Thursday, May 30, 2024

နမ္မတူမြို့နယ်အတွင်း ရာသီတုပ်ကွေးကြောင့် ဖျားနာသူ များနေ

Must read

သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ် ဆိုင်းခေါင်ကျေးရွာအုပ်စု ကောင်းဆာကျေးရွာအတွင်းတွင် ရာသီတုပ်ကွေး ဖျားနှာ၊ ချောင်းဆိုးသူများလာကြောင်း သတင်းသိရသည်။

ရာသီတုပ်ကွေး

ကောင်းဆာကျေးရွာမှ ဒေသခံများသည် နှာစေး၊ ချောင်းဆိုး၊ ဖျားနာသူများအပြင် မျက်စိနာ ၊ လည်ချောင်းနာ ဝေဒနာ ခံစားနေရမှု များပြားနေကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစဖြစ်တော့ ဖျားသလိုလို ဖြစ်တယ်၊ နှစ်ရက် သုံးရက်လောက်ဖြစ်ပြီးရင် ချောင်းဆိုး၊ လည်ချောင်းနာတာ ဖြစ်တယ်၊ ပြီးတော့ မျက်စိတွေက နီရဲပြီး အရည်ကြည်တွေ ထွက်ပြီး နာလာတယ်။ တစ်ပတ်လောက်နေရင် အဖျားကျပေမဲ့ လူက နှုန်းလာတယ်၊ ဘာမှ လုပ်လို့ ကိုင်လို့ မရတော့လောက်ကို လူက နှုန်းနေတာ” ဟု ရောဂါ ဝေဒနာခံစားသည့် ကုန်းဆာမှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆိုင်းခေါင်ကျေးရွာအုပ်စုမှ ကောင်းဆာကျေးရွာသည် အိမ်ခြေ ၅၀ နီးပါး၊ ကျား (၉၉) ဦး၊ မ (၁၂၃) ဦး စုစုပေါင်း လူဦးရေ ( ၂၂၂ ) ဦး ရှိနေသည့် ရွာကြီးတစ်ရွာဖြစ်နေကြောင်းလည်း သိရသည်။

ဒေသခံများသည် အဆိုပါ ရာသီတုပ်ကွေးတစ်ခါကို တစ်ပတ် ၁၀ ရက် နီးပါးကြာ ခံစားရပြီး ကျေးလက်ဆေးပေးခန်းတွင် ဆေးကုသမှု ခံယူနေရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“လက်ရှိမှာတော့ ဆေးပေးခန်းမှာပဲ ဆေးကုနေပါတယ်၊ ဆေးခန်းကလည်း ညနေ ၄ နာရီကနေ ၈ နာရီထိပဲ ဖွင့်တယ်၊ နေ့တိုင်းနီးပါး ဆေးခန်းမှာ တိုကင်နံပါတ်ယူပြီး တန်းစီစောင့်ရတယ်။ ကျနော်တို့ မိသားစုဝင် ၇ ယောက် ရှိတာ ၇ ယောက်လုံးဖြစ်နေတော့ စားဝတ်နေရေးအတွက်ရော၊ လုပ်ငန်းကိုင်ငန်းတွေကိုရော ထိခိုက်တယ်” ဟု ၎င်းက ဆက်ဆိုသည်။

ဒေသခံများ ခံစားနေရသည့် ရာသီတုပ်ကွေးသည် ရက်ရှည်ဖြစ်နေသည့်အတွက် ဒေသခံများ၏ လုပ်ကိုင်စားသောက်ရေး နှင့် လုပ်ငန်းပိုင်း၊ ဝင်ငွေပိုင်းများလည်း ထိခိုက်လာကြောင်း ဒေသခံများက ပြောသည်။

ရာသီတုပ်ကွေးမိ ဖျားနာသူများ၏ ရောဂါ အခြေအနေသည် တစ်ကိုယ်လုံး အကိုက်အခဲ ဖြစ်နေပြီး နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ နှင့် မျက်စိနာခြင်း စသည်ဖြင့် တွေ့ရကြောင်း သိရသည်။

ထို့အပြင် ရာသီတုပ်ကွေးသည် တစ်ဦး နှင့် တစ်ဦး ကူးစက်နိုင်ပြီး အိမ်သား တစ်ဦး စတင် ဖျားပါက တခြား မိသားစုဝင်များလည်း အဖျားကူးနိုင်သည့်အတွက် သတိထားသင့်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article