Thursday, April 25, 2024

လူငယ်တွေကို ဘာသာစကားတက်စေချင်တဲ့ တီချယ်လော

Must read

တရုတ်ဘာသာစကားတွေ လွှမ်းမိုးတဲ့ သျှမ်းမြောက်လို နေရာဒေသမှာ အင်္ဂလိပ် ဘာသာစကားကို ထိုးဖောက်သင်ကြားပေးနေသူ တစ်ယောက်ကတော့ ဆရာ စိုင်းတောင့်လော (သို့မဟုတ် ) တီချယ်လောပဲ ဖြစ်ပါတယ်။

တီချယ် စိုင်းတောင့်လော

ဆရာစိုင်းတောင့်လော ဟာဆိုရင် သျှမ်းပြည် သီပေါမြို့ နဲ့ မိုင်ပေါင်း လေးဆယ်ကျော် ဝေးတဲ့ တောရွာ လေးကနေ ကြီးပြင်းလာခဲ့သူ ဖြစ်ပြီးတော့ လက်ရှိမှာဆိုရင် သီပေါမြို့ပေါ်မှာ အင်္ဂလိပ် သင်တန်းကျော င်း EEC (Empower Education Camping) ကိုဦးဆောင်ပြီး အင်္ဂလိပ်စာ သင်ကြားပေးနေသူ တစ်ယောက်ပါ။

အင်္ဂလိပ် သင်တန်းကျောင်း EEC ကို ဘာကြောင့် ဖွင့်လှစ်ခဲ့တာလဲ၊ ဒီလို ဖွင့်လှစ်နိုင်ဖို့ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရလဲ ဆိုတဲ့ အကြောင်းကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့် ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံး အနေ နဲ့ ဆရာရဲ့ နာမည်နဲ့ အကြောင်းကို မိတ်ဆက်ပေးပါအုံးရှင့်။

ဖြေ ။ ။ မိုင်ဆုန်ခ ကျနော်ကတော့ စိုင်းတောင့်လော (Sai Toung Law) လို့ ခေါ်ပါတယ်။ တီချယ် Law လို့လည်း ခေါ်ကြပါတယ်။ ကျနော့်ရဲ့ နာမည်အရင်းကတော့ စိုင်းဦးခမ်းလို့ ခေါ်ပါတယ်။ ကျနော်က သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Empower Education Campaign (EEC) လို့ ခေါ်တဲ့ အင်္ဂလိပ်သင်တန်းမှာ Founder တစ်ယောက် အနေနဲ့ရော ပြီးတော့ တီချယ် တစ်ယောက် အနေနဲ့ရော ကျနော် ဦးစီးပြီး သင်ကြားပေးနေပါတယ်။

ကျနော်က သီပေါမြို့နယ် မိုင်လေးဆယ်လောက် ကွာဝေးတဲ့ တီ့မွမ်းဆိုတဲ့ ရွာလေးမှာ ကျနော်မွေးဖွား ကြီးပြင်းခဲ့တယ်ပေါ့နော်။ တောရွာကနေ ကြီးပြင်းခဲ့တဲ့ ကလေး တစ်ယောက် အနေနဲ့ ငယ်စဥ်ဘဝကတော့ အရမ်းကို ရိုးရှင်းခဲ့တယ်။ ဒါပေမဲ့ ငယ်စဥ်ဘဝတုန်းကတော့ အရမ်းကို ရိုးရှင်းပြီးတော့ ကိုယ့်ကိုယ်ကို လည်း ယုံကြည်မှု မရှိခဲ့ဘူး။ ဥပမာ – အတန်းထဲ ကိုယ်က အနိုင်ကျင့်ခံရတာတောင် ဆရာ/ဆရာမ တွေကို ပြန်ပြီးတော့ မတိုင်ရဲ ခဲ့ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့၊ အရမ်းကို ကြောက်တတ်တဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တယ်။

