Wednesday, April 24, 2024

ပင်လောင်းမြို့ လူငယ်များ မှတ်ပုံတင်လုပ်ရာ ကျပ်ငွေ ၅ သောင်းပေးရ

Must read

သျှမ်းပြည် ပင်လောင်းမြို့တွင် နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်ကတ်ပြုလုပ်ရာမှာ ကျပ်ငွေ ၅ သောင်း ပေးဆောင်ရကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်နေ့တွင် ပင်လောင်းမြို့ လဝကရုံးမှာ မှတ်ပုံတင်သွားလုပ်ခဲ့ရာ သွေးစစ်ဆေးခ နှင့် တစ်ခြား စာရွက်စာတမ်းခ ၅ သောင်းကျပ် ပေးဆောင်ခဲ့ရကြောင်း သိရသည်။

“ ၁၈ ရက်နေ့က ကျနော်တို့ လဝက ရုံးမှာ မှတ်ပုံတင်သွားလုပ်တာ။ အဲ့ဒါ သွေးစစ်ခ နဲ့ ဘာညာခ ဆိုပြီးတော့ ပိုက်ဆံ ၅ သောင်းတောင်းတယ်။ ကျနော်တို့က ထိုင်းသွားဖို့အတွက် မှတ်ပုံတင်သွားလုပ်တာ” ဟု မှတ်ပုံတင် သွားလုပ်ခဲ့သည့် အမျိုးသားက ပြောသည်။

ထိုသို့ မှတ်ပုံတင် ပြုလုပ်ရာတွင် ငွေပေးဆောင်ရသည့်အတွက်ကြောင့် ဒေသခံများအတွက် ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ယခင် NLD အစိုးရလက်ထက်က မှတ်ပုံတင်ပြုလုပ်ရာတွင် ငွေပေးဆောင်ရခြင်း အနည်းငယ်သာရှိပြီး ယခု အာဏာသိမ်းပြီးနောက်ပိုင်း ငွေပိုပေးရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ အခုငွေရှာရတာက အရမ်းခက်တယ်လေ။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း အရမ်းဈေးကြီးလာတယ်လေ။ ၅ သောင်းပေးရတာတော့ များတာပေါ့။ ဟိုအရင်ကဆိုရင် သွားလုပ်တာ ၅ ထောင်လောက်ပဲ ပေးရတယ်။ ကျနော်တို့အတွက်က အခု ပိုက်ဆံရှာရတာလည်း ခက်တယ်။ အစိုးရဌာနတွေကလည်း တစ်ခုခု သွားလုပ်ရင် ပိုက်ဆံအရမ်းတောင်းတယ်” ဟု အထက်ပါ သူက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းရှိ ဌာနဆိုင်ရာများထဲတွင် ငွေတောင်းယူမှု ရှိလာကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article