Thursday, May 2, 2024

လားရှိုးမြို့နယ် စစ်ကောင်စီ နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

Must read

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (စက်တင်ဘာလ ၆ ) ရက် နံနက်ပိုင်း ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့နယ် နောင်မွန်ကျေးရွာအနီး၌ ပစ်ခတ်သံများ စတင်ကြားရပြီး ၁၅ မိနစ်အကြာ၌ ပြန်လည် ငြိမ်သက်သွားကြောင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စိုင်းစော (နာမည်လွဲ) က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ပစ်ခတ်သံကတော့ သိပ်မကြာဘူး၊ နှစ်ဖက် ပစ်ခတ်သံမျိုးပါပဲ၊ TNLA နဲ့ စစ်ကောင်စီတို့ ပစ်ကြတာလို့ ပြောပေမဲ့ ကျနော်တို့လည်း သေချာမသိဘူး၊ အဲ့က ပစ်ခတ်သံတွေ ငြိမ်သွားပြီး ခဏအကြာမှာ စစ်ကား သုံး လေး စီးလောက် လာလှည့်ပတ်သွားတာ တွေ့ရတယ်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် စိုင်းစော (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားသည့် နေရာသည် လားရှိုးမြို့ နှင့် သီပေါမြို့ကို ဆက်သွယ်ထားသည့် ကားလမ်းမကြီး ဘေးတွင် ဖြစ်နေပြီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားကြောင်း သတင်းသိရသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ (၅) ရက် ည (၈) နာရီဝန်းကျင်တွင်လည်း နောင်မွန်ကျေးရွာအနီး ယာဥ်ခေတ္တရပ်နားထားသည့် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှု ရှိကြောင်းလည်း သိရသည်။

“သီပေါကနေ တက်လာတဲ့ ယာဥ်တန်း အစီး ၃၀ ကျော်လောက်တော့ ရှိမယ်ထင်တယ်။ လားရှိုးကို ဦးတည်သွားနေတာပေါ့။ နောင်မွန်ရွာ အကျော်နားလေးမှာ ခရီးတစ်ထောက်နားနေတုန်း ပေါက်ကွဲသံ ကြားရတယ်။ ကားထိခိုက်တာ ရှိပေမဲ့ ချက်ချင်းပဲ လားရှိုးကို ဦးတည်ပြန်ထွက်သွားတာ တွေ့ရတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မူဆယ်ခရိုင် နှင့် လားရှိုးခရိုင်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က စစ်ရေးတင်းမာနေလျက်ရှိပြီး နှစ်ဖက်တပ်ဖွဲ့ကလည်း စစ်ရေး အင်အား အပြိုင်ဖြည့်တင်းနေကြကြောင်း သိရသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၅ ရက် ည ၁၀ နာရီဝန်းကျင်တွင်လည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ခိုင်တံတားနားရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး 81 မမ အမျိုးအစားဖြင့် ရမ်းသမ်းပစ်ခတ်လိုက်သည့် အတွက် မိုင်းယုကျေးရွာရှိ အရပ်သားနေအိမ် ၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးပြီး၊ အိမ်မွေး တိရိစ္ဆာန်များလည်း သေဆုံးရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article