Sunday, July 21, 2024

လောက်ကိုင်မြို့နယ် ပြည်သူ့စစ် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

Must read

သျှမ်းပြည် အထူးဒေသ (၁) လောက်ကိုင်မြို့နယ်အတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၉) ရက် ညနေပိုင်း ၅ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့၊ တုံချိန် ရပ်ကွက်၊ ထာဝရ အဝိုင်းပတ် အနီး၌ ပစ်ခတ်သံများ ထွက်ပေါ်လာပြီး ပြည်သူ့စစ် တပ်ဖွဲ့ အချင်းချင်း ပစ်ခတ်မှု ဖြစ်နိုင်ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရားမဝင် မှတ်ပုံတင် အများဆုံးလုပ်ပေးနေတဲ့ လောက်ကိုင်

“တုံချိန်ဘက်က ဟိုတယ်အနီးမှာ ပစ်ခတ်မှုတွေ ဖြစ်တာပါ။ တိုက်ရဲ့ အပေါ်ထပ်က တစ်ဖွဲ့၊ အောက်မှာ နေပြီး ပစ်ကြတာက တစ်ဖွဲ့၊ ပြည်သူ့စစ် တပ်ဖွဲ့ အချင်းချင်းပစ်ကြတာလို့ ပြောတယ်။ စီးပွားရေးဆိုင်တဲ့ ပြဿနာ တစ်ခုခုကြောင့် ပစ်ကြတာတဲ့၊ ဘယ်ပြည်သူ့စစ်တပ်ဖွဲ့လို့တော့ မသိရဘူး” ဟု လောက်ကိုင်မြို့ ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုသည် ၁၀ မိနစ်ခန့် ကြာမြင့်ပြီး ပစ်ခတ်မှုဖြစ်ပြီးနောက် လမ်းမပေါ် ပျံ့ကြဲနေသည့် ကျည်ဆန် အခွံ (၅၀) ထက်မနည်းကောက်ရကြောင်းလည်း အထက်ပါ အမျိုးသားတစ်ဦးက သျှမ်းသံတော် ဆင့်ကို ပြောသည်။

လောက်ကိုင်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များ ၊ ဟိုတယ် နှင့် လောင်းကစားဝိုင်းများ၌ လုံခြုံရေး ယူပေး သည့် ပြည်သူ့စစ် တပ်ဖွဲ့များသည် တစ်ဖွဲ့ နှင့် တစ်ဖွဲ့ ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းလည်း အသက် (၃၀) ဝန်းကျင် လောက်ကိုင်ရောက် အလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လုပ်ငန်းရှင်တွေ အချင်းချင်း ပြဿနာဖြစ်တဲ့အခါ ၊ သူတို့လိုချင်တဲ့လူကို လုတဲ့အခါတွေမှာ သူတို့ အတွက် လုံခြုံရေးယူပေးထားတဲ့ ပြည်သူ့စစ် တပ်ဖွဲ့တွေက ပစ်ခတ်ကြတာ။ တခါတလေ သေဆုံးမှု တွေ မနည်းဘူး။ လမ်းသွားလမ်းလာတွေ ၊ အရပ်သားတွေကိုလည်း ထိခိုက်တယ်” ဟု အသက် (၃၀) ဝန်းကျင် လောက်ကိုင်ရောက် အလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောက်ကိုင်မြို့သည် မြန်မာ – တရုတ် နယ်စပ်မြို့ ဖြစ်ပြီး လောင်းကစားရုံ လုပ်ငန်းများ၊ ဟိုတယ် နှင့် စားသောက်ဆိုင်လုပ်ငန်းများ ပေါများသည့် ဒေသလည်းဖြစ်ရာ မြန်မာနိုင်ငံအနှံ့မှ အလုပ်သမားများ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် ဒေသလည်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်းတွင်လည်း လောက်ကိုင်မြို့ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ နှင့် အာဏာသိမ်း စစ်ကောင်စီတပ်အကြား စစ်ရေးပြင်းထန်သည့် သတင်းထွက်ပေါ်သည့်အတွက် မြို့တွင်းလုံခြုံရေးကို စစ်ကောင်စီဘက်မှ တိုးမြှင့်ထားကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article