Thursday, April 25, 2024

မူဆယ် လုံထန်ပြည်သူ့စစ်တစ်ဦး ပစ်သတ်ခံရ

Must read

သျှမ်းပြည် မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ် ယနေ့ (ဧပြီ ၂၇) ရက် နံနက် ၈ နာရီတွင် မင်းထိပ်ခေါင် လက်ဖက်ရည်ဆိုင်တွင် စားသောက်နေသည့် လုံထန်ပြည်သူ့စစ် အဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရကြောင်း စုံစမ်းသိရသည်။

သေဆုံးသွားသည့် လုံထန်ပြည်သူ့စစ်

ယနေ့ မူဆယ်မြို့ စက်မှုနယ်မြေ မင်းထိပ်ခေါင် လက်ဖက်ရည်ဆိုင်အတွင်း လုံထန်ပြည်သူ့စစ် တစ်ဦးသည် စားသောက်ပြီး အမ်းငွေစောင့်ဆိုင်းနေစဥ် အမည်မသိ လက်နက်ကိုင် အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ သူ (လုံထန် ပြည်သူ့စစ်) အနောက်ကနေ ပြီးတော့ လာပစ်သွားတာ။ ဘယ်သူလဲတော့ မသိဘူး။ ပစ္စည်းလာဝယ်သလိုလိုနဲ့ လာပစ်သွားတာ။ သူ့ ဦးခေါင်းအနောက်ဘက်ကို ပစ်သွားတာ။ အဲ့နားမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာ ” ဟု သေဆုံးသွားသည့် ပြည်သူ့စစ်၏ အမျိုးသမီးက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ပြည်သူ့စစ်သည် လုံထန်ပြည်သူ့စစ်ထဲတွင် အရာရှိတစ်ဦးဖြစ်ကြောင်း ယခုကဲ့သို့ လုံခြုံမှုမရှိ ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံပြည်သူများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေရသည်။

သေဆုံးသွားသည့် လုံထန်ပြည်သူ့စစ်

“ ပြည်သူ့စစ်ထဲကတော့ မှန်ပါတယ်။ အရာရှိပိုင်းပဲသူက။ တပ်ခွဲမှူး၊ တပ်စုမှူးလားတော့ သေချာမသိဘူး။ အခုလို နိုင်ငံရေးမကောင်း သေနတ်တွေကိုင်ပြီး သွားလာနေတာရှိတော့ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်ရတာပေါ့။ အသွားအလာ ဆင်ခြေရတယ်။ ကိုယ်နဲ့ မသိတဲ့သူတွေဆိုရင်လည်း သိပ်ရောမနေဘူး” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ သေဆုံးသွားသည့် ပြည်သူ့စစ်၏ အမျိုးသမီးကလည်း “ စိတ်မကောင်းဖြစ်တာကလွဲပြီးတော့ ဘာမှ မပြောချင်တော့ပါဘူး။ အဲ့လိုမထင်မှတ်ဘဲ ဖြစ်သွားတာကို ရူးမတတ် ခံစားရပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့ သိန်းသန်းချီကားကွင်းတွင် လုံခြုံရေးယူထားသည့် ပြည်သူ့စစ်ဂိတ်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ရာတွင် ၂ ဦး သေဆုံးသွားပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article