သျှမ်းပြည် လားရှိုးခရိုင် သန္နီမြို့နယ် နမ့်စလပ်ကျေးရွာအထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်တွင် ဓားပြတိုက်တစ်စုက ဝန်ထမ်းများကို ဓားပြဝင်တိုက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် (မေလ ၃ ရက်) ညအချိန်တွင် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအထွက်ရှိ အိုရီယမ်တယ်တိုးဂိတ်ကို ဓားပြဝင်တိုက်သည့် အမျိုးသား ၈ ဦးက တိုးဂိတ်၌ အစောင့်တာဝန်ကျ အမျိုးသား ၂ ဦးအား ဓားဖြင့် ခြိမ်းခြောက် ငွေတောင်းယူခဲ့ရာ ထိုအစောင့်တာဝန်ကျ အမျိုးသား ၂ ဦးက မပေးသဖြင့် ထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးကြိတ်ရိုက်နှက်ခဲ့ပြီးနောက် ၎င်းတို့မှ ကြောက်လန့်၍ မီးခံသေတ္တာအတွင်း သိမ်းဆည်းထားရှိသည့် လမ်းအသုံးပြုခ ကောက်ခံထားရသည့် ငွေ ကျပ်သိန်း ၄၀ ခန့်ကို ပေးလိုက်ရကြောင်း ဒေသခံတစ်ဦး ကပြောသည်။
“ ဟုတ်တယ်။ အဲ့ တိုးဂိတ်က အစောင့်တွေကို ဓားပြဝင်တိုက်တာ။ သိန္နီမှာကလေ သူခိုး၊ ဓားပြတွေ အရမ်းဆိုးနေတယ်။ ဆိုင်ကယ်ကို အိမ်ဝိုင်းထဲမှာ ထည့်လည်း ခိုးခံရတာပဲ။ ဘယ်သူ့မှ လုံခြုံရေး မလုပ် ပေးတော့ဘူး၊ ကိုယ့်ဟာကိုယ် လုံခြုံရေး ယူရတယ်။ လမ်းသွားလမ်းလာ ဖုန်းပြောရင်လည်း မရဘူး။ လုခံရတယ်။ ကားတောင် သော့တန်းလန်းနဲ့ ထားရင် သူခိုးတွေမောင်းသွားတာ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ အိုရီယမ်တယ်တိုးဂိတ်ကို ဓားပြတိုက်ဝင် အမျိုးသား ၈ ဦးက ဓားပြဝင်တိုက်ပြီးနောက် တွန်မုံကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သိန္နီမြို့အပြင် မူဆယ်၊ နမ့်ခမ်း၊ လားရှိုး၊ တန့်ယန့်း နှင့် တာချီလိတ် စသည့် မြို့များတွင်လည်း သူခိုး၊ ဓားပြ၊ ခိုးဆိုးလုယက်မှု၊ ဒုစရိုက်များလည်း ပေါများလာနေပြီး ဒေသခံများ၏ လုံခြုံမှု မရှိတော့ကြောင်း သိရသည်။











Leave a Comments