Thursday, May 2, 2024

ဖယ်ခုံ တစ်လကျော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၁၉ ဦး သေဆုံး

Must read

သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် တလကျော်ကြာ တိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ ၁၉ ဦး သေဆုံးပြီး၊ ဖယ်ခုံ (PDF) ရဲဘော် တဦးကျဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ပူးပေါင်းတပ်ဖွဲ့

ဇွန်လဆန်းပိုင်းမှစပြီး ဇူလိုင် ဒုတိယပတ်အထိ တစ်လကျော်ကြာ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်တပ်ဖွဲ့ အကျအဆုံး ရှိခဲ့ကြောင်း Karenni Revolution Union (KRU) က ယနေ့ ဇူလိုင် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲကြောင့် တိကျသော စာရင်းအရ စစ်ကောင်စီဖက်မှ (၁၉) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိသလို ပူးပေါင်းတပ်ဖွဲ့မှ ဖယ်ခုံ PDF ရဲဘော်တစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

“အခုတလောကတော့ ရန်သူဖက်ကနေ အင်အားတော်တော်လေး ဖြည့်လာတယ်ပေါ့နော်။ အဲ့ဒါ ဖယ်ခုံ၊ မိုးဗြဲဖက် အကုန်လုံးပေါ့။ ကျမတို့ သိသလောက်တော့ လက်နက်ကျည်အင်အား၊ လူအင်အား ဖြည့်လာတာ တော့ရှိတယ်။ ပြီးတော့ ကျမတို့ ဖယ်ခုံဘက်မှာလည်း ရွာထဲမှာကော သူတို့ နေရာယူထားတာရှိသလို ရွာရဲ့ အနီးပတ်ဝန်းကျင်မှာလည်း သူတို့နေရာယူထားတယ် “ ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေး PKPDF တာဝန်ခံ မပြေ က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ တိုက်ပွဲထဲ၌ ဗျူစောထီး အပါအဝင် စစ်ကောင်စီ၏ ခလရ ၂၄၈ တပ်ရင်းမှ တပ်ဖွဲ့များ ပါဝင်ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ PKPDF၊ KRU၊ SSDF (ရှမ်းတောင် ဒရုန်းတပ်ဖွဲ့)၊ LKPDF နှင့် ရှမ်းတောင်တပ်ပေါင်းစု အဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်နှင့် ခဲယမ်းများဖြစ်သော MG 3 ငါးကြင်းမှီး တစ်လက်၊ MA 3 တစ်လက်၊ တင့်ဖျက်မှိုင်း နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံ၍ ရေးသားဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article