ဒါပေမဲ့ အသက်အရွယ်ရလာတဲ့ အချိန် လူငယ်ပိုင်း ရောက်လာတဲ့ အချိန်မှာတော့ မတူတဲ့ မြို့၊ ဒေသ၊ မတူညီတဲ့ သူတွေဆီကနေ ဗဟုသုတတွေ၊ ပညာတွေ သင်ခဲ့ရပြီးတဲ့နောက်မှာတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့ ယုံကြည်မှု ပိုရှိလာတယ်။ ပညာတွေ၊ ဗဟုသုတတွေ ပိုပြီးတော့ စုံလာတယ်။ ၂၀၁၇ မှာ ဖိလစ်ပင်းမှာ ဖွင့်လှစ်ထားတဲ့ DCM I ဆိုတဲ့ ကျောင်းမှာ တက်ရောက်ဖို့ စကောလားရှစ်ကို ရရှိဖို့ အခွင့်အရေး ကျနော်ရရှိခဲ့တယ်။ အဲ့ဒီနောက်မှာပဲ ရန်ကုန်မှာ ဖွင့်လှစ်ထားတဲ့ American Center မှာ အောင်မြင်တဲ့ သင်တန်းဟောင်း တစ်ယောက် အနေနဲ့ သင်တန်းသား / သူ အသစ်တွေဆီကို အတွေ့အကြုံတွေ ပြန်လည် မျှဝေခွင့် ရှိခဲ့ပါတယ်။ နောက်ပြီးတော့ ၂၀၁၈ မှာတော့ လားရှိုးတက္ကသိုလ်ကနေ E – Major နဲ့ ကျောင်းပြီးခဲ့ပါတယ်။ ဒါကတော့ ကျနော့် ငယ်စဥ်ဘဝကနေ အခုချိန်ထိ အကျဥ်းချုံးပေါ့၊ အခုဆိုရင်တော့ ကျနော်က ဆရာတစ်ယောက် အနေနဲ့ ရပ်တည်နေပါတယ်။

တီချယ် စိုင်းတောင့်လော

မေး ။ ။ ဘာကြောင့် ၊ ဘာရည်ရွယ်ချက် နဲ့ ဒီ EEC အင်္ဂလိပ် သင်တန်းကို ဖွင့်လှစ်ဖြစ်ခဲ့လဲရှင့်။

ဖြေ ။ ။ ကျနော်တက္ကသိုလ် ပြီးခဲ့တဲ့ အချိန်မှာ လူငယ်တစ်ယေက်အနေနဲ့ ဘာနဲ့ အသက်မွေးဝမ်းကြောင်း ပြုရမလဲ ဆိုတာ မသိခဲ့ဘူး။ စိတ်ဓာတ်တွေ ကျခဲ့တယ်။ ဘာလုပ်လို့ လုပ်ရမှန်း မသိခဲ့ဘူး။ ဖြစ်ချင်တဲ့ အရာတစ်ခုကို ပြောရမယ်ဆိုရင် အဲ့တုန်းက ကျနော်က အနုပညာကို အရမ်းရူးသွပ်ခဲ့တယ်။ ဘွဲ့လည်း ရလည်း ရပြီးတဲ့ အချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိတဲ့ အချိန်မှာ ကျနော့်ရဲ့ လက်ရှိနေနေတဲ့ မြို့လေးက ကျနော်တို့ခေါင်းဆောင် ဒေါ်နန်းစန်းစန်းအေးကနေပြီးတော့ ရုံးမှာ အင်္ဂလိပ်စာ အခမဲ့ သင်ပေးဖို့ စပြီးတော့ ကမ်းလှမ်းခဲ့တယ်၊ ပထမဆုံးမှာတော့ ကိုယ် လုပ်နိုင်ပါ့မလားဆိုတာ တွေးမိတာပေါ့နော်။ ကိုယ့်ရဲ့ အတွေ့အကြုံက ဘာလဲဆိုရင် အနုပညာကို ရူးသွပ်ပြီး ရန်ကုန်လို မြို့ကြီးမှာ အသက် ၁၅ နှစ်ကတည်းက ဆွေမျိုးတွေ မရှိတဲ့ နေရာမှာ ပြိုင်ပွဲတွေ သွားပြီးတော့ ဝင်ပြိုင်တယ်၊ အနုပညာမှာ ဖောက်ထွင်းဖို့အတွက် ကြိုးစားခဲ့တယ်ပေါ့နော်။ ဒါပေမဲ့ ၇ နှစ်၊ ၈ နှစ်လုံး ကြိုးစားခဲ့ပေမယ့် ကိုယ့် အနေနဲ့ ရလဒ်မကောင်းခဲ့ဘူး။ အဆက်အသွယ်လည်း မရှိခဲ့တော့ ကိုယ့်အတွက် အရမ်းကို ခက်ခဲခဲ့တယ်၊ အဲ့အချိန်က ကိုယ့်မြို့ကိုယ့်ရွာမှာကလည်း အင်္ဂလိပ် သင်တန်းက မရှိခဲ့ဘူး။ အရမ်းကို ရှားပါးခဲ့တယ်။ အဲ့ကြောင့် ကမ်းလှမ်းချက်ကို ကျနော် လက်ခံခဲ့တယ်၊ အင်္ဂလိပ် သင်တန်းကို လူငယ်၊ လူကြီးတွေဆီကို စပြီးတော့ မျှဝေပေးဖြစ်ခဲ့တယ်။ အဲ့ကနေ တစ်ဆင့် ကျနော်သင်လာတဲ့ တစ်နှစ်နီးပါးလောက် ရှိလာပြီးတဲ့ အချိန်မှာ အားလုံးက ကလေးအတန်းရော ဆက်မဖွင့်တော့ဘူးလား။ အဲ့လိုတွေ မေးလာတယ်။ ပြီးတော့ အဲ့အချိန်တုန်းက ကျနော်က အခြေခံ အတန်းလေးပဲ သင်ပေးဖြစ်ခဲ့တာ ဆိုတော့ အခြေခံ အတန်းပြီးရင် တခြား အတန်းကြီးကိုရော မဖွင့်ဖြစ်တော့ဘူးလား ဆိုတာမျိုးတွေကနေ တစ်ဆင့် လူတွေအများကြီးရဲ့ ကိုယ့်စွမ်းရည်ပေါ် ကို ယုံကြည်မှု ရှိလာတော့ Volunteer အဆင့်ကနေ အခုဆိုရင်တော့ အသက်မွေးဝမ်းကြောင်း အနေနဲ့ လျှောက်လှမ်းနိုင်ခဲ့ပြီပေါ့နော်။

