Sunday, May 19, 2024

စစ်ကောင်စီလက်နက်ကြီး ကြောင့် ဆီဆိုင်မြို့နယ် ပန်တိုင်းရွာ ဘုန်ကြီးကျောင်းပျက်စီးသွား

Must read

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ပန်တိုင်း(ပင်တွိုင့်)ရွာတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာတွင်းရှိ ရွာဦးဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

မေလ၅ရက်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ပျက်စီးခဲ့ရပြီး ဘုန်းကြီးကျောင်း အမိုး၊ မျက်နှာကြတ်၊ပြတင်းပေါက်၊တံခါးဘောင်၊အခင်းတို့ အလုံးစုံ ပျက်စီးခဲ့ရကြောင်း ပန်တိုင်းရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လက်နက်ကြီးလည်း ထိထားတယ်။ လက်နက်ငယ်လည်းအများကြီးထိမှန်တယ်။ကံကောင်းလို့ မီးလောင်ဗုံးနဲ့ မကျဲတာ။ ကိုယ်ရဲ့ ကိုးကွယ်ရာ တန်ဖိုးထားရတဲ့ အရာ ပျက်စီးသွားတော့ ရွာသားတစ်ယောက်အနေနဲ့ အရမ်းစိတ်မကောင်းဖြစ်ရတယ်”ဟု ပန်တိုင်းရွာခံအမျိုးသားတစ်ဦးက ဆိုသည်။

ထို့အပြင်ရွာထဲရှိ အရပ်သားနေအိမ်များစွာလည်းလက်နက်ကြီး၊လက်နက်ငယ် ထိမှန်ပျက်စီးမှုလည်း များစွာ ရှိကြောင်း သိရသည်။

ပန်တိုင်းကျေးရွာ ဒေသခံများသည် ပြီးခဲ့သည့် မတ်လ ကတည်းက ကျေးရွာထဲ တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့တိုက်ပွဲ ပြင်းထန်ပြီးနောက် ရွာသားများ ဘေးကင်းရာထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ရှမ်းတောင်တိုက်ပွဲဖြစ်ပွားသည့် ၁၀၅ရက်အတွင်း တိုက်ပွဲအတွင်းတွင် ဘာသာရေးအဆောက်အအုံ၂၅လုံး၊အရပ်သားနေအိမ်၅၇၀လုံးနှင့် စာသင်ကျောင်း ၄ခု ပျက်စီးသွားခဲ့ကြောင်း ပအိုဝ်းခူငယ်အစည်းအရုံး PYOထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article