နွေအပူထက် “ပြန်စရာအိမ်မရှိ ”ရင်ပူဆွေး နေရသူများ

နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း လေရူးကြောင့် တဝေ့ဝေ့ ကြွေကျနေတယ်။

ဒါပေမဲ့ ဒီနွေအပူထက် ရင်ထဲမှာပူဆွေးနေရသူကတော့ နန်းချို(အမည်လွှဲ)တစ်ဦးပါ။

“တချို့အိမ်ကတွေ ပြိုကျနေ၊ တချို့အိမ်ကျတော့လည်း မီးလောင်နေတယ်။ တချို့အိမ်ကတော့ အိမ်ခေါင်မိုးတွေ ပွင့်ကုန်ပြီ၊ ဘာမှမရှိတော့ဘူး။ မြို့ပျက်ကြီးလိုပဲ ဆီဆိုင်မြို့ဈေးတောင် ပြာကျသွားပြီ ဘာမှမရှိတော့ဘူး” လို့ နန်းချိုတစ်ယောက်က ရယ်သဲ့သဲ့နဲ့ ပြောပြလာပါတယ်။

မီးလောင်ပြင်ထဲ ပြာကျသွားပြီဖြစ်တဲ့ နေအိမ်၊ အဆောက်အဦးတွေကို သူမဟာ ရင်တမမနဲ့ ဘယ်နှစ်လုံးလောင်သွားသလဲ ဆိုတာ စိတ်ထဲကနေတဆင့် တိုးတိတ်အသံထွက်အောင် ရေတွက်နေပါတယ်။

နန်းချို ရဲ့ ဇာတိမြေက ဆီဆိုင်မြို့ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၄ရက်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲကြောင့် နန်းချိုတို့ မိသားစုဟာ အဝတ်တထည် ကိုယ်တခုနဲ့ အသက်လုထွက်ပြေးခဲ့ရပါတယ်။

“အဲ့အချိန်တုန်းက အဝတ်အစားတွေ စားစရာတွေ ဘာမှ မယူလိုက်ရဘူး။ ကျမတို့ အိမ်မှာရှိတဲ့ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့ရတာ”လို့ နန်းချိုက ပြေးလာစဥ်က အကြောင်းကိုပြန်ပြောပါတယ်။

လက်ရှိမှာတော့ သူတို့မိသားစုဟာ ဆီဆိုင်မြို့နဲ့ ၄၈မိုင်ခန့်ဝေးကွာတဲ့ ဟိုပုံးမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ ခိုလှုံနေထိုင်ရပြီး၊ အိမ်ပြန်မယ့်ရက်ကို နေ့စဥ်တွေးတောပေမယ့် သူတို့မိသားစုအသိုက်က စစ်ပဋိပက္ခကြား ပြိုပျက်သွားခဲ့ရပါပြီ။

ဒီလိုနွေအပူ သင်္ကြန်အခါအချိန်မှာတော့ ပြိုပျက်သွားတဲ့နေအိမ်ကို ပိုသတိရကြောင်း တုန်ရီတဲ့လေသံနဲ့ ပြောလာပါတယ်။

“အိမ်ကိုလည်းလွမ်းတယ်၊ သင်္ကြန်ကိုလည်း လွမ်းတယ်” လို့ နန်းချိုက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်တုန်းက ဆီဆိုင်မြို့မှာ သင်္ကြန်ကာလ ရောက်လာပြီဆိုတိုင်း အနယ်နယ် အရပ်ရပ် တိုင်းတပါးသို့ သွားရောက်အလုပ်လုပ်တဲ့ ကျေးရွာဒေသခံတွေဟာ နေရပ်ကိုပြန်လာပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။

ဆီဆိုင်မြို့

ဒ့ါအပြင် သင်္ကြန်အတွင်းမှာ လှူဒါန်းဖို့၊ မိသားစုနဲ့အတူ သင်္ကြန်ရက်တွေ ကျော်ဖြတ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဆီဆိုင်မြို့ပေါ်သို့တက်ကာ ဝယ်ခြမ်းခဲ့ကြတဲ့မြင်ကွင်းဟာ သူ့အတွက်တမ်းတစရာ ဖြစ်နေပါတယ်။

သင်္ကြန်အဖိတ်နေ့ ရောက်လာပြီ ဆိုရင်လည်း ဆီဆိုင်-ဟိုပုံး လမ်းမနံဘေး တလျှောက်မှာ တုန်တုန်ချမ်းချမ်း ရေပတ်ဆော့ကစားကြတဲ့ လူငယ်လူရွယ်တွေရဲ့ မြင်ကွင်းကလည်း မမေ့နိုင်စရာ ပုံရိပ်တခုပါပဲ။

လမ်းမပေါ်မှာ လူစည်ကားနေပုံကလည်း အလှူပွဲအလား စည်ကားသိုက်မြိုက်နေတယ်။ ပအိုဝ်းဝတ်စုံ၊ ရှမ်းဝတ်စုံတွေနဲ့ လှူဒါန်းဖွယ်ရာ ပစ္စည်းပစ္စယများကို ကိုယ်စီသယ်ဆောင်ပြီး ကားစီးသူကစီး၊ ဆိုင်ကယ်စီးသူစီးနဲ့ နယ်လှည့် ဘုန်းကြီးကျောင်းတက်နေကြတာပါ။

ဒီလိုနဲ့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတဲ့တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ်မှာ လူငယ်လူရွယ်တွေမက အစာငတ်ပြတ်နေတဲ့ ခွေးတွေလည်း တစ်ကောင်မှ မတွေ့ရတော့။

ဆီဆိုင်မြို့လေးဟာ တမြို့လုံးပြာမကျသွားတဲ့အထဲ အိမ်တွေဟာ ဟိုနားတစ်လုံး၊ ဒီနားတစ်လုံးသာ အထီးကျန်စွာနဲ့ မြို့လေးက ခြောက်ကပ် တိတ်ဆိတ်လို့နေမြဲ။ ကျည်ဆံတွေ၊ လက်နက်ကြီးကျည် မှန်ထားတဲ့ အိမ်နံရံတွေဟာလည်း အပေါက်ဟောင်းလောင်းတွေနဲ့ ကျိုးတိုးကျဲတဲ တွေ့မြင်ရပါတယ်။

“သင်္ကြန်မလုပ်ဖြစ်တာဆိုရင် ကိုဗစ်ဖြစ်ကတည်းပဲ ၂ နှစ်၊ ၃ နှစ်လောက်ရှိသွားပြီ။ ပုံမှန်နှစ်တွေဆို ကားလမ်းနှစ်ဘေးမှာ ရေဆော့ကစားနေတဲ့သူတွေရှိတယ်။ ရွာတွေပတ်ပြီး ဘုန်ကြီးကျောင်းတက်တယ်၊ သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေကို လိုက်ကန်တော့တယ်။ ဒီနှစ်ကပိုဆိုးတယ်၊ တိုက်ပွဲဖြစ်တော့ ဘာမှမလုပ်နိုင်တော့ဘူး” လို့ နန်းချိုက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားချိန်ကတည်းက နန်းချို့တို့မိသားစုဟာ နေရပ်စွန့်ပြီး လယ်ယာခြံဝန်း တစ်နေရာမှာ စစ်ရှောင်နေခဲ့ရတာပါ။ စစ်ဘေးရှောင် ၂ လကျော်ကာလအတွင်း အစားအသောက်ဆိုရင်လည်း ပုံမှန်တစ်နေ့ ထမင်း ၂ နပ်ထက် ပိုမစားနိုင်ကြပါဘူး။

“ကျမတို့ မိသားစုက စုစုပေါင်း ၆ ယောက်ရှိတော့ ဆန်တွေကမလောက်ငှကြဘူး။ တစ်နေ့ကို ထမင်းနှစ် နပ်လောက်ပဲ စားရတယ်၊ ဝအောင်မစားရဘူး။ အလုပ်ရှာလုပ်မယ်ဆိုတော့လည်း ဒီဘက်မှာဘာအလုပ်မှလည်း မရှိဘူး။ တခါတလေသူများလာပေးလို့ စားရတာ” လို့ နန်းချိုက ပြောပါတယ်။

ဒါ့ကြောင့် ဒီနှစ်သစ်ကူး သင်္ကြန်မှာ အလှူဒါန်း မပြုနိုင်တော့သလို အဘိုး၊ အဘားတွေကိုလည်း လိုက်လံ မကန်တော့နိုင်ဘူးလို့ ဆိုပါတယ်။

အဲ့ဒီလိုပဲ နှစ်သစ်ကူးကျတဲ့ သင်္ကြန်ကာလမျိုးမှာ မွေးရပ်မြေနဲ့အဝေးမှာ ရောက်နေတဲ့ ဆီဆိုင်မြို့သူ၊ မြို့သားတွေဟာ အိမ်လွမ်းစိတ်နဲ့ အိမ်ပြန်လာလေ့ရှိကြပါတယ်။

နွေးထွေးတဲ့ မိသားစု၊ ချစ်ခင်ရတဲ့ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေဆုံဖို့၊ ရိုးရာသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်အတူတကွ ဖြတ်သန်းကြဖို့၊ နှစ်ဟောင်းမှာ ပင်ပန်းတာတွေ ဖြေဖျောက်ပြီး နှစ်သစ်အတွက် ခွန်အားတွေပြန်မွေးဖို့ အိမ်ပြန်လာလေ့ရှိကြတာပါ။

