ကွတ်ခိုင် TNLA တပ်သားနှင့် ကျောင်းသားမိဘ ရုန်းရင်းဆန်ခတ်ဖြစ်၊ ကျောင်းဝင်းထဲ TNLA နေရာယူထားဆဲ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းသားမိဘများနှင့် TNLA တပ်သားတို့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျောင်းသူတစ်ဦး သတိလစ်မေ့မျောသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၃ ရက်) နံနက် ၉ နာရီခန့်တွင် ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာ စာသင်ကျောင်းဝန်းထဲ စခန်းချနေထိုင်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်သားများသည် ကျောင်းတက်ရန် လာရောက်သည့် ကျောင်းသားနှင့် မိဘများကို ကျောင်းဝင်းအတွင်း ဝင်ခွင့်မပြုခဲ့ရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

“TNLA တပ်သားတွေက လွန်ခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကတည်းက နေရာလာယူထားတာ။ ကျနော်တို့ အဲ့တုန်းက ကျောင်းမပိတ်သေးဘူး။ ကျောင်းပိတ်တာ တစ်လလောက်ပဲရှိတယ် ကြားထဲမှာ၊ ကျောင်းပြန်ဖွင့်ဖို့ လုပ်တဲ့အချိန် သူတို့က လာတားဆီးတာရှိတယ်။ အဲ့ကြောင့် ဒီနေ့လို ရုန်းရင်းဆန်ခတ် ဖြစ်တာပေါ့နော်”ဟု ကာလိုင်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းတွင် မေလ ၂၇ ရက် ကျောင်းအပ်လက်ခံစဉ်ကတည်းက ဆရာ/မနှင့် ကျောင်းသားမိဘများကို ကျောင်းဝန်းအတွင်း နေထိုင်နေသည့် TNLA တပ်သားများက တားဆီးနှောင့်ယှက်၍ သေနတ်ဖြင့် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ကွတ်ခိုင်ဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့ ၂၇ ရက်က နာမည်စကောက်ကတည်းက သူတို့က ပြဿနာ လာရှာတာ။ ကလေးနာမည်စာရင်း လာထည့်တဲ့လူကိုလည်း ကျောင်းတံခါးမကြီး ပိတ်ပြီးမှ မောင်းထုတ်လိုက်တယ်။ နာမည်စာရင်းကောက်တဲ့ ဆရာ/ဆရာမတွေကို ဒီအတိုင်း တန်းလန်းကြီး ထိုင်ခိုင်းတယ်။ နာမည်စာရင်းလာထည့်တဲ့ မိဘပြည်သူတွေကို သေနတ်မောင်းတင်ပြီး လက်နက်နဲ့ ခြိမ်းခြောက်တာရှိတယ်”ဟု ကာလိုင်ကျေးရွာမှ ၎င်းကျောင်းသားမိဘက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိအချိန်ထိ ကာလိုင်စာသင်ကျောင်းထဲတွင် TNLA တပ်သား (၁၀) ဦးထက်မနည်း နေရာယူထားကြောင်း သိရပြီး ယမန်နေ့ (ဇွန်လ ၃ ရက်) နံနက်ပိုင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့စဉ်ကလည်း အသက် ၁၀ နှစ်ကျော်အရွယ်ရှိ ကျောင်းသူတစ်ဦး စိုးရိမ်ထိတ်လန့်၍ သတိလစ်မေ့မျောသွားခဲ့ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

“ကျောင်းထဲမှာဆိုရင် စစ်တပ်နဲ့ မဆိုင်ဘူး။ ပြည်သူတွေကလည်း အဲ့မှာ စခန်းလာချတာ မဟုတ်ဘူး၊ ကလေးတွေရဲ့ ပညာရေးပဲ လာသင်တယ်ဆိုတော့ စစ်သားအကုန်လုံးကို ကျောင်းထဲကနေ မြန်မြန်အပြီးထွက်စေချင်တယ်။ သူတို့နေနေတယ်ဆိုရင် ကလေးတွေအတွက် မသင့်တော်ဘူးလေ၊ ကြောက်ကြောက်နဲ့ ကျောင်းမလာနိုင်တော့တာ အများကြီး ရှိတာပေါ့”ဟု ကာလိုင်ကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ (IHL) အရ စာသင်ကျောင်းများကို မည်သည့်စစ်ရေး ရည်ရွယ်ချက်အတွက်မဆို အသုံးမပြုရန်၊ ကျောင်းသားများ၊ ဆရာ/မများနှင့် ပညာရေးတွင် ပါဝင်သည့် အခြားသူများကို တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အခြားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းသို့ ကျေးရွာရှိ မူရင်းအိမ်ခြေ (၉၀)နှင့် ဇွပ်အောင် IDP စစ်ရှောင်စခန်းရှိ အိမ်ခြေ ၃၀၀ ကျော်တို့မှ ကျောင်းသားကျောင်းသူ ဦးရေ ၃၀၀ ကျော် ပညာသင်ယူရန် ရှိနေပြီး ကျေးရွာကျောင်းကော်မတီနှင့် ကချင်လွတ်လပ်ရေးတပ် KIO မှ ထောက်ပံ့ပေးသည့် ဆရာ/မ (၁၄) ဦးက တာဝန်ယူ သင်ကြားပေးသွားမည်ဟုလည်း သိရသည်။

ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအနီးရှိ ယခင်က ပြည်သူ့စစ်စခန်းနှင့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ် KIA တပ်မဟာ(၄) လက်အောက်ခံတပ်ရင်းတပ်ဖွဲ့က မောင်းထုတ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းသို့ TNLA တပ်သားများက ဝင်ရောက်နေရာယူခဲ့ပြီး ရွာသားများမှ မနေရန် တောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ဆက်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...