Monday, May 6, 2024

မူဆယ်မြို့ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

Must read

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးသည် ပိုက်ဆံလုယက်ခံရပြီး သေနတ်ပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

.

ယနေ့ (သြဂုတ် ၂၇ )ရက် နံနက် ၈ နာရီဝန်းကျင်တွင် မူဆယ်မြို့ရှိ မြို့မဈေးလမ်းကြား၌ ငွေလဲလှယ် လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့် အမျိုးသား ၃ ဦးက သေနတ်ဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ပိုက်ဆံလုယူသွားခဲ့ကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ပစ်ခတ်ခံရသည့်အမျိုးသမီး

“ အမျိုးသား ၃ ယောက်ပါတယ်။ သေနတ်နဲ့ လာပစ်သတ်သွားတာ။ ပိုက်ဆံတွေလည်း ယူသွားတယ်။ သေနတ် ပစ်ခံရတဲ့ အမျိုးသမီးက သွေးထွက်လွန်ပြီး ဆုံးသွားတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်ခံရသူ အမျိုးသမီးတစ်ဦးသည် အသက် ၄၅ နှစ်ကျော်အရွယ်ရှိပြီး ဈေးထဲ၌ တရုတ် ယွမ်ငွေ နှင့် မြန်မာ ကျပ်ငွေ လဲလှယ်သည့် လုပ်ငန်းလုပ်နေကြောင်း သိရသည်။

အမျိုးသမီးတစ်ဦး လုယက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အကြောင်းနှင့် ပတ်သက်၍ ပါသွားသည့် ငွေတန်ဖိုး စုစုပေါင်း မသိရသေးသလို အဆိုပါ ပြစ်မှုကျူးလွန်သူ အမျိုးသား ၃ ဦးကိုလည်း မည်သူဖြစ်ကြောင်း မသိရပေ။

“ ကျမတို့တော့ အပြင်ထွက်မှာတောင် ကြောက်တယ်။ အခုခေတ်က အလုပ်ရှာပြီး မလုပ်စားတော့လည်း ငတ်တယ်။ အလုပ်လုပ်ပြီး ပိုက်ဆံရှိ၊ နာမည်ကျော်တော့လည်း ပစ်သတ်ခံရတယ်ဆိုတော့ ဘာပဲ လုပ်လုပ် ကြောက်နေရတာပေါ့ “ ဟု မူဆယ်မြို့ အိမ်ရှင်မ တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မူဆယ်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များ မကြာခဏ ပစ်သတ်ခံရသဖြင့် တချို့ စီးပွားရေးလုပ်ငန်းရှင်ကြီးသည် လုံခြုံရေးအတွက် ရန်ကုန်၊ မန္တလေး စသည့် မြို့ပြကြီးသို့ ရွှေ့ပြောင်း နေထိုင်ကြသည်။

မူဆယ်မြို့နယ်တွင် စစ်ကောင်စီ အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် ဖြစ်သည့် TNLA ၊ SSPP/ SSA နှင့် MNDAA တပ်များ လှုပ်ရှားနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article