Wednesday, October 4, 2023

လားရှိုးမြို့နယ် တပ်ထွက်ဆရာဝန် မြေပွဲစား သတ်ဖြတ်ခံရ

Must read

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် တပ်ထွက်ဆရာဝန်မြေပွဲစားတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

လားရှိုးမြို့

ပြီးခဲ့သည့် ဧပြီ ၃၀ ရက်တွင် လားရှိုးမြို့ မြေပွဲစား ကိုအောင်မြိုင် (၅၃) နှစ် တပ်ထွက်ဆရာဝန်သည် ဖမ်းဆီးခံရပြီး သတ်ခံရကြောင်း သိရသည်။

အဆိုပါ ကိုအောင်မြိုင်သည် ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် သတ်ဖြတ်ခံခဲ့ရကြောင်း ကိုအောင်မြိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ သူနဲ့ ကျနော်တို့ ခင်လာတာ ၇ နှစ်လောက်ရှိပြီ။ သူက တပ်ထွက် ဆရာဝန်၊ သူသတ်ခံရတာ ကျနော်သိသလောက်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် ဖြစ်တယ်။ သူက မိန်းမတွေ အရမ်းရှုပ်တယ်။ သူ့ ဇနီးသေသွားတာ ၂ နှစ်လောက်ရှိပြီ။ ဘယ်သူသတ်တာလဲတော့ မသိသေးပါဘူး” ဟု ၎င်းက ပြောသည်။

ကိုအောင်မြိုင်ကို ဧပြီ ၃၀ ရက်တွင် ရှန်ခိုက် ရာဘာခြံမှာ လာရောက်ဖမ်းဆီးသွားပြီး၊ မေလ ၁ ရက်တွင် တောင့်တလောင်ရွာ၌ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

ထိုရုပ်အလောင်းမှာ လက်ကိုကြိုးတုတ်ခံထားကာ မျက်လုံးထိုးခံထားရပြီး ဦးခေါင်း နောက်စေ့တွင် ဒဏ်ရာ နှင့် သေဆုံးသွားကြောင်း သိရသည်။

လက်ရှိ လားရှိုးမြို့နယ်တွင်း မြေဈေး တစ်ဖန် ပြန်မြင့်တက်လာခဲ့ပြီး ဝယ်ယူသူ များပြားလာသည့် အတွက်ကြောင့် ပွဲစားများက ငွေကြေးဆိုင်ရာ ၊ ကိုယ်ရေးကိုယ်တာကိစ္စ၊ ရုံးပိုင်းဆိုင်ရာကိစ္စ စသည်တို့အတွက် စိုးရိမ်နေရကြောင်း သိရသည်။

“လားရှိုးမှာက မြေပွဲစားတွေက အရမ်းရှုပ်ကြတယ်။ ငွေကြေးတွေကော ၊ ရုံးပိုင်းဆိုင်ရာတွေကော ၊ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ကော အရမ်းရှုပ်ကြတယ်။ ငွေကြေးကြောင့်ဆိုရင် လာဖမ်းသွားတာရှိတယ်။ အများစုကတော့ ဖမ်းပြီးရင် ပြန်လွတ်ပေးပါတယ်။ ရက်ချိန်းပြီး ပိုက်ဆံပြန်ပေးရတာပေါ့။ လားရှိုးမှာလည်း မြေဈေးတွေပဲ အလုပ်ဖြစ်တယ်လေ” ဟု လားရှိုးမြို့နယ်အတွင်း မြေပွဲစားလုပ်နေသူက ပြောသည်။

လားရှိုးမြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေဈေးတွေ ပြန်မြင့်တက်လာသည့် အတွက်ကြောင့် မြေပွဲစားများ ပေါများလာခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article