Tuesday, February 10, 2026

စစ်အုပ်စုအား ထိတ်လန့်စေသော ပန်းသပိတ်လှုပ်ရှားမှု

နိဒါန်း

ဇွန်လ ၁၉ ရက်၊ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုကြရင်း အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင် တော်လှန်ရေးလှုပ်ရှားမှုတရပ်အဖြစ် “ပန်းသပိတ်”ကို နွေဦးတော်လှန်ရေး အင်အားစုများနှင့် အတူ ပြည်သူလူထုက လိုက်ပါလှုပ်ရှားခဲ့ကြသည်။ ဇွန်လ ၁၅ ရက် စတင်ပြီး “ပန်းသပိတ်”အတွက် အကြိုဆော်သြမှုများ ဖြစ်သည့် “ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” ဆိုသည့် ကြွေးကြော်သံများသည် နိုင်ငံတဝှမ်းလုံးသို့ လွင့်ပျံ့နေခဲ့ပြီဖြစ် သည်။

ဓာတ်ပုံ-မကွေးခရိုင် (၁) တပ်ရင်း

မွေးနေ့ရှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မဖမ်းဆီး ခံထားကြရသည့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ အကျဉ်းသူအကျဉ်းသားများအားလုံး အား အောက်မေ့ခြင်း၊ လက်ရှိနွေဦး တော်လှန်ရေးအပါအဝင် တော်လှန်သမိုင်းအဆက်ဆက်တွင် ပါဝင်လှုပ်ရှားနေကြသော အမျိုးသမီးထု၏ ဂုဏ်ရည်ကို ဖော်ညွှန်းခြင်း စသည့် အကြောင်းရင်းခံများဖြင့် “ပန်းသပိတ်လှုပ်ရှားမှုကြီး”ကို ဆော်သြခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ရှင်းပြထားသည်။

ထို့အပြင် ကမ္ဘာ့ပြည် သူများ နည်းတူ၊ မြန်မာပြည်သူလူထုကပါ ပန်းများဖြင့် တွဲဖက်ရှုမြင်လေ့ရှိသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ထင်ဟပ်စေသည့်အတွက် “ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေ ထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ရော Off-line မှာပါ ပန်းသပိတ် ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။ လမ်းမထက်မှာ ‌နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည် သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ်တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်”ဟု ကြေညာခဲ့ပါသည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor အပတ်စဉ် သတင်းသုံးသပ်ချက်တွင် အရောင်အသွေးစုံ၊ ရနံ့သင်းထုံစွာဖြင့် မြို့ပြကျေးလက် နယ်စုံဒေသစုံမှ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်လာသည့် ပန်းသပိတ်လှုပ်ရှားမှုကြီးနှင့် အာဏာသိမ်းစစ်အုပ်စု၏ ကန့်သတ်ဟန့်တားမှုများ၊ ဖမ်းဆီးမှုများကို လက်လှမ်းမီသမျှ လေ့လာတင်ပြ သွားပါမည်။

အရောင်အသွေးစုံသော ပန်းသပိတ်လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများ စုပေါင်းကာ “တော်လှန်ပန်းများ လွင့်ပျံ၊ အမျိုးသမီးထု အားမာန်” ဟူသည့် စာသားပါ ချည်သားဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဇွန် ၁၉ ရက်နေ့ ပန်းသပိတ်ကို ဆင်နွှဲခဲ့ကြသည်။

မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ (၃) ရွာမှ ဒေသခံပြည်သူများ စု‌ပေါင်းကာ ပန်းသပိတ်ဆင်နွှဲခဲ့ပြီး နိုင်ငံကျော်အဆိုတော် ခင်မောင်တိုး၏ “ခွန်အားဖြည့်မိငယ်”သီချင်း အား သီဆိုပြီး မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည့်အား ဂုဏ်ပြခဲ့ကြပါသည်။

ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာ ပေါင်းစုံမှ ပြည်သူများကလည်း “ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ သူရဲကောင်းများအားလုံး ကျန်းမာစေကြောင်း ဆုတောင်းမေတ္တာပို့ရင်း စစ်အာဏာရှင် အမြစ်ပြတ်ရေး” ပန်းသပိတ်ပြုလုပ်ခဲ့ကြသည်။