ဒါပေမဲ့ အာဏာသိမ်းပြီး တိုက်ပွဲဖြစ်ပွားတဲ့ကာလမှာ အိမ်ပြန်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ တချို့မှာ ပြန်စရာနေအိမ် တွေတောင် မရှိတော့ဘူးလို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းနော်က ပြောပြလာပါတယ်။
“အိမ်ကိုလွမ်းတာပေါ့ဗျာ။ အမေကိုလည်း လွမ်းတယ်။ အမေ့ကိုတော့ အလွမ်းဆုံးပေါ့။ ဒါပေမဲ့အခုက ပြန်လို့အဆင်မပြေတော့ဘူးဗျာ။ ပြန်စရာအိမ်လည်း ဆောက်တောင်မဆောက်ရသေးဘူး ပြေးလာလိုက်တာ။ တချို့တောင် နေစရာအိမ်တွေတောင် မရှိတော့ဘူး” လို့ စိုင်းနော်က ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

စိုင်းနော်ဟာ ဆီဆိုင်မြို့မှာတိုက်ပွဲဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့သူပါ။

နိုင်ငံရေး ခေတ်ကာလအခြေအနေ ကောင်းစဉ် ၂၀၁၈ ခုနှစ်၊ ၂၀၁၉ နှစ်တုန်းက ဆီဆိုင်မြို့မှာ အိုးစည်တီးပြီး သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပါးခဲ့ကြသေးတယ်လို့ သူကအိမ်ကိုလွမ်းကြောင်း ဆက်ပြောပါတယ်။

“နိုင်ငံကဘာမှဖြစ်ဘူးဆိုရင်တော့ သူငယ်ချင်းတွေနဲ့ မဏ္ဍာပ်လုပ်ပြီး ပျော်ကြတာပေါ့။ အစုံပဲကဲကြတာ၊ အိုးစည်တွေနဲ့ကော ရေဆော့ပြီးကကြတာ မိန်းလမ်းမပေါ်မှာ ဘော်တာတွေနဲ့။ နှစ်ဆန်းတစ်ရက်နေ့တွေ ဘာတွေဆိုလည်း ဘော်တာတွေစုပြီး ဘုန်းကြီးကျောင်းလိုက်တက်တယ်။ စုတုတီတာတွေ လိုက်စားပေါ့ ပျော်စရာကြီး” လို့ စိုင်းနော်က ပြောပါတယ်။

အခုချိန်မှာတော့ နှစ်သစ်ကူးသင်္ကြန်မှာ နှစ်တွေသာပြောင်းလဲသွားပြီး မြို့နှင့်လူတွေကတော့ တဖြည်းဖြည်း ဝေးကွာသွားကြပြီလို့ ဆိုပါတယ်။

အကယ်၍ ရုတ်တရက်နိုင်ငံရေး ပြန်လည်ကောင်းမွန်လာရင်လည်း မိတ်ဆွေအပေါင်းအသင်းတွေဟာ အရင်လို လူမစုံနိုင်တော့ဘူးလို့ စိုင်းနော်က ပြောပါတယ်။

“ရုတ်တရက်နိုင်ငံရေး ကောင်းသွားခဲ့ရင်တောင် လူကမစုံတော့ဘူး။ ခုလိုဖြစ်တော့ စိတ်မကောင်းတာတော့ အမှန်ပဲ။ ဆုံးရှုံးစရာတွေ အများကြီးကော။ ဒါပေမဲ့ ဆီဆိုင်မြို့မှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး စစ်အာဏာရှင်တွေ ကျဆုံးရင်တော့ ပြန်ရမှာပါပဲ။ ပြောချင်တာတော့ အားတင်းထားကြပါပေါ့ဗျာ” လို့ စိုင်းနော်က စိတ်မကောင်းတဲ့ လေသံနဲ့ပြောဆိုပါတယ်။

သင်္ကြန်နှစ်ကူးအချိန်ကာလဟာ မိမိမွေးရပ်မြေ၊မိမိနေအိမ် မိသားစုကို တမ်းတကြပေမယ့် စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖျက်ဖို့က အလွန်အရေးကြီးတဲ့အချိန်ကာလဖြစ်တဲ့အတွက် အနာဂတ် တိုင်းပြည် ကောင်းစားဖို့ အတွက် အပျော်အပါးက ခေတ္တ စတေးခံပြီး တော်လှန်ရေးအင်အားစုတွေလည်း တိုက်ပွဲမှာ အောင်မြင်ဖို့ ဆီဆိုင်ပြည်သူတွေက ဆုတောင်းလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNLA တပ်ဖွဲ့ဝင် ၆၁ ဦး အလင်းဝင်လာဟု PNO ဆို

0
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၅)ရက်နေ့ ညနေအချိန်တွင် ဗန်းမတ်ဒေသတွင် ခွန်တန်(ခ)ဇာတ်လိုက် ဦးဆောင်သော PNLAတပ်ရင်း (၃၅၉)မှ တပ်ဖွဲ့ဝင် (၆၁)ဦးသည် စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်(PNO)ထံတွင် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...