Tuesday, January 27, 2026

သိန္နီ စစ်ဘေးရှောင်များ တောလမ်းမှတဆင့် နီးစပ်ရာမြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေ

တိုက်ပွဲနေ့စဉ်ပြင်းထန်နေသည့် သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ဘေးရှောင်များသည် လုံခြုံရေးအခြေအနေ စိုးရိမ်ပူပန်မှုများကြောင့် တောလမ်းမှတဆင့် နီးစပ်ရာ မြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း စုံစမ်းသိရသည်။

သိန္နီမြို့နယ်အတွင်း မြို့ပေါ် နှင့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင် ‌လာရောက်ခိုလှုံနေရသည့် စစ်ဘေးရှောင်များသည် နိုဝင်ဘာလ ပထမပတ်မှစ၍ စားနပ်ရိက္ခာ အခက်အခဲ နှင့် လုံခြုံရေး အခြေအနေများကြောင့် တောလမ်းမှတဆင့် နီးစပ်ရာ မြို့ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိန္နီဒေသခံများက ပြောသည်။

Photo- Credit ( ဒေသခံများ တောလမ်းမှ စစ်ဘေးတိမ်းရှောင်)

“အခု စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေက အိမ်မှာနေလို့လဲမရ၊ ထွက်ပြေးလို့လည်းမရ၊ ဝင်လာချင်တဲ့လူလည်းလာလို့မရ အဲ့လိုဖြစ်နေတာ။ သိန္နီမြို့ အရပ် ၄ မျက်နှာလုံး မဟာမိတ်တပ်တွေ အကုန်ဝိုင်းထားတော့လေ၊ အရမ်းဒုက္ခရောက်တယ်။ ထွက်ပြေးချင်တဲ့လူတွေဆိုရင်လဲ ဆိုင်ကယ်နဲ့ ချောင်းကူး၊ မြောင်းကူးပြီး တောထဲတောင်ထဲကနေ ကိုယ့်လမ်းနဲ့ကိုယ် ပြေးနေကြရပြီ။ ကားလမ်းကနေ ဘယ်လိုမှ သွားလို့မရတော့ဘူးလေ”ဟု တိုက်ပွဲအတွင်း ပိတ်မိနေသည့် သိန္နီမြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညီနောင်မဟာမိတ်တပ်တွေက စစ်ကောင်စီရဲ့ စကခ – ၁၆ နားကို ရောက်နေပြီ။ သိမ်းဖို့ လုပ်နေတာ သုံးလေးရက်ရှိပြီ၊ စစ်ကောင်စီတပ်က လေကြောင်းအားကိုးပြီး ပြန်ပစ်နေလို့။ အစားအသောက်လဲ စိတ်ပူရတယ်၊ လူအသေအပျောက် ဘယ်လောက်ထပ်ရှိလာမလဲ အဲ့တာလဲ စိုးရိမ်ရသေးတယ်။ သူတို့ပစ်ချင်တဲ့နေရာ ဗုံးကြဲချင်တဲ့နေရာ ပစ်ချတာ ကြဲချတာပဲလေ။ ဘယ်သူလွတ်မယ်၊ ဘယ်သူသေမယ်ဆိုတာ မသိဘူးလေ။ လူထုက အရမ်းဒုက္ခရောက်နေပြီ။ အသက်လွတ်ရုံတမယ်ပဲ ထွက်ပြေးနေရတယ်”ဟု သိန္နီမြို့တွင်းမှ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo- Credit ( ဒေသခံများ တောလမ်းမှ စစ်ဘေးတိမ်းရှောင်)

သိန္နီမြို့ စစ်ဘေးရှောင်စခန်းများမှ ထွက်ပြေးတိမ်းရှောင်နေကြသည့် ပြည်သူများသည် ဆိုင်ကယ်နှင့် တောလမ်းများမှ ဖြတ်ပြီး လားရှိုး၊ သီပေါ၊ ကျောက်မဲ စသည့်နီးစပ်ရာ မြို့ရွာများသို့ သွားရောက်ရန် လမ်းခရီးစရိတ် ၂ သိန်းမှ ၃ သိန်းအထိ အကုန်အကျခံကာ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိန္နီဒေသခံများက ပြောသည်။

“ကားလမ်းကနေ ဘယ်လိုမှ သွားလို့ မရတော့ဘူးလေ။ ဆိုင်ကယ်နဲ့ပြေးတဲ့လူတွေဆိုရင် ကယ်ရီခ တစ်ယောက်ကို ၂ သိန်း၊ တချို့နေရာတွေဆို ၃ သိန်းအထိ ပေးပြီး သိန္နီမြို့ကနေ ထွက်ပြေးကြတယ်။ သေနတ်သံ ဗုံးသံနဲနဲငြိမ်တဲ့နေရာကို သွားကြတာ။ အဲ့မှာက စစ်ဘေးလွတ်တယ်လို့တော့ မဟုတ်ဘူးပေါ့၊ သိန္နီမြို့ပေါ်လောက်တော့ ဗုံးသံ သေနတ်သံ မကြားရဘူးပေါ့။ အခု သိန္နီမှာကတော့ နေရာတိုင်း ဗုံးသံ သေနတ်သံတွေကြီးပဲ။ ဘယ်သူမဆို လားရှိုး၊ သီပေါ အဲ့ဘက်တွေ သွားဖို့စဉ်းစားနေကြတယ်”ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် သိန္နီမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် လားရှိုးမြို့ ရိပ်သာကျောင်းတွင် ၂၀၀ ဦးခန့် ရောက်ရှိနေပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများ လိုအပ်နေသည်ဟု လားရှိုးဒေသခံများထံမှ သိရသည်။

သိန္နီမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်သည့် အောက်တိုဘာ ၂၇ ရက်ကတည်းက မြို့ပေါ်နှင့်ကျေးရွာ ဘုန်းကြီးကျောင်း ၁၅ ကျောင်းတွင် စစ်ဘေးရှောင်ဦးရေ ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာများတွင်လည်း ပြည်သူထောင်နှင့်ချီ ပိတ်မိနေကာ စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် သိန္နီမြို့မှ လူငယ်များက ပြောသည်။

ထိုအထဲမှ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော်ရှိသည့် ကျောင်းခမ်းဘုန်းကြီးကျောင်းသည် စစ်ကောင်စီတပ် စကခ-၁၆ နှင့် နီးကပ်စွာ တည်ရှိနေခြင်းကြောင့် စစ်ဘေးရှောင်များမှာ လက်နက်ကြီးနှင့် လေကြောင်းမှ ဗုံးကြဲချမည့် အန္တရာယ်တို့ကို စိုးရိမ်ထိတ်လန့်နေရသည်။

သိန္နီမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” ၁၂ ရက်တာကာလအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံပြည်သူ ၉ ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ကျောက်မဲ ပြောင်းခြံထဲ မပေါက်ကွဲသော မိုင်း၊ လက်နက်ကြီးများတွေ့ရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် မပေါက်ကွဲသေးသည့် စစ်လက်နက် အကြွင်းအကျန်နှင့် မြေမြှုပ်မိုင်းများကို တောင်ယာထဲတွင် တွေ့ရှိရခြင်းကြောင့် တောင်ယာ သီးနှံရိတ်သိမ်းရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းများကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး...