call center ကိုဖုန်းဆက်တော့ စုံစမ်းပေးနေပါတယ်ပြောပေမယ့် ပြောပြချက်တွေကို နားမထောင်ဘဲဖုန်းကိုချထားတယ်။ ကျမတို့ ပါသွားတဲ့ ပိုက်ဆံတွေကလည်း နည်းနည်းနောနော မဟုတ်ဘူးလေ၊ ဘာကိုမှ အရေးယူလုပ်ဆောင်ပေးတာမရှိဘူး” ဟု သူမကဆက်ပြောသည်။
အလားတူ အမျိုးသားတစ်ဦးသည်လည်း ၎င်း၏ ဘဏ်အကောင့်ထဲမှ ငွေကျပ် သိန်း (၄၀) အား လွှဲထုတ်ယူသွားကြောင်း ဖော်ပြထားသည်။
“ဆင်းမ်ကဒ် ပွားထားတာလား၊ Kpay အကောင့်ကို ဟက်သွားတာလားတော့ မသိဘူး သေချာတာကတော့ ဖုန်းရော ဆင်းမ်ကဒ်ရော ကျွန်တော်နှင့် တူတူရှိနေတာပါ ည ၁၂ နာရီ လောက်မှာ Pin change ပြီး Kpay ထဲရော ဘဏ်အကောင့်ထဲကပါ သိန်း (၄၀) ကျော် လွှဲထုတ်ပြီး ယူသွားတယ်” ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
ယခု ခေတ်ကာလ မကောင်းချိန်တွင် နည်းပညာကို အသုံးပြုပြီး နည်းမျိုးစုံ လိမ်လည်မှုပြုလုပ်လာကြောင်း၊ အချို့မှာ cell center ဟု ပြောဆိုပြီး ဖုန်းဆက်ပြီးလိမ်ညာမှုများ၊ ကျားဖြန့် ပြလုပ်မှုများရှိသော်လည်း Kpay ဆင်းမ်ကဒ်မှ ယခုကဲ့သို့ ငွေထုတ်သွားသည့် ကိစ္စသည် အလွန်ပင် ဆိုးရွားသည့် အဆင့်ဖြစ်နေကြောင်း အသက် ၄၀အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။

“ အခုက နည်းပညာတွေများလာတော့ ကြောက်ဖို့လည်း များလာတယ်။ နည်းမျိုးစုံလိမ်ညာပြီး ငွေတွေယူကြမှာပဲ။ ဒီလိုပြဿနာက မြန်မာပြည်တင်မကဘူး တခြားနိုင်ငံတွေမှာလည်း ဖြစ်တယ်။ သူများနိုင်ငံက နည်းပညာကို အခြေခံပြီး အဖြေရှာပေးပေမယ့် မြန်မာပြည်ကတော့ ဒီတိုင်းပဲထားထားမှာ။ တာဝန်ယူမှုဆိုတာ မရှိဘူး” ဟု ၎င်း ကထပ်လောင်းပြောသည်။
ထိုဖြစ်ရပ်များကြောင့် ပြည်သူများအကြား စိုးရိမ်ပူပန်မှုများမြင့်တက်နေပြီး ငွေထုတ်ယူမှုများပါရှိလာကြောင်း သိရှိရသည်။
၂၀၂၃ ဇွန်လအထိ kpay အက်ပလီကေးရှင်းအား ဒေါင်းလုပ်ရယူထားသူ ၁၂ ဒသမ ၄ သန်းရှိနေပြီး အချက်အလက် အတိအကျပေးသွင်းကာ အသုံးပြုနေသည့် အသုံးပြုသူပေါင်း ၈ ဒသမ ၂ သန်းရှိကြောင်း ဒီဂျစ်တယ် ဘဏ္ဍာရေးဆိုင်ရာ များတွင် နည်းပညာ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေး လုပ်ဆောင်ပေးသည့် Fintech Singapore ၏ အချက်အလက်များအရ သိရသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။











Leave a Comments