မေး ။ ။ လူငယ်တွေ တော်တော်များများက ဘာသာစကားတစ်ခုခု တတ်ကျွမ်းပြီ ဆိုလို့ရှိရင် ကိုယ့်နေရာ ကိုယ့်ဒေသမှာ အခြေချ နေထိုင်ဖို့ထက် ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်ကြတာများတယ်၊ နောက်ပြီးတော့ လောက်ကိုင်လို နယ်စပ်ဘက်မှာ ဖြစ်ဖြစ် သွားကြတယ်၊ အဲ့ဒီ အပေါ်မှာရော ဆရာ့အနေနဲ့ ဘာများပြောချင်လဲရှင့်။

ဖြေ ။ ။ လူငယ်တွေ အနေနဲ့ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရှိကြတယ်ပေါ့နော်။ ဒီအပေါ်မှာ ကျနော့်အနေ နဲ့ ဘာများ ပြောချင်လဲ ဆိုရင် တချို့လူငယ်ကလည်း ပြည်တွင်းမှာ နေပြီးတော့ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြသလို၊ တချို့ကလည်း သူတို့ အိပ်မက်အကောင်အထည်ဖော်ဖို့ ပြည်ပထိ အခွင့်အရေး လိုက်ရှာကြတာလည်း ရှိတယ်။ ဒီနေရာမှာ ကျနော်ကတော့ လူငယ်တွေ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို ကြိုးစားပြီးတော့ အကောင်းဆုံး လျှောက်လှမ်းနေတာကိုတော့ ကျနော်အားကျမိပါတယ်။
ဒါပေမဲ့ လေ့လာနေတဲ့ အပိုင်းမှာ အကောင်းဆုံး သင်ယူစေချင်တယ်၊ လုပ်ကိုင်စေချင်တယ်၊ ပြီးတော့ ပြည်ပ ကနေ တစ်ဆင့် ကိုယ့်ရဲ့ ရပ်ရွာကို ပြန်လာပြီဆိုရင်လည်း ရပ်ရွာအတွက် သိတတ်သလောက် တတ်ကျွမ်းတဲ့ ပညာနဲ့ အားလုံးကိုပြန်ပြီးတော့ မျှဝေပေးစေချင်ပါတယ်။ သင်ကြားပေးစေချင်တယ်။ ဒါကတော့ ကျနော့်အနေနဲ့ လူငယ်တွေကို ပြောချင်တဲ့ စကားလေးပါ။

