Wednesday, January 28, 2026

အတိဒုက္ခခံစားနေရသည့်ကြား ပညာရေး ဆုံးခန်းတိုင်ကြိုးစားကြကြောင်း သျှမ်းကွန်မြူနတီကော်လိပ် ဥက္ကဋ္ဌပြော

သျှမ်းလူထုများ အတိဒုက္ခ ခံစားနေသည့်ကြား ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားပေးသည့် ကျောင်းသားနှင့် မိဘများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်း သျှမ်းကွန်မြူနတီကော်လိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။

အဆိုပါ ပြောဆိုမှုသည် ယနေ့ (ဇွန် ၂ ရက်) နံနက် ၈နာရီ သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီ ကော်လိပ် (Shan Community College) တတိယအကြိမ်မြောက် ဘွဲ့လက်မှတ်ချီးမြှင့် အပ်နှင်းပွဲတွင် ဥက္ကဋ္ဌ နန်းဟျိုးဆိုင် က ပြောဆိုခဲ့သည်။

“၂၀၂၃၊ ၂၀၂၄ ခုနှစ်ဟာ သျှမ်းလူထုတွေ အတိဒုက္ခ ခံစားခဲ့ရတဲ့ နှစ်ဖြစ်တယ်၊ မမျှော်လင့်ထားတဲ့ သမိုင်းအချိုးအကွေ့တစ်ခုကို ဖြတ်ကျော်နေရတယ်။ လူထုအနေနဲ့လည်း မျှော်လင့်ချက်ကုန်ဆုံးပြီး ခေါင်းဆောင်မှုကင်းမဲ့တဲ့ အနေအထားဖြစ်တယ်။ ဒီလိုအခြေအနေမှာ ပညာရေးက အရေးကြီးတဲ့အလျောက် ပညာရေးကို ဆုံးခန်းတိုင်အောင် ကြိုးစားပေးကြတဲ့ ကျောင်းသားနဲ့ မိဘများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါတယ်”ဟု နန်းဟျိုးဆိုင်က အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ကော်တိုင်း အဖွဲ့အစည်း လက်အောက်ရှိ သျှမ်းကွန်မြူနတီ ကော်လိပ်တွင် သုံးနှစ်တာ ပညာသင်ယူ ပြီးမြောက်ခဲ့သည့် ကျောင်းသား/သူ (၂၃) ဦးနှင့် သျှမ်းအမျိုးသားကျောင်းများမှ အထက်တန်း ပြီးမြောက်ခဲ့သည့် ကျောင်းသား/သူ (၃၉)ဦးတို့ကို အခမ်းအနားဖြင့် ဘွဲ့လက်မှတ်နှင့် အထက်တန်းအောင် လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

ကော်တိုင်း (Kaw Dai Organization – ၵေႃတႆး) အဖွဲ့အစည်း လက်အောက်ရှိ အခြေခံပညာကဏ္ဍတွင် ၂၀၀၅ ခုနှစ်မှ စတင်ပြီး မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ဖြင့် သျှမ်းအမျိုးသားကျောင်းများ (ႁူင်းႁဵၼ်းၸိူဝ့်ၸၢတ်ႈ – Shan National School) ဖွင့်လှစ်ထားပြီး အထက်တန်းပြီးမြောက်သူများ အနေဖြင့် သျှမ်းကွန်မြူနတီကော်လိပ်တွင် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက်နိုင်သည်။

အဆင့်မြင့်ပညာကဏ္ဍတွင် ၂၀၁၇-၂၀၁၈ ခုနှစ်မှ စတင်ပြီး သျှမ်းကွန်မြူနတီကော်လိပ်ကို ဖွင့်လှစ်လာသည့် (၇)နှစ်အတွင်း တတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“၃ နှစ်အတွင်းမှာ လေ့လာရတဲ့ ဘာသာရပ်တွေပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို တာဝန်ယူမှု အပိုင်းတွေပဲဖြစ်ဖြစ် တက်တက်ကြွကြွနဲ့ သင်ကြားပေးတဲ့ ဆရာ/မတွေ၊ သူငယ်ချင်းတွေရယ် စသဖြင့်ပေါ့ အားလုံးကြိုးစားခဲ့ကြရတယ်။ ကျနော်အနေနဲ့ ထိုင်းနိုင်ငံက Payap တက္ကသိုလ်မှာ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာကို ဆက်လေ့လာသွားဖို့ ရှိပါတယ်”ဟု ဘွဲ့ယူကျောင်းသားတစ်ဦးဖြစ်သည့် မူဆယ်မြို့မှ စိုင်းကွမ်ခမ်းက ပြောသည်။

