Saturday, April 20, 2024

အရှိန်မြှင့်လာသော စခန်းသိမ်းတိုက်ပွဲများနှင့် ပေါင်းစည်းရေးလက္ခဏာ

Must read

နိဒါန်း

၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)များနှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) ခေါင်းဆောင်များက ကြွေးကြော်ထားပါသည်။

အာဏာသိမ်းစစ်အုပ်စုအား ခုခံတော်လှန်စစ်အရှိန် သည် ပိုမိုပြင်းထန်လာပြီး အားကောင်းသည့် စုစည်းမှုများဖြင့် ပစ်မှတ်ထားထိုးစစ်ဆင်မှုများအသွင်သို့ ပြောင်း လဲလာသည့်လက္ခဏာများကို တွေ့မြင်လာပါသည်။

၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက စတင်ကာ တွေ့မြင်လာရသော အာဏာသိမ်းစစ်ကောင်စီတပ်များ ခြေကုတ်ယူရာ စစ်စခန်း၊ ရဲစခန်းများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် စခန်းသိမ်းတိုက်ပွဲများသည် ယခုနှစ်အတွင်း ခပ်စိတ် စိတ်မြင်တွေ့ကြားသိနေရပြီဖြစ်သည်။ တစ်ဖက်တွင်လည်း ဒေသတွင်းခုခံတော်လှန်ရေးအင်အားစုများအချင်း ချင်း ပေါင်းစည်းအားယူကာ ဗျူဟာကျကျချဉ်းကပ်နေကြသည်ကိုလည်း သတိပြုမိပါသည်။

ယခုတစ်ပတ် BNI – Myanmar Peace Monitor ၏ အပတ်စဉ်သတင်းသုံးသပ်ချက်တွင် နွေဦးတော်လှန်ရေး အင်အားစုများ၏ စခန်းသိမ်းတိုက်ပွဲများနှင့် ပေါင်းစည်းရေးလက္ခဏာများကို လေ့လာတင်ပြသွားပါမည်။

ဖြစ်စဉ်များ

၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်၊ မကွေးတိုင်း ရေစကြိုမြို့နယ် မအူရဲကင်းစခန်းကို ဒေသတွင်းမဟာမိတ် ၄ ဖွဲ့နှင့်အ တူ ဒရုန်းအဖွဲ့ကပါ ပူးပေါင်းပြီး မြေပြင်၊ ဝေဟင် စခန်းသိမ်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့ကြပြီး စစ်ကောင်စီလက် အောက်ခံစခန်းမှူးအပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း မြေလတ်အသံသတင်းဌာနက ဆိုသည်။

အဆိုပါစခန်း သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် (ပကဖ) ၊ မြိုင် ပကဖ တပ်ရင်း – ၂ ၊ Salingyi Special Task Force – SSTF နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး SSTF ၏ တပ်ခွဲတစ်ခုဖြစ်သည့် Salingyi Spaceman Drone Army( SSDA) ကလည်း ဝေဟင်မှတဆင့် ဒရုန်း ဖြင့် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုပါသည်။

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ရာ မူတြော်ခရိုင် သံလွင်မြစ်ကမ်းဘေးရှိ မယ်ခါး ထာစစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မယ်တရိထာ(ခေါ်) မယ်ခါးထာစစ်ကောင်စီတပ်စခန်း နေရာသည် KNLA တပ်ရင်း (၂၀) အခြေစိုက်ရာ နေရာဖြစ်ပြီး ၁၉၉၅ ခုနှစ်၊ KNU ဗဟိုဌာနချုပ်- မာနယ်ပလော ကျဆုံးချိန်က KNLA စခန်းဟောင်းတစ်ခုဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် KIC က ဆိုပါ သည်။

KNU/KNLA သည် သံလွင်မြစ်ဘေးရှိ စခန်းများဖြစ်သည့် သီးမူးထာစစ်ကောင်စီတပ်စခန်းကို ၂၀၂၁ခုနှစ် တွင်လည်းကောင်း၊ ကျောက်ညှပ်စခန်းကို ၂၀၂၂ ခုနှစ်တွင်လည်းကောင်း တိုက်ခိုက်သိမ်းပိုက်ထားပါသည်။