မေး။ ။ EEC သင်တန်းကို ဖွင့်လှစ်သင်ကြားလာတဲ့ တစ်လျှောက်မှာရော ဘယ်လို အခက်အခဲတွေ စိန်ခေါ်ချက်တွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရလဲရှင့်။

ဖြေ ။ ။ ပထမဆုံး ကြုံတွေ့ရတဲ့ အခက်အခဲကတော့ ကိုယ့်စိတ်ထဲကနေ လာတဲ့ ကိုယ့်ကိုယ်ကို မယုံကြည်ရာတွေ မေးခွန်းတွေ ထုတ်လာတယ်ပေါ့နော်။ ငါလုပ်နိုင်ပါ့မလား၊ ဒီအလုပ်က ကိုယ် တကယ်တတ်ကျွမ်းတဲ့ အရာရော ဟုတ်ရဲ့လား။ ကိုယ်သင်လိုက်တဲ့ သင်ခန်းစာကိုရော သင်တန်းသား/ သူတွေက လိုက်နာနိုင်ပါ့မလား။ တိုးတက်မှု ရှိနိုင်ပါ့မလား ဆိုတဲ့ အတွင်းကနေ လာတဲ့ ဒီကြောက်စိတ်တွေ အများကြီး ရှိခဲ့တယ်။ ကျနော်ဒါတွေကို ဘယ်လို ဖြတ်ကျော်ခဲ့လဲ ဆိုရင် ကိုယ့်ရပ်ရွာမှာ ရှိတဲ့ ကျနော်တို့လူငယ်တွေ တတ်ထားတဲ့ ပညာတွေ မျှဝေပေးမယ်၊ တတ်သလောက် ပြန်လည် သင်ကြားပြီး မျှဝေပေးမယ်ဆိုတဲ့ ဇွဲ နဲ့ စိတ်ဓါတ်ခွန်အားလေး နဲ့ ကျနော်လျှောက်လှမ်းခဲ့တယ်။

နောက်ထပ် အခက်ခဲတစ်ခုကတော့ အတန်းထဲက ကလေးငယ်တွေကို သင်ကြားပေးတဲ့အချိန်၊ သူတို့ကို အုပ်ချုပ်တဲ့ ထိန်းချုပ်တဲ့ ပုံစံတွေ၊ သင်ကြားတဲ့ ပုံစံတွေလည်း မတူညီတဲ့အခါမှာ သင်ပေးရတဲ့ နည်းလမ်းတွေပေါ့နော်။ အဲ့ဒီမှာ စပြီးတော့ အခုချိန်ထိ အခက်ခဲတော့ ရှိပါတယ်။

အခုအနေ နဲ့ ရှိနေတဲ့ အခက်အခဲက ဘာလဲဆိုရင်တော့ ကျနော်တို့ သင်တန်းနေရာပေါ့နော်။ သင်တန်းသားတွေက များလာတယ်၊ ဒါပေမဲ့ သင်တန်းရဲ့ နေရာက မကျယ်နေဘူး။ သင်တန်းရဲ့ တည်နေရာကို ဒီထက် ပိုကျယ်ဝန်းပြီး တော့ Activity တွေ ၊ Games တွေနဲ့ လွတ်လွတ်လပ်လပ် Active Participation လုပ်နိုင်ဖို့ နေရာအခက်အခဲတစ်ခုတော့ ရှိနေပါတယ်။

တီချယ်လော နှင့် ကျောင်းသားများ

မေး ။ ။ သျှမ်းမြောက်ဒေသက တရုတ်နဲ့ နီးတယ်ဆိုတော့ တရုတ်ဘာသာစကားကို တော်တော်များများက လေ့လာ သင်ကြားတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ အင်္ဂလိပ်စာ ဆရာတစ်ယောက်အနေနဲ့ ဘယ်လို အခက်အခဲရှိလဲ။

