Tuesday, April 30, 2024

ပင်လောင်း စစ်သင်တန်းမတက်ရသေးသူကို  PNA အတင်းအဓမ္မ ရှေ့တန်းပို့

Must read

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်သင်တန်းမတက်ရသေးသည့် ဒေသခံများကို ပအိုဝ်းပြည်သူ့စစ် PNA တပ်စွဲက အတင်းအဓမ္မ လက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့၏ တောင်ဘက်ရှိ ကျေးရွာများတွင် စစ်သင်တန်းတက်ပြီးသူများအပြင် မတက်ရသေးသည့် ဒေသခံများကိုပါ ပအိုဝ်းပြည်သူ့စစ်PNA အဖွဲ့က လက်နက်နှင့် စစ်ဝတ်စုံအပြည့်တပ်ဆင်ပေးပြီး မတ်လ ၁၁ ရက်က တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ-ပင်လောင်းနယ်စပ် ရှေ့တန်းသို့ပို့ဆောင်နေကြောင်း ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“တစ်အိမ်ကို ၁ ယောက်နှုန်း မဖြစ်မနေသွားရမယ်ပြောတယ်။ သူတို့က အလှည့်ကျနဲ့ခေါ်တာ၊ မသွားလို့ မရဘူး။ ကျနော်တို့က စစ်သင်တန်းလည်း မတက်ထားရဘူး။ ဘယ်လိုသေနတ်ကိုင်ပြီးတော့ သွားပစ်နိုင်မလဲ” ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရှေ့တန်းသို့ မသွားလိုသည့် ဒေသခံလူငယ်များကလည်း အခြားမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်းသိရသည်။

ပင်လောင်းမြို့နယ် နမ့်ဖာမှုရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ကြား ပြီးခဲ့သည့် မတ်လ၁၀ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့ဘက်က ယခုကဲ့သို့ရှေးတန်းသို့သွားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်တွင်လည်း ဆီဆိုင်မြို့နယ် အနောက်ဖက် အောင်ဆုဗွေစခန်းတွင် ဆေးဖြတ်ရန်လာသည့် အသက် ၃၀ ဝန်းကျင်လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ စစ်မှုထန်းရန်  ခိုင်းစေရာတွင် ငြင်းဆန်ခဲ့မှုကြောင့် လူငယ် ၁၂ ဦးကို ပစ်သတ်ခဲ့သည်။

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်အတူပူးပေါင်း ပါဝင်တိုက်ခိုက်နေလျက်ရှိသည့် ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က တိုက်ပွဲအတွင်း လူအင်အား၊ ငွေရေးကြေးရေး အင်အားနည်းလာမှုကြောင့် ၎င်းတို့ထိန်းချုပ်ရာဒေသ၌ ဒေသခံများကို ကျပ် ၁ သိန်းမှ ၁၀ သိန်းအထိအခွန် (ဆက်ကြေး) တိုးကောက်လာနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article