Friday, January 30, 2026

ရေတိုက်စားမှုကြောင့် ကျောက်မဲ- သီပေါကြား ကျင်သီ ယာယီတံတား သွားလာရန်ခက်ခဲ

သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့ကြားရှိ ကျင်သီယာယီတံတားသည် ချောင်းရေတိုက်စားမှုကြောင့် ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

မေလ ၂၆ ရက်မှ စတင်ပြီး ကျောက်မဲမြို့နှင့် သီပေါမြို့ကြားရှိ ကျင်သီယာယီတံတားတွင် ချောင်းရေကြီးပြီး တိုက်စားခံရမှုကြောင့် တံတားထောက်တိုင် ပျက်စီး၍ ခရီးသည်တင်ကားများနှင့် ပြည်သူများ သွားလာရန် ခက်ခဲနေကြောင်း ကျောက်မဲ-လားရှိုး ခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရေတိုက်စားမှုများတော့ တံတားစောင်းသွားတယ်။ မနေ့ည ၈ နာရီခွဲကတည်းက ပိတ်ထားတာ။ ဒီမနက် ၉ နာရီ ပတ်ချာလည်လောက်မှာ ပြန်ဖြတ်လို့ ရသွားတယ်။ တံတားက တစ်ဆစ်တော့ ကျိုးထားတယ်၊ ကျိုးထားတဲ့ နေရာမှာ အောက်ကထောက်တိုင်တော့ မရှိဘူး။ သတိထားပြီးတော့ ဖြတ်ရတာပေါ့။ ကုန်ဝိတ်နဲ့ဆိုရင် မလွယ်ဘူး၊ ခရီးသည်ပါရင်တောင် တံတားဖြတ်တဲ့အချိန်လေး ဆင်းခိုင်းရတာ” ကျောက်မဲမြို့မှ ခရီးသည်ယာဉ်မောင်းသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကလည်း တောင်ကျချောင်းရေကြောင့် ပျက်စီးသွားခဲ့သည့် ယာယီတံတားနေရာအား ဒေသခံများမှ သစ်သားများဖြင့် ပြန်လည်ပြုပြင်၍ ဆိုင်ကယ်နှင့် ယာဉ်ငယ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ကြောင်း မေလ ၂၇ ရက်တွင် ထုတ်ပြန်လာခဲ့သည်။

သီပေါမြို့နယ်ရှိ ကျင်သီယာယီတံတား နှစ်ဘက်ထိပ်တွင် မိုးသည်းထန်စွာ ရွာသွန်းထားခြင်းကြောင့် ရွှံ့ဗွက်များ ဖြစ်နေပြီး ကားမောင်းသွားလာရသည့် ပြည်သူများသည် သတိထား မောင်းနှင်နေရကြောင်း ကျောက်မဲမြို့မှ ၎င်းကားသမားက ဆိုပြန်သည်။

“ဒီဖက်လမ်းက မြေလမ်းဖြစ်တော့ ကားဘီးတွေ ရွံ့အရမ်းကပ်လို့ မောင်းရခက်ပြီး ပိုသတိထား မောင်းရတယ်။ အဲ့မှာက ပလောင်အဖွဲ့အစည်းပဲ စောင့်တာ။ ခါတိုင်းပုံမှန် တံတားကောင်းနေတုန်းက ဖြတ်သန်းခ ၁ ထောင်ပေးရတယ်၊ အခုမပေးရတော့ဘူး။ အရေးမကြီးရင် မသွားနဲ့ အန္တရာယ်တော့များတယ်”ဟု ကျောက်မဲဒေသခံ ၎င်းယာဉ်မောင်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး”ကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျင်သီတံတားကြီးကို ယနေ့အချိန်ထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးပဲ ကျောက်မီးသွေးကုမ္ပဏီတစ်ခုမှ ကျင်သီယာယီတံတားကို မတ်လအတွင်းက ပြန်လည်တည်ဆောက်ပေးထားသည်ဟု သိရသည်။

အလားတူ သီပေါမြို့နယ်အတွင်း ဖျက်ဆီးခံထားရသည့် စဉ့်အင်တံတားလည်း ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ဒေသခံများ ပြုလုပ်ထားသည့် စက်လှေဖြင့်သာ ကမ်းကူး၍ သွားလာနေရကြောင်း သီပေါဒေသခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News