ဖြေ ။ ။ ဒါကတော့ မှန်ပါတယ်။ တရုတ်ဘာသာစကားဆိုရင် ကျနော်တို့ ငယ်စဥ်ကတည်းက မိဘ တော်တော်များများ ဟာဆိုရင် အင်္ဂလိပ် ဘာသာစကားနဲ့ တရုတ်ဘာသာစကား ယှဥ်လာပြီ ဆိုရင် တရုတ်ဘာသာ စကားကိုပဲ ပိုပြီး တော့ သင်ယူစေချင်တယ်ပေါ့နော်။ ဒါပေမဲ့ ဒီ အခုနောက်ပိုင်းမှာ ကျနော်တို့ သင်လာတဲ့ အတွေ့အကြုံအရ ဘာသာစကား နှစ်ခုလုံးကို လူကြီးတွေက သင်ယူစေချင်တာ တွေ့ရတယ်။ ဒါပေမဲ့ ကျနော် တစ်ခု ပြောချင်တာက ကလေးတွေ ဘာသာစကား လေ့လာတဲ့ အခါမှာ သူတို့ စိတ်ပါဝင်စားတဲ့ ဘာသာရပ်၊ ပြီးတော့ တကယ် တတ်ကျွမ်းလိုတဲ့ ဘာသာစကားကို ဦးစားပေး လေ့လာစေချင်ပါတယ်။

မေး ။ ။ ကလေးတွေ၊ လူငယ် လူရွယ်တွေ အတွက် အင်္ဂလိပ်စာ တတ်မြောက်မှု အင်္ဂလိပ် စာသင်ယူလေ့လာမှုက ဘယ်လောက်ထိ အရေးပါသလဲ။

ဖြေ ။ ။ ဒါကတော့ အများစု သိထားတဲ့ အတိုင်း အင်္ဂလိပ် ဘာသာစကားဆိုတာ ကမ္ဘာသုံး စကားဖြစ်တယ်။ ကိုယ်ကသာ ဒီဘာသာစကားကို တတ်ကျွမ်းထားတယ်ဆိုလို့ရှိရင် ပညာရေးပိုင်းမှာပဲ ဖြစ်ဖြစ် အလုပ်အကိုင် ပိုင်းမှာပဲဖြစ်ဖြစ် အခွင့်အရေးတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ကျနော်တို့တွေ့ရှိတဲ့ အရာက ဘာလဲဆိုရင် ကလေးတွေက ဇွဲ သိပ်မရှိကြဘူး၊ အင်္ဂလိပ် ဘာသာစကား အရေးကြီးတာ သိကြတယ်။ ဒါပေမဲ့ လေ့လာတဲ့ အချိန်ကာလကြာပြီဆိုရင် ငြီးငွေ့လာကြတယ်။ ဆက်ပြီးတော့ မလေ့လာချင်တော့ဘူး။ အဲ့လိုမျိုးတွေ ရှိတတ်ကြတယ်။ နောက်တစ်ခုက ဘာသာစကားတစ်ခုကို လေ့လာမယ်ဆိုရင် အဲ့ဘာသာစကား ကနေ တစ်ဆင့် ကိုယ့်ပျော်ရွှင်မှုတွေကို ရှာတတ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ တချို့သင်တန်းသူ/သားတွေကို မေးကြည့်တဲ့ အခါမှာ တချို့က နိုင်ငံခြားမှာ ကျောင်းဆက်တက်ချင်တယ်၊ တချို့ကလည်း Tour Guide ဖြစ်ချင်တယ်၊ တချို့ကလည်း သူတို့လေးစား အားကျတဲ့ ပုဂ္ဂိုလ်တွေ အဆိုတော်တွေ ၊ မင်းသမီးတွေရဲ့ အင်တာဗျူးတွေ၊ သီချင်းတွေ ကို နားလည်ချင်တယ် အဲ့လိုမျိုး အိပ်မက် သေးသေးလေးကနေ ကိုယ့်ကို ပျော်ရွှင်စေတဲ့၊ စိတ်လှုပ်ရှားစေတဲ့ အရာလေးတွေကို ရှာစေချင်တယ်။ အဲ့ဒီလို ပျော်ရွှင်မှုသေးသေးလေး၊ မျှော်မှန်းချက် သေးသေးလေးတွေ ထားတတ်ရင်လည်း တိုးတက်မှု ရှိလာမှာပါလို့ ပြောချင်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ လထဲမှာပဲ EEC ၄ နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်သွားတာ ဆိုရှယ်မီဒီယာကနေ တစ်ဆင့် တော်တော်များများကလည်း ဝမ်းမြောက် ဂုဏ်ယူတာတွေ့မြင်ရပါတယ်။ ဒီလို အခမ်းအနားဖြစ်မြောက်အောင် ကြိုးစား စီစဥ်ဆောင်ရွက်ခဲ့တဲ့ ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ ။ ။ လေးနှစ်တာ ကာလမှာ ကိုယ်လုပ်နိုင်ခဲ့တယ် ဆိုတဲ့ စိတ်လေးတော့ ရှိပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်မှာ သင်တန်းသား/ သူ ၁၅ ယောက် နဲ့ စခဲ့တဲ့ သင်တန်းပေါ့နော်။ လက်ရှိမှာဆိုရင်တော့ သင်တန်းသူ / သား ၁၅၀ ကျော် လက်ခံသင်ကြားပေးနေတာ ဖြစ်ပြီးတော့ လေးနှစ်ကြာ ကာလ အတွင်းမှာ သင်တန်းသား / သူ စုစုပေါင်း တစ်ထောင်ကျော်ကို သင်ကြားပေးနိုင်ခဲ့ပြီပေါ့။ ဒီ အပေါ်မှာ ကိုယ်လုပ်နိုင်ပြီ ဆိုတဲ့ စိတ်လေးပေါ့နော်။ ပြီးတော့ ဒါတွေ အားလုံးက အချိန်ခဏလေး လို့ ခံစားရတယ်။ ကိုယ်ဘယ်ကနေ စလာလဲ ဆိုတာ အရေးမကြီးဘူး။ ကိုယ့်ရဲ့ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ကိုယ်ကြိုးစားပိုင်ခွင့်ရှိတယ်။ ပြီးတော့ တချို့လူငယ်တွေကို ပြောချင်ပါတယ်။ ဘာလဲဆိုရင် တချို့လူငယ်တွေက ကိုယ်ကြိုးစားသလောက် ရလဒ်က မကောင်းခဲ့ဘူး ဆိုပြီး စိတ်ဓာတ်တွေကျပြီး ဘာမှ မလုပ်တာထက်စာရင် အသစ်တစ်ခုကို ထပ်ကြိုးစားကြည့်မယ်၊ ဒီကနေ တစ်ဆင့်ကိုယ့်အတွက် အောင်မြင်မှုတွေ ရလာနိုင်မယ် အဲ့လိုပေါ့နော်။ ပြီးတော့ ဒီအောင်မြင်မှု သေးသေးလေးကနေ လူတွေ ဂုဏ်ယူရတဲ့ အသိအမှတ်ပြုရတဲ့ လုပ်ရပ်တွေ အောင်မြင်မှုတွေ ရနိုင်အောင် ကြိုးစားပါလို့ သတ္တိတစ်ခု အနေနဲ့ လူငယ်တွေကို ကျနော်ပြောချင်ပါတယ်။

