Friday, April 26, 2024

ဖယ်ခုံ – ပင်လောင်း တိုက်ပွဲအတွင်း စစ်ကောင်စီ ၅၀ သေဆုံး၊ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ်ကြား စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား (၅၀) သေဆုံးခဲ့ပြီး၊ လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ထုတ်ပြန်ချက်အရ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မှ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား

အဆိုပါ ထုတ်ပြန်ချက်တွင် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်သား (၃၀) ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ များပြားသည်။

ထို့ပြင် စစ်ကောင်စီ၏ လက်နက်ပစ္စည်းများဖြစ်သည့် MA-1 (၃) လက် ၊ MA-2 (၃)လက် ၊ MA-3 (၂) လက် ၊ MA-4 ၇၉ တွဲ (၁) လက် ၊ MG – 3 (၁) လက် ၊ RPG 7 (၁) လက် ၊ 60 MM စိန်ပြောင်း (၁) လက် ၊ ဆက်သွယ်ရေးစက် (၂) လုံး နှင့် ဆက်စပ် ခဲယမ်း မီးကျောက်များ၊ အသုံးအဆောင်များအား သိမ်းဆည်း ရမိခဲ့သည်။

စစ်ကောင်စီ လက်နက်များ

ထိုတိုက်ပွဲတွင် ကရင်နီပူးပေါင်း မဟာမိတ်များဖြစ်သည့် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊ ကရင်နီတပ်ပေါင်းစု၊ KGZ ၊ KRU နှင့် URF တို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အထက်ပါ တိုက်ပွဲအတွင်း KNDF B/11 မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဧပြီ ၂၆ ရက် နံနက်ပိုင်းတွင် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီ ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်း ကို တပ်ပေါင်းစုဖြစ်သည့် KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှာ (၂၀) ဦး သေဆုံးခဲ့ပြီး၊ ၂ ဦး ဖမ်းဆီးရမိကြောင်း KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီလက်နက်များ

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများဖြစ်သည့် MA – 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ ) ပြောင်း သိမ်းဆည်း ရရှိခဲ့သည်။

ဧပြီ ၂၆ ရက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အဆမတန် အသုံးပြုပြီး ပစ်ခတ်ခဲ့သည့် အပြင် ဂျက်ဖိုက်တာဖြင့် (၄) ကြိမ်ခန့် လာရောက်ကူပစ်ခဲ့ကြောင်း လည်းသိရသည်။

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစပြီး ထိတွေ့တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေခဲ့သလို မိုးဗြဲမြို့တွင်လည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် (PNDF-KK) မှ သတင်း နှင့် ပြန်ကြားရေး တာဝန်ခံ ခွန်ဗွေဟုန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့ အချိန်ထိတော့ တိုက်ပွဲဖြစ်နေတယ်။ နေ့တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ လေယာဥ်တွေနဲ့လည်း လာတိုက်ခိုက် နေတာရှိတယ်။ တိုက်ပွဲက မငြိမ်သေးဘူး” လို့ ခွန်ဗွေဟုန်း က ဆိုသည်။

စစ်ကောင်စီသည် ပင်လောင်းမြို့နယ် လုံးပျဥ်ကျေးရွာအုပ်စု လယ်ကြားကျေးရွာဒေသခံများကို လက်နောက်ပြန် ကြိုးတုတ်ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း ဧပြီ ၂၈ ရက်တွင် KNDF Pekhon Zone က ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article