Monday, May 6, 2024

ကရင်နီပြည် မယ်စဲ့ဗျူဟာကုန်းစစ်တပ်စခန်းမှ ဒု – ဗိုလ်မှူးကြီး အပါအဝင် တပ်သားများ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်ချပြီး အလင်းဝင်

Must read

ကရင်နီ (ကယား) ပြည် မယ်စဲ့မြို့နယ် ဗျူဟာကုန်း စစ်တပ်စခန်းမှ ဒု – ဗိုလ်မှူးကြီး အပါအဝင် တပ်သားများ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချပြီး အလင်းဝင်လာကြောင်း သတင်း သိရသည်။

ပူးပေါင်းပါဝင်လာသည့် စစ်ကောင်စီတပ်မှ လက်နက်များ

ဇွန်လ ၂၃ ရက် ညနေပိုင်းမှစပြီး မယ်စဲ့မြို့နယ် ထိုင်း – ကရင်နီနယ်စပ် ဘီပီ ၁၃ စခန်းရှိ စစ်ကောင်စီ ခမရ ၄၃၀ တပ်ရင်းမှူး ဒု – ဗိုလ်မှူးကြီး ဇာနည်အောင် နှင့် ဒု – တပ်ရင်းမှူး ဗိုလ်မှူးကျော်သူစိုးတို့ ဦးဆောင်ပြီး အင်အား ၆၀ နှင့်အတူ တော်လှန်ရေး အင်းအားစုများထံ လက်နက်ချပြီး အလင်းဝင်လာခဲ့ကြောင်း ငွေမောင်းသံ မီဒီယာမှ ရေးသားဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အတည်ပြုဖို့ရန် သျှမ်းသံတော်ဆင့် သတင်းဌာနမှ တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုခွင့်မရှိကြောင်း ပြန်လည် ဖြေကြားထားသည်။

ပူးပေါင်းပါဝင်လာသည့် စစ်ကောင်စီတပ်မှ လက်နက်များ

“အဲ့ဒါတော့ လောလောဆယ်ကျနော်တို့ ပြောခွင့် မရှိသေးဘူး။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှ ဘာမှဖြေရှင်းချက် မထုတ်သေးဘူး။ လက်ရှိ လုံခြုံရေးအရ ဘယ်သူမှ ဖြေလို့မရသေးဘူး “ ဟု တော်လှန်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၂၄ ရက်တွင် စစ်ကောင်စီ ဘီပီ ၁၃ စခန်းမှ နောက်ဆုံး ကျန်ရှိသည့် အင်အား ၂၀ ခန့် ၈၁ မမ ရှေ့ပွင့် ၁ လက်၊ ၈၁ မမ ၂ လက်၊ လက်နက်ငယ် ၁၀၀ အပါအဝင် လက်နက်ခဲယမ်းများကို တော်လှန်ရေး အင်အားစုများထံ အပ်နှံပြီး အလင်းဝင်လာခဲ့ကြောင်း ငွေမောင်းသံ မီဒီယာ မှ ရေးသား ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ ၄၃၀ မှ တော်လှန်ရေး အင်အားစုများထံ လက်နက်ချပြီး အလင်းဝင်လာသည့် သတင်းနှင့် ပတ်သက်ပြီး မကြာခင် သက်ဆိုင်ရာမှ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article