မကွေးတိုင်း အမှတ်(၁)စစ်ဒေသ၊ မကွေးခရိုင် အမှတ် (၁)တပ်ရင်းမှ အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ် ဆင်နွှဲတိုက်ပွဲဝင်နေကြသော ရဲဘော်၊ ရဲမေများကလည်း ဦးခေါင်းထက်တွင် နှင်းဆီပန်းများ ပန်ဆင်ကာ ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မန္တလေးတိုင်း သပိတ်ကျင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်၊ ရဲမေများကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့်တကွ ဖမ်းဆီးထိမ်းသိမ်းခံထားရသော နိုင်ငံရေးအကျဉ်းသားအားလုံးကို လေးစားဂုဏ်ပြုသောအားဖြင့် ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပါသည်။ ပခုက္ကူခရိုင် အမှတ် (၁၀)တပ်ရင်းတွင်လည်း ရဲဘော်များ၏ ရင်ဘတ်ထက်တွင်နှင်းဆီပန်းများ ထိုးကာ ပန်းသပိတ် လှုပ်ရှားခဲ့ကြပါသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းတွင်တော့ ဒေသခံကလေးငယ်များ စုပေါင်းကာ ဒေါ်အောင်ဆန်းစု ကြည်၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ဦးဆောင်ပေးခဲ့သည်ဟု ဆိုပါသည်။

ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူများအတွက် ပန်းသပိတ်လှုပ်ရှားမှုနှင့်အတူ S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ကြာဇံဟင်းခါးဖြင့် အာဟာရဒါနကျွေးမွေးခဲ့ပါသည်။

ရန်ကုန်မြို့ရှိ တော်လှန်ရေးအင်အားစုများကတော့ လုံခြုံရေးတင်းကြပ်နေသည့်အကြားမှ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လှုပ်ရှားမှုအဖြစ် “We Miss You” စာသားပါ ချည်သားဆိုင်းဘုတ်ကို လူကူးဂုံးကျော်တံတား တစ်ခုတွင် ချိတ်ဆွဲထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာခရစ္စတင်းလီချာဗေး(Mr.Christain Lechervy)ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်တွင် ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းမှု စတင်ကတည်း က ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့အစည်း (EU) ကလည်း နှင်းဆီပန်းအပါအဝင် ပန်းပေါင်းစုံပါဝင်သည့် ဓာတ်ပုံအား ၎င်းတို့၏ Facebook Cover အဖြစ် ပြောင်းလဲဖော်ပြကာ ပန်းသပိတ်တွင် ပါဝင်လှုပ်ရှားခဲ့သည်ကို တွေ့ရပါသည်။

ဆိုရသော် ၇၈ နှစ်ပြည့်မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ပန်းသပိတ် လှုပ်ရှားမှုကြီးသည် အာဏာသိမ်းစစ်အုပ်စု၏ ထိန်းချုပ်နိုင်စွမ်းလျော့ရဲပျက်ပြားနေသည့် စစ်ကိုင်း၊ မကွေးကဲ့သို့ ဒေသများအတွင်း ရာနှင့်ချီသည့် စုပေါင်းလှုပ်ရှားမှုကြီးများကို မြင်တွေ့ခဲ့ရပြီး ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးပြကြီးများတွင်မူ ပြောက်ကျားနည်းလမ်းဖြင့် လည်းကောင်း၊ ညဏ်ပွင့်လန်းသလို ကိုယ့်နည်းကိုယ်ဟန်မျိုးစုံဖြင့် ပန်းသပိတ်တွင် ပါဝင်လှုပ်ရှားခဲ့ကြသည်ဟု ဆိုရပါမည်။

တချို့က ပန်းပွင့်များ ဆင်မြန်းပြီး ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ မွေးနေ့ဆုတောင်း စကားများနှင့်အတူ ရုပ်သံဖိုင်များ ရိုက်ကူးကာ လူမှုကွန်ရက်စာမျက်နှာများမှ တဆင့် ပန်းသပိတ်တွင် ပါဝင်လှုပ်သူများလည်း ရှိခဲ့သည်ကို မှတ်တမ်းပြုရပါသည်။

ပန်းသပိတ်က စစ်အုပ်စုအား ထိတ်လန့်စေ

ဇွန်လ ၁၉ ရက်၊ နိုင်ငံတဝှမ်းလုံးရှိ ပန်းသပိတ်လှုပ်ရှားမှုများသည် အာဏာသိမ်းစစ်အုပ်စုအား ကြီးမားစွာ ထိတ်လန့်ကြောက်ရွှံ့စေသည်ကို အံသြဖွယ်တွေ့ရှိရပါသည်။ အထူးသဖြင့် ပန်းပန်သူ၊ ပန်းရောင်းသူနှင့် ပန်းကို လက်တွင် ကိုင်ဆောင်သူကအစ အာဏာသိမ်းစစ်အုပ်စု၏ အစေအပါးတသိုက်က လိုက်လံဖမ်းဆီးခြင်းများ၊ ရိုက်နှက် ကြိမ်းမောင်းခြင်းများ ရှိခဲ့ပါသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ပေါ်တွင် ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်သည်ဟု စွပ်စွဲကာ အမျိုးသမီး (၅၀) ဦးနှင့် အမျိုးသား (၃၀)နီးပါး အား စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သည်။ မော်လမြိုင်ကျွန်းမြို့ အမှတ် ၉၊ ၁၀၊ ၁၁ ရပ်ကွက်များတွင် လူနေအိမ်များအတွင်းထိ စစ်ကောင်စီ တပ်သားများက ဝင်ရောက်ရှာဖွေစစ်ဆေးသည်ဟု ဆိုပါသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်ရှိ မြို့မစျေးအပါအဝင် မြို့တွင်းလူစည်ကားရာနေရာများတွင် ပန်းပန်ထားသူ၊ ပန်းရောင်းသူ အမျိုးသမီး ၄၀ ခန့်ကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်သားများက ဖမ်းဆီးခဲ့ပါသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နှင့် တာမွေမြို့နယ်များအတွင်း ပန်းသပိတ်တွင် ပါဝင်သဖြင့် အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့သည်။ မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင်မှ ထောင်ဝင်စာတွေ့ပြီး ပြန်လာသည့် ဒေါ်စန္ဒာမြင့်နှင့် အမျိုးသားနှစ်ဦးကိုလည်း ပန်းသပိတ် လှုပ်ရှားသည်ဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ပါသည်။

