Wednesday, May 22, 2024

နွေအပူထက် “ပြန်စရာအိမ်မရှိ ”ရင်ပူဆွေး နေရသူများ

Must read

နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း လေရူးကြောင့် တဝေ့ဝေ့ ကြွေကျနေတယ်။

ဒါပေမဲ့ ဒီနွေအပူထက် ရင်ထဲမှာပူဆွေးနေရသူကတော့ နန်းချို(အမည်လွှဲ)တစ်ဦးပါ။

“တချို့အိမ်ကတွေ ပြိုကျနေ၊ တချို့အိမ်ကျတော့လည်း မီးလောင်နေတယ်။ တချို့အိမ်ကတော့ အိမ်ခေါင်မိုးတွေ ပွင့်ကုန်ပြီ၊ ဘာမှမရှိတော့ဘူး။ မြို့ပျက်ကြီးလိုပဲ ဆီဆိုင်မြို့ဈေးတောင် ပြာကျသွားပြီ ဘာမှမရှိတော့ဘူး” လို့ နန်းချိုတစ်ယောက်က ရယ်သဲ့သဲ့နဲ့ ပြောပြလာပါတယ်။

မီးလောင်ပြင်ထဲ ပြာကျသွားပြီဖြစ်တဲ့ နေအိမ်၊ အဆောက်အဦးတွေကို သူမဟာ ရင်တမမနဲ့ ဘယ်နှစ်လုံးလောင်သွားသလဲ ဆိုတာ စိတ်ထဲကနေတဆင့် တိုးတိတ်အသံထွက်အောင် ရေတွက်နေပါတယ်။

နန်းချို ရဲ့ ဇာတိမြေက ဆီဆိုင်မြို့ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၄ရက်မှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲကြောင့် နန်းချိုတို့ မိသားစုဟာ အဝတ်တထည် ကိုယ်တခုနဲ့ အသက်လုထွက်ပြေးခဲ့ရပါတယ်။

“အဲ့အချိန်တုန်းက အဝတ်အစားတွေ စားစရာတွေ ဘာမှ မယူလိုက်ရဘူး။ ကျမတို့ အိမ်မှာရှိတဲ့ဆိုင်ကယ်တွေနဲ့ ထွက်ပြေးခဲ့ရတာ”လို့ နန်းချိုက ပြေးလာစဥ်က အကြောင်းကိုပြန်ပြောပါတယ်။

လက်ရှိမှာတော့ သူတို့မိသားစုဟာ ဆီဆိုင်မြို့နဲ့ ၄၈မိုင်ခန့်ဝေးကွာတဲ့ ဟိုပုံးမြို့နယ်ထဲက ကျေးရွာတစ်ခုမှာ ခိုလှုံနေထိုင်ရပြီး၊ အိမ်ပြန်မယ့်ရက်ကို နေ့စဥ်တွေးတောပေမယ့် သူတို့မိသားစုအသိုက်က စစ်ပဋိပက္ခကြား ပြိုပျက်သွားခဲ့ရပါပြီ။

ဒီလိုနွေအပူ သင်္ကြန်အခါအချိန်မှာတော့ ပြိုပျက်သွားတဲ့နေအိမ်ကို ပိုသတိရကြောင်း တုန်ရီတဲ့လေသံနဲ့ ပြောလာပါတယ်။

“အိမ်ကိုလည်းလွမ်းတယ်၊ သင်္ကြန်ကိုလည်း လွမ်းတယ်” လို့ နန်းချိုက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ပွားခင်တုန်းက ဆီဆိုင်မြို့မှာ သင်္ကြန်ကာလ ရောက်လာပြီဆိုတိုင်း အနယ်နယ် အရပ်ရပ် တိုင်းတပါးသို့ သွားရောက်အလုပ်လုပ်တဲ့ ကျေးရွာဒေသခံတွေဟာ နေရပ်ကိုပြန်လာပြီး မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။

ဆီဆိုင်မြို့

ဒ့ါအပြင် သင်္ကြန်အတွင်းမှာ လှူဒါန်းဖို့၊ မိသားစုနဲ့အတူ သင်္ကြန်ရက်တွေ ကျော်ဖြတ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဆီဆိုင်မြို့ပေါ်သို့တက်ကာ ဝယ်ခြမ်းခဲ့ကြတဲ့မြင်ကွင်းဟာ သူ့အတွက်တမ်းတစရာ ဖြစ်နေပါတယ်။

သင်္ကြန်အဖိတ်နေ့ ရောက်လာပြီ ဆိုရင်လည်း ဆီဆိုင်-ဟိုပုံး လမ်းမနံဘေး တလျှောက်မှာ တုန်တုန်ချမ်းချမ်း ရေပတ်ဆော့ကစားကြတဲ့ လူငယ်လူရွယ်တွေရဲ့ မြင်ကွင်းကလည်း မမေ့နိုင်စရာ ပုံရိပ်တခုပါပဲ။