မေး ။ ။ လေးနှစ်ကြာ ကာလအတွင်းမှာ လူငယ်တစ်ယောက် အနေနဲ့ အခုလို အောင်မြင်လာအောင် ဆရာ့အနေနဲ့ ဘယ်လို ကြိုးစားခဲ့ရလဲ ဆိုတာလည်း ပြောပြပေးပါအုံးရှင်။

ဖြေ ။ ။ ကျနော် အခုလို လုပ်နိုင်လာခဲ့တာဟာ ဒီလေးနှစ်ကြာ ကာလအတွင်းမှာပဲ အတွေ့အကြုံတွေ ရရှိခဲ့တာ မဟုတ်ဘူး ပေါ့နော်။ ငယ်စဥ်ဘဝကတည်းက ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ ဘဝရဲ့ အစိတ်အပိုင်းက ကျနော့်ရဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ကနေ တစ်ဆင့် ကျနော်အတွေ့အကြုံကောင်းတွေ ယူခဲ့တယ်ပေါ့နော်။ ဥပမာ ခုနက ကျနော်ပြောတဲ့ ဒီစာသင်တဲ့ အရာနဲ့ အနုပညာပိုင်းမှာပေါ့နော်။ ကျနော့် အနေနဲ့ စာသင်တဲ့ အရာက စိမ်းခဲ့တယ်။ Lesson Plan တွေ သင်တန်းသူ/သင်တန်းသားတွေကို ဘယ်လို သင်ကြားပေးရမလဲ။ ဘယ်လို Activity တွေ နဲ့ ထည့်သုံးရမလဲ ဆိုတာတွေပေါ့နော်။ စစချင်း တစ်နှစ်အတွင်းမှာဆိုလို့ရှိရင် ညပေါင်းများစွာ အိပ်ရေးပျက်ပြီး Lesson Plan တွေ စဥ်းစားတယ်၊ ရလာပြီ။ ဒါပေမယ့် ဒီဟာက သင်တန်းသူ/ သားတွေ အတွက် အဆင်ပြေပါ့မလား၊ သူတို့တွေ ငြီးငွေ့ သွားမလား ဆိုတာတွေ ထပ်တွေးရတယ်။ ကျနော်က အခကြေးငွေ မယူဘဲနဲ့ သင်ကြားပေးခဲ့တယ် ဆိုရင်တောင်မှ သူတို့ရဲ့ တိုးတက်မှုလေးတွေကို မြင်ချင်ခဲ့တယ်။ ကျနော် ပေးဆပ်ခဲ့တဲ့၊ လုပ်ခဲ့တဲ့ အရာပေါ်မှာလည်း လေးစားမှုတွေလည်း အများကြီး ရလာခဲ့ပါတယ်။ အဓိက ကတော့ ကျနော့်ကို အားပေးတဲ့ ယုံကြည်တဲ့ သူတွေကနေပြီးတော့မှ ခွန်အားလေးတွေ ယူပြီး ရှေ့ဆက်ဖြစ်ခဲ့ပါတယ်။

မေး ။ ။ လက်ရှိ ဆရာဖွင့်လှစ်ထားတဲ့ EEC သင်တန်းကို အချိန်ကာလ ဘယ်လိုသတ်မှတ်ထားလဲ။ သင်တန်းသူ/ သားတွေရဲ့ အသက်အရွယ် နဲ့ အဆင့်တွေကိုရော ဘယ်လို ခွဲခြားပေးထားလဲ။

ဖြေ ။ ။ ကလေးဆိုရင် အသက် ၈ နှစ် ၊ ၉ နှစ်ကနေ စပြီးတော့မှ စလက်ခံပေးနေပါတယ်။ ပြီးတော့ အသက် ၁၅ နှစ်အောက် ဆိုရင် Level တွေ အဆင့်ဆင့် ရှိပါတယ်။ ၁၅ / ၁၆ နှစ်အထက်ဆိုလည်း Level တွေ ထပ်ခွဲပါသေးတယ်။ သင်တန်း မတက်ခင်မှာတော့ Place Men tase ကို ဖြေရပါတယ်။ အဲ့ကနေ ရလာတဲ့ ရလဒ်အရ သူတို့နဲ့ အဆင်ပြေတဲ့ အတန်းကို စစ်ဆေးပြီးတော့ ပို့ပေးဖြစ်ပါတယ်။ သင်တန်းကာလကိုတော့ တစ်တန်းကို လေးလလောက်တော့ ကြာပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ကျောင်း ၃ လပိတ်တဲ့ ကာလမှာဆိုရင် သင်ခန်းစာကို နည်းနည်းလျှော့ပြီးတော့ သုံးလ အပြတ် သင်ပေးရတဲ့ အတန်းလေးတွေလည်း ဖွင့်ပေးထားတာ ရှိပါတယ်။

တီချယ်လော

မေး ။ ။ အခုဖွင့်လှစ်နေတဲ့ သင်တန်းက Offline သပ်သပ်ပဲလား။ Online ကနေ သင်ကြားပေးတာမျိုးရော ရှိလား။

ဖြေ ။ ။ အခုလောလောဆယ်မှာတော့ Offline အဖြစ် အပြင်မှာပဲ သင်တန်းတွေ ဖွင့်လှစ်ထားပါတယ်။ အရင် ကိုဗစ် – ၁၉ ကာလ တုန်းကတော့ Online ကနေ သင်တန်းပို့ချပေးခဲ့တာ ရှိပါတယ်။ အခမဲ့ Online Class ဖြစ်တဲ့ ဥပမာ Speaking Camp လေးတွေကိုလည်း ကျနော် ဦးစီးပြီးတော့ ဆောင်ရွက်ခဲ့ဖူးပါတယ်။

