သျှမ်းပြည် နမ္မတူမြို့နယ် ပိတ်ကလေးချောင်းသို့ ခရုရှာဖွေသည့် လင်မယား နှစ်ဦး ရေနစ်သေဆုံးသွားပြီး ဇနီးဖြစ်သူ အလောင်းကို လက်ရှိအချိန်ထိ ရှာမတွေ့သေးကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်တွင် လင်မယား နှစ်ဦးသည် နမ္မတူမြို့နယ် ပိတ်ကလေးချောင်းသို့ သွားပြီး ခရုရှာဖွေနေစဉ် ရေနစ်သေဆုံးသွားခဲ့ပြီးနောက် အမျိုးသားဖြစ်သူ အလောင်းကို မေလ ၁၄ ရက်က ပြန်လည် ရှာဖွေတွေ့ရှိခဲ့သည်။
ယနေ့ အချိန်ထိ ရေနစ်သေဆုံးသွားသည့် ၎င်း၏ ဇနီးအလောင်းကို ပြန်လည်ရှာဖွေခဲ့ရာ မတွေ့ရှိသေးကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေး အသင်းက ပြောသည်။
“သူတို့ ခရုသွားကောက်ရင်း မတော်တဆ ရေနစ်ဆုံးသွားတာဗျ။ အဲ့ဒီ ချောင်းက လူအလည်သွားတဲ့ နေရာတစ်ခု ဖြစ်တယ်။ သူတို့ လင်မယား နှစ်ဦးကလည်း ခရုသွားရှာတာပေါ့။ အဲ့ချောင်းကလည်း ခရုပေါတယ်လေ။ သူ့အမျိုးသား အလောင်းကိုတော့ ပြန်တွေ့ပြီ။ အခုထိ ပြန်မတွေ့သေးတာက သူ့ဇနီးပေါ့ “ ဟု ၎င်းက ပြောသည်။
အဆိုပါ ပိတ်ကလေးချောင်းအတွင်း ရေနစ်သေဆုံးမှုမှာ ပထမဖြစ်စဉ်ဟုလည်း ၎င်းကပြောသည်။
ထို့အပြင် ပိတ်ကလေးချောင်းသည် နမ္မတူမြို့ နှင့် မိုင်ပေါင်း ၂၀ ခန့်ကွာဝေးပြီး သင်္ကြန်ကာလအတွင်း လူများ လာရောက်လည်ပတ်ပြီး အပန်းဖြေသည့် ချောင်းတစ်ခုလည်း ဖြစ်သည်။