သျှမ်းကွန်မြူနတီကော်လိပ် (ၸၼ့်ၸွမ်တူင်ႇၵူၼ်းတႆး – Shan Community College) တွင် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ဥပဒေ ဘာသာရပ်များကို ၃ နှစ်တာ လေ့လာ၍ ကျောင်းသား/သူများအနေဖြင့် Associate Degree ရယူနိုင်ပြီး ထိုင်းနိုင်ငံတွင် ချိတ်ဆက်ထားသည့် အဆင့်မြင့်တက္ကသိုလ်တွင် ၂ နှစ်ထပ်မံ တက်ရောက်ကာ နိုင်ငံတကာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရယူနိုင်သည်။

သျှမ်းကွန်မြူနတီကော်လိပ်အနေဖြင့် ထိုင်းနိုင်ငံ အဆင့်မြင့်တက္ကသိုလ်များနှင့် ချိတ်ဆက်မှုအဖြစ် ၂၀၁၉ ခုနှစ်တွင် Chiang Rai Rajaphat University နှင့်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် Payap University နှင့်လည်းကောင်း နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားသည်။

ထိုင်းတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်မည့် ကျောင်းသားကျောင်းသူများ အနေဖြင့် ချင်းရိုင်းမြို့ရှိ Chiang Rai Rajaphat University တွင် Social Science ၊ English Communication မေဂျာ (၂) ခုနှင့် ချင်းမိုင်မြို့ရှိ Payap University တွင် Information Technology (IT) ၊ Business Administration ၊ Hospitality Management ၊ English Communication မေဂျာ (၄)ခုတို့ကို ဆက်လက်ရွေးချယ် တက်ရောက်နိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည်အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌပြော

0
သျှမ်းပြည်အတွင်း ကြုံတွေ့နေရသည့် အသေးအမွှား ပြဿနာများမှသည် နိုင်ငံရေးပြဿနာအထိ ဖြေရှင်းနိုင်ရန် ပြည်သူများအားလုံး ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည် အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ ယနေ့ (ဇွန်လ ၂၉ ရက်) တွင် သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community...

သျှမ်းပြည်လူထု ပညာရေးက အောက်ဆုံးအဆင့်နီးပါးရောက်နေတယ်။ ပညာရေးအပိုင်းကို စိတ်မဝင်စားတာ ဝမ်းနည်းတယ်။

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လွယ်တိုင်းလီဒေသတွင် အခြေစိုက်ထားသည့် “ကော်တိုင်း” အဖွဲ့အစည်းသည် သျှမ်းလူငယ် မျိုးဆက်သစ်များအတွက် ပညာရေးနှင့် လူငယ်စွမ်းရည် မြှင့်တင်ရေးလုပ်ငန်းများကို ၁၉၉၉ ခုနှစ်မှ စ၍ (၂၅)နှစ်တိုင်တိုင် တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်လာခဲ့သည့် လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ

0
သျှမ်းပြည် နမ့်စန်ခရိုင် ၊ ကာလိမြို့တွင်ရှိသည့် ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည့်သူများကို ထပ်မံလက်ခံနေကြောင်း သိရှိရသည်။ အဆိုပါ ကောလိပ်တွင် နောက်လ မတ် - ၁၅ ရက်နေ့ထိ ကျောင်းသားသစ်များကို ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ရှမ်းကွန်မြူနတီကောလိပ်သို့ ဝင်ရောက်တက်ချင်သူများကို အင်္ဂလိပ် အရည်ချင်းကို အဓိက...