ဆိုရသော် လက်နက်အားကိုးဖြင့် နိုင်ငံတဝှမ်းလုံးရှိ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများ ပြုလုပ်နေသည့် အာဏာသိမ်းစစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်လှုပ်ရှားမှုကိုပင် လက်သင့်မခံနိုင်ဘဲ ထိပ်လန့်ကြောက်ရွံ့ နေသည်ဟု ဆိုရပါသည်။ နိုင်ငံတဝှမ်းလုံးတွင် ဇွန်လ ၁၉ ရက် နေ့ တစ်ရက်တည်း ပန်းသပိတ်လှုပ်ရှားမှုတွင် ပါဝင်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူပေါင်း ၁၅၀ ကျော် အထိ ရှိနေပြီး အများစုသည် အမျိုးသမီးများ ဖြစ်ကြသည်ကို တွေ့ရပါသည်။

သုံးသပ်တင်ပြချက်

နွေဦးတော်လှန်ရေးကာလတလျှောက်လုံးတွင် ယခုတကြိမ် ပန်းသပိတ်လှုပ်ရှားမှုသည် ဒုတိယမြောက်လှုပ်ရှားမှု ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက် ၇၆ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တုန်းကလည်း ယခုကဲ့သို့ ပန်းသပိတ်လှုပ်ရှားမှုမျိုး ပြုလုပ်ကာ အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

၇၈ နှစ် ပြည့် မွေးနေ့ရှင်အတွက် အထိမ်းအမှတ်အဖြစ် “ပန်းပန်ပြခြင်း”ကိုပင် လိုက်လံဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် နည်းမျိုးစုံ အသုံးပြု ဟန့်တားနေရခြင်းကို ထောက်ရှုကြည့်ပါက လက်နက်အားကိုးဖြင့် အဓမ္မ အာဏာလုယူထားသော စစ်အုပ်စုအတွက် တစုံတရာသော ထိတ်လန့်ကြောက်ရွံ့စေမှုကို ပန်းသပိတ်လှုပ်ရှားမှုကြီးက ပေးစွမ်းနိုင်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။

ယခုတကြိမ် ပန်းသပိတ်လှုပ်ရှားမှုကြီးသည် မွေးနေ့ရှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့်တကွ အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မဖမ်းဆီးခြင်းခံထားရသူ အားလုံးကို အောက်မေ့ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ လက်ရှိနွေဦးတော်လှန်ရေး အပါအဝင် တော်လှန်သမိုင်း အဆက်ဆက်တွင် ပါဝင်လှုပ်ရှား နေကြသော အမျိုးသမီးထု၏ ဂုဏ်ရည်ဂုဏ်ဒြပ်များအား ဖော်ညွှန်းခြင်းဖြစ်သည်။

ထို့အပြင် နွေဦးတော်လှန်ရေး ကာလတလျောက်လုံးတွင် အသုံးပြုခဲ့သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသခြင်းများအနက် နည်းလမ်းတစ်ခု ဖြစ်သည်။

နိုင်ငံတဝှမ်း မီးရှို့ဖျက်ဆီးမှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လေကြောင်းမှ တဆင့် ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုများကိုပင် နေ့စဉ်နှင့်အမျှ အချိန်မရွေး၊ နေရာမရွေး လူသားမဆန်စွာ ကျူးလွန်လျက်ရှိသော အာဏာသိမ်းစစ်အုပ်စုသည် ပန်းပန်ပြသည့် ပန်းသပိတ်လှုပ်ရှားမှုကိုပင် လက်သင့်မခံနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ အဓမ္မ အာဏာလုယူရန် ကြိုးပမ်းနေမှုအား ဆန့်ကျင်သော ပြည်သူလူထု၏ လှုပ်ရှားမှုတိုင်းကို စိုးရိမ်ကြောက်လန့်နေရပြီဟု ရှုမြင်သုံးသပ်ရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...