Thursday, May 2, 2024

ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

Must read

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

အင်းလေးဒေသ

အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း သတင်းအချက်အလက် များကို အခြားသူများသို့ ပို့ဆောင်သည်ဟု စစ်ကောင်စီက စွပ်စွဲကာ ဧပြီလ (၁၄) ရက်၌ နေအိမ်အတွင်း လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

“အခုညောင်ရွှေရဲစခန်းမှာ ထိန်းသိမ်းထားတယ်။ မိသားစုဝင်တွေတော့ တွေ့ခွင့်ပေးတယ်ပြောတယ်။ လာမယ့် ဧပြီလ ၂၉ ရက်နေ့ကျရင် ရုံးချိန်းမယ်လို့တော့ ပြောတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် မမြင့်ကြည်သည် မွေးရာပါ ဦးနှောက်အနည်းငယ်ချို့ယွင်းနေသူဖြစ်ပြီး ဘေးပတ်ဝန်းကျင်၏ ပြောပြချက်အရ ဆင်းရဲချို့တဲ့သူတစ်ယောက်ဖြစ်သကဲ့သို့ ကျေးရွာအတွင်း စစ်မှုထမ်းများအတွက် ထောက်ပံ့ကြေးငွေ ကောက်ခံရာတွင်လည်း မမြင့်ကြည်အနေဖြင့် ထည့်ဝင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အင်းလေးဒေသ လူထုအခြေပြုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Justic Movement For Community-Innlay (JMC-Innlay) က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယမန်နေ့ ဧပြီလ ၁၈ ရက်၌ ထုတ်ပြန်ထားသည်။

မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့သည် မည်သူနှင့်မျှ အဆက်အသွယ်မရှိ၊ သတင်းပေးပို့ခြင်းမရှိဘဲ။ မတရားစွပ်စွဲအမှုဆင်ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း၊ ပြစ်မှုတစ်စုံတစ်ရာ တိတိကျကျ မပြနိုင်ပါဘဲ ထို နှစ်ဦးကို လာရောက်ဖမ်းဆီးသွားခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနှင့် အမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတစ်ဝှမ်း ဖမ်းဆီးခံရသူ ၂၆,၅၃၄ ရှိပြီး သတ်ဖြတ်ခံရသူပေါင်း ၄,၈၉၇ ဦးအထိ မြင့်တက်လာနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့ ဧပြီလ ၁၈ ရက်၌ ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article