Saturday, July 13, 2024

သိန္နီမြို့နယ် ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီဝင်နေပြီး လက်နက်ကြီး ပစ်ခတ်နေ

Must read

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုရှိ ကွန်ကောက်ဘုန်းကြီးကျောင်း ၌ စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်နေရာယူပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၁၀) ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်ဖွဲ့သည် ကွန်ကောက်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ နေရာယူပြီး တောင်ပေါ်တွင် နေရာယူထားသည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း သိရသည်။

ပုံစာ – ဘုန်းကြီးကျောင်းအတွင်း နေရာယူထားသည့် စစ်ကောင်စီတပ်

“စကစ ရွာထဲ ဝင်လာတာ တွေ့ရတော့ ကချင်တပ်က တောင်ပေါ်မှာ နေပြီးတော့ လက်နက်ကြီးနဲ့ စပစ်တာ၊ အဲ့ကြောင့် စကစကလည်း ဘုန်းကြီးကျောင်းဝန်းထဲမှာ နေရာယူပြီး KIA ကို ပြန်ပစ်တာ။ လက်နက်ကြီး နဲ့ အပြန်အလှန်ပစ်ခတ်ကြတာ။ အခုချိန်ထိ စစ်ရေး တင်းမာတုန်းပဲ” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်နေရာယူထားသည့် တောင်သည် မုံမိန်းဘုရား စေတီ အနောက်ဘက် (လွႆၾၢႆႇလင် ၽြုးမုင်မိူင်း) ဖြစ်ပြီး နှစ်ဖွဲ့တပ်ဖွဲ့ နေရာယူထားသည့် နေရာများသည် သာသနာ့နယ်မြေဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ပေါက်ကွဲမှု ရှိကြောင်း သိရသော်လည်း ထိခိုက်ပျက်စီးမှုများကို သျှမ်းသံတော်ဆင့် အနေဖြင့် အတည်ပြုချက် မရ နိုင်သေးပေ။

အောက်တိုဘာလ (၆) ရက်မှ စတင်ပြီး သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း၌ စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့တို့က လက်နက်ကြီးဖြင့် အပြင်အလှန် ပစ်ခတ်မှု ရှိခဲ့သည့် အတွက် ဒေသခံ (၅၀၀) နီးပါးက စစ်ရှောင်နေရပြီး အရပ်သား အိမ် (၂) လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီမှ ပစ်လိုက်သည့် လက်နက်ကြီး ကျကွဲမှုကြောင့် ကွန်ကောက်ဘုန်းကြီး ကျောင်းဆောင် ပျက်စီးရပြီး ကောင်းချိုကျေးရွာ (ဝၢၼ်ႈၵွင်းၶဵဝ်) မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး လည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရမှု ရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article