မြန်မာတစ်နိုင်ငံလုံးအများဆုံး အသုံးပြုနေသော ကမ္ဘောဇဘဏ်နှင့် KBZ pay ကို ယာယီပိတ်ထားတာကြောင့် အသုံးပြုသူများ ငွေဆုံးရှုံးမှု ဖြစ်မည်ကို စိုးရိမ်နေရကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာလ ၅) ရက်တွင် ကမ္ဘောဇဘဏ်နှင့် KBZ pay ကို နေ့လည် ၁၂ နာရီမှ ညနေ ၅နာရီခွဲအချိန်ထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်က ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ဘဏ်ယာယီ ပိတ်သိမ်းထားမှုကြောင့် KBZ pay အသုံးပြုသည့် ပြည်သူများအနေဖြင့် ငွေများ ပိုမို ထုတ်ယူထားကြပြီး နည်းပညာအခြေနေကြောင့် ငွေသားဆုံးရှုံးမှုဖြစ်မည်ကို စိုးရိမ်နေကြကြောင်း KBZ pay အသုံးပြုသူ မျိုးဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခုဟာက ယာယီပြင်မယ်လို့တော့ပြောတာပဲ။ ပြောမရဘူးလေ သူတို့ပြင်ပြီး ငွေတွေ ထုတ်လို့မရ မှာတွေ နောက်ဆက်တွဲဖြစ်လာရင် မလွယ်ဘူး။ဒါကြောင့် ရှိတာလေး အမြန်သွားထုတ်ထားလိုက်တယ်။ “ ဟု မျိုးဉီးက ပြောသည်။
ဆက်လက်ပြီး နည်းပညာ ပြန်လည် ပြင်ဆင်နေခြင်းကြောင့် တော်လှန်ရေးတွင် ထောက်ပို့ လုပ်နေသည့်သူနှင့် သဘာဝဘေးအတွက် ကူညီဆောင်ရွက်နေသူတွေအတွက် ပို၍ခက်ခဲလာနိုင်ပြီး အလွယ်တကူ ခြေရာခံမိနိုင်မည့်အတွက် ငွေလွှဲ ငွေထုတ် လုပ်ဆောင်ရာတွင် ပိုပြီး သတိထားရန်လိုအပ်ကြောင်း ၎င်းအမျိုးသားက ဆက်လက်ပြောဆိုထားသည်။
ယခုကဲ့သို့ ဘဏ်တွင် နည်းပညာပြန်လည် ပြင်ဆင်မှုကြောင့် ပိုကောင်းသည့် ဝန်ဆောင်မှုများ ရရှိလာနိုင်ကြောင်းနှင့် ပြည်သူများကို စိုးရိမ်မှုမလွန်ကဲစေလိုကြောင်း KBZ pay တွင် လုပ်ကိုင်နေသည့် အသက် ၂၅နှစ် ကိုတိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ အခုက ခဏပဲပိတ်တာပဲ။ အကြာကြီးမဟုတ်ဘူးပေါ့။ဒီနည်းပညာပြန်လည်ပြင်ဆင်ပြီးရင်တော့ ပိုပြီးကောင်းတဲ့ ဝန်ဆောင်မှုရလာနိုင်တယ်။ငွေတွေဆုံးရှုံးမှု ဖြစ်မှာတွေ စိုးရိမ်နေကြတာ နားလည်ပါတယ်။ပြည်သူတွေကိုတော့ အများကြီး မစိုးရိမ်စေချင်ဘူး။” ဟု ကိုတိုး ကပြောသည်။
ပြီးခဲ့သည့် စက်တက်ဘာလ ပထမပတ်တွင်လည်း ရေဘေးလှူနေသည့် KBZ ဘဏ်အကောင့်များပိတ်ခံနေရပြီး ငွေလွှဲဝန်ဆောင်မှု အချက်လက်ပေါက်ကြားမှုကြောင့် ပြည်သူအချို့ စစ်ကောင်စီမှ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။










Leave a Comments