လမ်းမပေါ်မှာ လူစည်ကားနေပုံကလည်း အလှူပွဲအလား စည်ကားသိုက်မြိုက်နေတယ်။ ပအိုဝ်းဝတ်စုံ၊ ရှမ်းဝတ်စုံတွေနဲ့ လှူဒါန်းဖွယ်ရာ ပစ္စည်းပစ္စယများကို ကိုယ်စီသယ်ဆောင်ပြီး ကားစီးသူကစီး၊ ဆိုင်ကယ်စီးသူစီးနဲ့ နယ်လှည့် ဘုန်းကြီးကျောင်းတက်နေကြတာပါ။

ဒီလိုနဲ့ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတဲ့တိုက်ပွဲကြောင့် ဆီဆိုင်မြို့ပေါ်မှာ လူငယ်လူရွယ်တွေမက အစာငတ်ပြတ်နေတဲ့ ခွေးတွေလည်း တစ်ကောင်မှ မတွေ့ရတော့။

ဆီဆိုင်မြို့လေးဟာ တမြို့လုံးပြာမကျသွားတဲ့အထဲ အိမ်တွေဟာ ဟိုနားတစ်လုံး၊ ဒီနားတစ်လုံးသာ အထီးကျန်စွာနဲ့ မြို့လေးက ခြောက်ကပ် တိတ်ဆိတ်လို့နေမြဲ။ ကျည်ဆံတွေ၊ လက်နက်ကြီးကျည် မှန်ထားတဲ့ အိမ်နံရံတွေဟာလည်း အပေါက်ဟောင်းလောင်းတွေနဲ့ ကျိုးတိုးကျဲတဲ တွေ့မြင်ရပါတယ်။

“သင်္ကြန်မလုပ်ဖြစ်တာဆိုရင် ကိုဗစ်ဖြစ်ကတည်းပဲ ၂ နှစ်၊ ၃ နှစ်လောက်ရှိသွားပြီ။ ပုံမှန်နှစ်တွေဆို ကားလမ်းနှစ်ဘေးမှာ ရေဆော့ကစားနေတဲ့သူတွေရှိတယ်။ ရွာတွေပတ်ပြီး ဘုန်ကြီးကျောင်းတက်တယ်၊ သက်ကြီးရွယ်အို အဘိုး၊ အဘွားတွေကို လိုက်ကန်တော့တယ်။ ဒီနှစ်ကပိုဆိုးတယ်၊ တိုက်ပွဲဖြစ်တော့ ဘာမှမလုပ်နိုင်တော့ဘူး” လို့ နန်းချိုက ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

ဆီဆိုင်မြို့မှာ တိုက်ပွဲဖြစ်ပွားချိန်ကတည်းက နန်းချို့တို့မိသားစုဟာ နေရပ်စွန့်ပြီး လယ်ယာခြံဝန်း တစ်နေရာမှာ စစ်ရှောင်နေခဲ့ရတာပါ။ စစ်ဘေးရှောင် ၂ လကျော်ကာလအတွင်း အစားအသောက်ဆိုရင်လည်း ပုံမှန်တစ်နေ့ ထမင်း ၂ နပ်ထက် ပိုမစားနိုင်ကြပါဘူး။

“ကျမတို့ မိသားစုက စုစုပေါင်း ၆ ယောက်ရှိတော့ ဆန်တွေကမလောက်ငှကြဘူး။ တစ်နေ့ကို ထမင်းနှစ် နပ်လောက်ပဲ စားရတယ်၊ ဝအောင်မစားရဘူး။ အလုပ်ရှာလုပ်မယ်ဆိုတော့လည်း ဒီဘက်မှာဘာအလုပ်မှလည်း မရှိဘူး။ တခါတလေသူများလာပေးလို့ စားရတာ” လို့ နန်းချိုက ပြောပါတယ်။

ဒါ့ကြောင့် ဒီနှစ်သစ်ကူး သင်္ကြန်မှာ အလှူဒါန်း မပြုနိုင်တော့သလို အဘိုး၊ အဘားတွေကိုလည်း လိုက်လံ မကန်တော့နိုင်ဘူးလို့ ဆိုပါတယ်။

အဲ့ဒီလိုပဲ နှစ်သစ်ကူးကျတဲ့ သင်္ကြန်ကာလမျိုးမှာ မွေးရပ်မြေနဲ့အဝေးမှာ ရောက်နေတဲ့ ဆီဆိုင်မြို့သူ၊ မြို့သားတွေဟာ အိမ်လွမ်းစိတ်နဲ့ အိမ်ပြန်လာလေ့ရှိကြပါတယ်။

နွေးထွေးတဲ့ မိသားစု၊ ချစ်ခင်ရတဲ့ သူငယ်ချင်းအပေါင်းအသင်း မိတ်ဆွေတွေဆုံဖို့၊ ရိုးရာသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်အတူတကွ ဖြတ်သန်းကြဖို့၊ နှစ်ဟောင်းမှာ ပင်ပန်းတာတွေ ဖြေဖျောက်ပြီး နှစ်သစ်အတွက် ခွန်အားတွေပြန်မွေးဖို့ အိမ်ပြန်လာလေ့ရှိကြတာပါ။