မေး။ ။ နောက်ဆုံး အနေနဲ့ တခြားကြိုးစားနေတဲ့ လူငယ်တွေကို ဘယ်လို အားပေးစကား ပြောချင်လဲ။ သူတို့အတွက် အမှတ်တရ စကားဖြစ်အောင်ပေါ့နော်။

ဖြေ ။ ။ ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုပေါ်မှာ ဇွဲ၊ လုံ့လ ၊ ဝီရိယ နဲ့ လျှောက်လှမ်းနေတဲ့ လမ်းပေါ်မှာ ဘယ်လောက်ပဲ ကျရှုံးနေပါစေ အရှေ့ကိုပဲ ရှေ့ဆက်သွားမယ်ပေါ့နော်။ လဲကျရင်တောင်မှ ကိုယ်ပြန်ထတယ်။ ဖြစ်ချင်တဲ့ အရာ မရမချင်းကို အစွမ်းကုန် ကြိုးစားမယ်။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ဖြစ်မလာတဲ့ အချိန်ရောက်ရင်တောင်မှ ဖြစ်သင့်တဲ့ အရာကို ကိုယ်ဆောင်ပြီး ဝမ်းနည်း မနေပါနဲ့။ ဒါက ကိုယ့်ဘဝမှာ မှတ်တိုင် တစ်ခုခု စိုက်ထူနိုင်ခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အကောင်းဆုံး ကြိုးစားပါ။ ပြီးတော့ ကိုယ့်မှာ ရလာတဲ့ အခွင့်အရေးတွေကို ယူပြီးတော့့ပေါ့နော် ကိုယ့်ဘဝကောင်းမွန်ဖို့အတွက်၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်ပတ်ဝန်းကျင်တွေကို ပညာတွေ၊ အတွေ့အကြုံတွေ အသိပညာပေးတွေ မျှဝေပေးစေချင်ပါတယ်။

မေး ။ ။ ထပ်ပြီး ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပေးပါအုံး။

ဖြေ ။ ။ နောက်ဆုံး ကျနော် ဖြည့်စွက်ပြောချင်တာက ကျနော်ဟာ မြို့နဲ့ ဝေးကွာလှတဲ့ တောရွာကနေ ကြီးပြင်း လာခဲ့တယ်။ အရင်တုန်းက ကြောက်တတ်ပြီး ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့ ကလေးတစ်ယောက်အနေ နဲ့ပေါ့နော်။ ကိုယ့်ရဲ့ ဘဝ အစစ်အမှန်၊ ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ ယုံကြည်မှုတွေ ရှိလာအောင် ကိုယ့်ရဲ့ ဒီပတ်ဝန်းကျင်က အခက်အခဲတွေ ဘယ်လောက် ရှိပါစေ ကျော်ဖြတ်လာနိုင်ခဲ့ပြီးတော့ အခုချိန်မှာ ကိုယ်ဖြစ်ချင်တဲ့ အရာတွေ ဖြစ်ခွင့်မရခဲ့ရင်တောင်မှ ကိုယ်အကောင်းဆုံး ကြိုးစားနေတယ်။ ကိုယ့်ရဲ့ ဘဝတစ်ခုတည်းအတွက် သာမက ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ရပ်ရွာ၊ ကိုယ့်ရဲ့ လူထုကို အကျိုးပေးနိုင်တဲ့ လူငယ် တစ်ယောက် ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဖြစ်ချင်တဲ့ အရာတွေပဲ အမြဲတမ်း ဖြစ်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့် ကိုယ်ဖြတ်သန်းနေရတဲ့ ဘဝပေါ်မှာ နောင်တရပြီးတော့ စိတ်ဓာတ်ကျနေမယ့် အစား ကိုယ့်မှာ အခွင့်အရေးတွေ ထပ်ရှိတယ် ၊ ကိုယ့်မှာ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ဖြစ်နိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ အကောင်းဆုံး ကြိုးစားစေချင်ပါတယ်။ ပြီးတော့ ဒီ ကျနော့်ရဲ့ အတွေ့အကြုံကနေ တစ်ဆင့် ကိုယ်ဘယ်ကနေ လာလဲ ဆိုတာ အရေးမကြီးဘူး။ အဓိက ကတော့ ကိုယ့်ဘဝကို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ပြောင်းလဲနိုင်တယ် ဆိုတာ အားလုံးကို ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article