သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် စက်လှေမောင်းလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံများ စားဝတ်နေရေး ပိုကြပ်တည်းလာပြီး ရရာအလုပ်များလုပ်ကိုင်နေရကြောင်း စုံစမ်းသိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများရှိခဲ့သော်လည်း လက်ရှိ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်တွင် ခရီးသွားများသည် ယခင်ကထက် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လာရောက် လည်ပတ်သူများထဲသူ လူငယ်များမပါဝင်တော့ကြောင်း စက်လှေသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။
ထို့ကြောင့် လက်ရှိတွင် စက်လှေမောင်းအလုပ်လုပ်ကိုင်သူများသည် ရရာအလုပ်များ ဝင်ရောက်လုပ်ကိုင်နေရပြီး စားဝတ်နေရေးကြပ်တည်းနေကြောင်း သိရသည်။
“အလုပ်ကမဖြစ်ဘူး ချေးလိုက် ဌားလိုက်နဲ့ စားရတာပေါ့၊ တချို့ ပန်းရံလုပ်တဲ့သူကလုပ်တယ်၊ ဒါကလည်း အလုပ်တော့ သိပ်မဖြစ်ဘူး၊ တချို့ကတော့ ခရမ်းချဉ်သီးပွဲရုံမှာ ခရမ်းချဉ်သီးထမ်းရတယ်။ တချို့ရွာတွေမှာတော့ ယက်ကန်းလုပ်ငန်းတွေ ရှိနေသေးတော့ တချို့က အဲ့ဒီမှာ ဝင်လုပ်ကြတဲ့သူတွေရှိတယ်။ တချို့ကလည်း ငါးရှာကြတယ်။
ယ်အလုပ်လက်မဲ့တွေကတော့ များလာတယ်” ဟု အသက် ၄၅နှစ်အရွယ်ရှိ စက်လှေသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
စစ်မှုထမ်းဥပဒေထွက်လာပြီးနောက် အင်းလေးသို့ လာရောက်ကြသည့် ခရီးသွားအရေအတွက် ယခင်ကထက်ပို၍ လျော့နည်းသွားကြောင်း ၎င်းစက်လှေသမားက ပြောသည်။
“ပြည်တွင်းခရီးသွားတွေက တစ်လမှ ၂ ဖွဲ့ ၃ ဖွဲ့လောက်ပဲ လာကြတော့တယ်။ စနေ တနင်္ဂနွေတွေလောက်ပဲ၊ ဒါတောင် ကိုယ့်အသိ သူ့အသိတွေ၊ လူငယ်တွေတော့ သိပ်မတွေ့ရတော့ဘူး။ သံဃာတော်တွေတော့ သွားတာများတယ်။ နိုင်ငံခြားသားကတော့ ရုရှားတချို့ လာတာတော့တွေ့ရတယ်” ဟု သူက ဆက်ပြောသည်။
၂၀၂၄ ခုနှစ် ဧပြီလတွင်လည်း စစ်ကောင်စီမှ ဦးဆောင်၍ ရေပေါ်သင်္ကြန်ပြုလုပ်ခဲ့သော်လည်း စည်ကားမှု မရှိကြောင်းသိရသည်။
“ပြီးခဲ့တဲ့ နှစ်တုန်းကတော့ စက်လှေပြတ်သွားတဲ့ ရက်တောင်ရှိတယ်၊ ဒီနှစ်တော့ တော်တော်လေးပါးသွားတယ် တစ်ရက်လားပဲ လူရှိတယ်။ ဒါတောင် အင်းထဲက လူတွေပဲ” ဟုသူကဆက်ပြောသည်။
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသည် ခရီးသွားလုပ်ငန်းကို အဓိကအားထားရာနေရာတစ်ခုဖြစ်ပြီး Covid ကပ်ရောဂါ နှင့် စစ်အာဏာသိမ်းမှုများကြောင့် ဒေသခံစီးပွားရေးလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူများ လည်း အခက်အခဲများစွာ ရင်ဆိုင်နေရလျက်ရှိသည်။
အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။