ဒါပေမဲ့ အာဏာသိမ်းပြီး တိုက်ပွဲဖြစ်ပွားတဲ့ကာလမှာ အိမ်ပြန်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး။ တချို့မှာ ပြန်စရာနေအိမ် တွေတောင် မရှိတော့ဘူးလို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမား စိုင်းနော်က ပြောပြလာပါတယ်။
“အိမ်ကိုလွမ်းတာပေါ့ဗျာ။ အမေကိုလည်း လွမ်းတယ်။ အမေ့ကိုတော့ အလွမ်းဆုံးပေါ့။ ဒါပေမဲ့အခုက ပြန်လို့အဆင်မပြေတော့ဘူးဗျာ။ ပြန်စရာအိမ်လည်း ဆောက်တောင်မဆောက်ရသေးဘူး ပြေးလာလိုက်တာ။ တချို့တောင် နေစရာအိမ်တွေတောင် မရှိတော့ဘူး” လို့ စိုင်းနော်က ဝမ်းနည်းစွာနဲ့ ပြောပြလာပါတယ်။

စိုင်းနော်ဟာ ဆီဆိုင်မြို့မှာတိုက်ပွဲဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာခဲ့သူပါ။

နိုင်ငံရေး ခေတ်ကာလအခြေအနေ ကောင်းစဉ် ၂၀၁၈ ခုနှစ်၊ ၂၀၁၉ နှစ်တုန်းက ဆီဆိုင်မြို့မှာ အိုးစည်တီးပြီး သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပျော်ပါးခဲ့ကြသေးတယ်လို့ သူကအိမ်ကိုလွမ်းကြောင်း ဆက်ပြောပါတယ်။

“နိုင်ငံကဘာမှဖြစ်ဘူးဆိုရင်တော့ သူငယ်ချင်းတွေနဲ့ မဏ္ဍာပ်လုပ်ပြီး ပျော်ကြတာပေါ့။ အစုံပဲကဲကြတာ၊ အိုးစည်တွေနဲ့ကော ရေဆော့ပြီးကကြတာ မိန်းလမ်းမပေါ်မှာ ဘော်တာတွေနဲ့။ နှစ်ဆန်းတစ်ရက်နေ့တွေ ဘာတွေဆိုလည်း ဘော်တာတွေစုပြီး ဘုန်းကြီးကျောင်းလိုက်တက်တယ်။ စုတုတီတာတွေ လိုက်စားပေါ့ ပျော်စရာကြီး” လို့ စိုင်းနော်က ပြောပါတယ်။

အခုချိန်မှာတော့ နှစ်သစ်ကူးသင်္ကြန်မှာ နှစ်တွေသာပြောင်းလဲသွားပြီး မြို့နှင့်လူတွေကတော့ တဖြည်းဖြည်း ဝေးကွာသွားကြပြီလို့ ဆိုပါတယ်။

အကယ်၍ ရုတ်တရက်နိုင်ငံရေး ပြန်လည်ကောင်းမွန်လာရင်လည်း မိတ်ဆွေအပေါင်းအသင်းတွေဟာ အရင်လို လူမစုံနိုင်တော့ဘူးလို့ စိုင်းနော်က ပြောပါတယ်။

“ရုတ်တရက်နိုင်ငံရေး ကောင်းသွားခဲ့ရင်တောင် လူကမစုံတော့ဘူး။ ခုလိုဖြစ်တော့ စိတ်မကောင်းတာတော့ အမှန်ပဲ။ ဆုံးရှုံးစရာတွေ အများကြီးကော။ ဒါပေမဲ့ ဆီဆိုင်မြို့မှ မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး စစ်အာဏာရှင်တွေ ကျဆုံးရင်တော့ ပြန်ရမှာပါပဲ။ ပြောချင်တာတော့ အားတင်းထားကြပါပေါ့ဗျာ” လို့ စိုင်းနော်က စိတ်မကောင်းတဲ့ လေသံနဲ့ပြောဆိုပါတယ်။

သင်္ကြန်နှစ်ကူးအချိန်ကာလဟာ မိမိမွေးရပ်မြေ၊မိမိနေအိမ် မိသားစုကို တမ်းတကြပေမယ့် စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ဖျက်ဖို့က အလွန်အရေးကြီးတဲ့အချိန်ကာလဖြစ်တဲ့အတွက် အနာဂတ် တိုင်းပြည် ကောင်းစားဖို့ အတွက် အပျော်အပါးက ခေတ္တ စတေးခံပြီး တော်လှန်ရေးအင်အားစုတွေလည်း တိုက်ပွဲမှာ အောင်မြင်ဖို့ ဆီဆိုင်ပြည်သူတွေက ဆုတောင်းလိုက်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article