Monday, April 29, 2024

ဖယ်ခုံမြို့ စစ်ကောင်စီလက်နက်ကြီး ရမ်းသမ်းပစ် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီး ၊ အရပ်သားတစ်ဦးသေဆုံး

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီ တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးပြီး အရပ်သားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇန်နဝါရီလ ၂ )ရက် မွန်းလွဲပိုင်းအချိန်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ဦးတည်ချက်မရှိ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး ထိမှန်သေဆုံးရသည့် အပြင် ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်စီးရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ပစ်လိုက်တဲ့ လက်နက်ကြီးက လုံကာရွာထဲကို ကျပြီး အမျိုးသား တစ်ဦး ထိမှန်ပွဲချင်းပြီး သေဆုံးရတယ်။ ပြီးတော့ ကုန်းဆုံရွာဘက်လည်း လက်နက်ကြီးကျလို့ ဘုန်းကြီးကျောင်းဆို တော်တော်များများ ပျက်စီးသွားပြီ။ တခြားနေရာ ထိခိုက်ပျက်စီးမှုလည်း ရှိနိုင်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးရသည့် အမျိုးသားသည် ဖယ်ခုံမြို့နယ်၊ လုံကာကျေးရွာနေသူဖြစ်ပြီး၊ နောက်ထပ် လက်နက်ကြီးများက ကုန်းဆုံကျေးရွာ ဘုန်းကြီးကျောင်းကို ထိမှန်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်မှ စတင်လိုက်သည့် (၁၁.၁၁) စစ်ဆင်ရေးနောက်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် ဖယ်ခုံမြို့ ဒေသခံ အများစုက စစ်ရှောင် ထွက်ပြေး နေရကြောင်းလည်း အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ဖယ်ခုံမြို့ အနီးတစ်ဝိုက်မှာလည်း တိုက်ပွဲက ရံဖန်ရံခါ ဖြစ်နေဆဲပဲ၊ အဲ့ဒါကြောင့် ဒေသခံအတော်များများက စစ်ရှောင်သွားကြတာ။ တချို့ဆို စစ်ရှောင်သွားလိုက် ပြန်လာလိုက်နဲ့ ခေါက်တုန့်ခေါက်ပြန် သွားလာနေကြတာ။ တချို့လည်း ဒီနေ့အထိ အိမ်မပြန်နိုင်ကြဘူး။ တချို့လည်း အိမ်တွေ ပျက်စီးကုန်ပြီ” ဟု အထက်ပါ နာမည်မဖော် လိုသူ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ် ထိတ်လန့်နေရသည့် အပြင် တိုက်ပွဲ ပိုမိုပြင်းထန်လာမှာလည်း ကြောက်လန့်နေရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈ နာရီကျော် မှစပြီး ညနေ ၃ နာရီကျော်ထိ ၇ နာရီဝန်းကျင်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မိုးဗြဲ-ဖယ်ခုံ ၁၁၁၁ မဟာမိတ်တော်လှန်ရေးအင်အားစုများက ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာ အထက်ပိုင်း၊တောင်ပေါ်စခန်းကုန်း ပွိုင့်ကုန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article