၂၀၂၃ ခုနှစ် မတ်လ ၁၆ရက်၊ ထိုင်း – မြန်မာနယ်စပ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ ရှေ့တန်း တပ်စခန်းခမ်းတစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့(KnMIC)က ထုတ်ပြန်ထားသည်။

ကရင်နီပြည် ဘောလခဲမြို့နယ် နန်းဖဲရွာအနီရှိ စစ် ကောင်စီ၏ မယ်စလောင်းတောင်တပ်စခန်းကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၀ရက်တွင် ကရင်နီဒေသတွင်း ပူးပေါင်းတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကန္တာရဝတီတိုင်း(မ်)သတင်းဌာနက ဆိုပါသည်။

ချင်းပြည်နယ် ထန်တလန်မြို့ ဇုန်မွှန်ရပ်ကွက်ရှိ စစ်ကောင်စီတပ်များ ခြေကုတ်ယူတပ်စွဲထားသည့် ရဲစခန်းကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် CDF-Thantlang ပူးပေါင်းတပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် ခိုနူမ်းသုန်တွင် ဖော်ပြထားသည်။

ယင်း သို့ရဲစခန်းသိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ရက် နံနက်ပိုင်း ဝေလီဝေလင်းအချိန်ကစ၍ ထန်တလန်မြို့နယ် ဗန်ဇံတောင်ကြောရှိ CNA တပ်စခန်းငယ်တစ်ခုနှင့် လုံလဲရ်ကျေးရွာကို တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

ဆိုခဲ့ပါစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်များသည် ယခုနှစ်အတွင်း တွေ့ရှိခဲ့ရသော ခုခံတော်လှန်စစ်ပွဲများအနက် အချို့ ကို လက်လှမ်းမီသမျှ တင်ပြခဲ့ခြင်းသာဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲများ၏ နောက်ဆက်တွဲအဖြစ် စစ်ကောင်စီ တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို တွေ့ရှိရပါသည်။

ထူးခြားချက်အဖြစ် ခုခံတော်လှန်ရေးအင်အားစုများ ဘက်တွင် အာဏာသိမ်းစစ်အုပ်စုအား ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ဒေသတွင်းခုခံတော်လှန်ရေးအင်အားစု များအချင်းချင်း စုစည်းမှု၊ ပူးပေါင်းမှုအခြေအနေများကို သတိပြုမိပါသည်။

ပူးပေါင်းရေးနှင့် မဟာမိတ်စုဖွဲ့မှုလက္ခဏာများ

၂၀၂၃ ခုနှစ် ဧပြီ ၇ ရက်၊ နံနက်အစောပိုင်းတွင် ကရင်ပြည်နယ် ဒေသတွင်း ခုခံတော်လှန်ရေးအင်အားစုများ၏ “ပူးပေါင်းအမိန့်ထုတ်ပြန်ချက်” တစ်စောင်ထွက်ပါသည်။

တိုက်ပွဲများပြင်းထန်နေသည့် ကော့ကရိတ်နှင့် မြဝတီ မြို့နယ် အာရှလမ်းမကြီးတစ်လျှောက် အခြေအနေများကို ပြည်သူလူထူထံ အသိပေးထားပြီး စစ်ကောင်စီအနေ ဖြင့် အရပ်သားပြည်သူများ၏ ကားများကို အသုံးပြုကာ လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ပို့ ဆောင်နေသဖြင့် မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအား ဧပြီလ ၂၁ ရက်အထိ ဖြတ်သန်းသွားလာခြင်းမပြု ရန် မြေပြင်ပူးပေါင်းစစ်ကြောင်း (၁၀)ခုမှ ပူးပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းပူးပေါင်းအမိန့်ထုတ်ပြန်ချက်ကို ကော်ဘရာစစ်ကြောင်းမှူး၊ နဂါးဖြူစစ်ကြောင်းမှူး၊ Lion Battalion စစ် ကြောင်းမှူး၊ KNU/KNLA(PC) ကရင်ငြိမ်းချမ်းရေးကောင်းစီ တပ်ရင်းမှူးနှင့် ဗျူးဟာမှူး၊ ကျားသစ်နက်စစ် ကြောင်း ဒုစစ်ကြောင်းမှူး၊ ဒေါနစစ်ကြောင်းမှူး၊ ဂဠုန်စစ်ကြောင်းမှူး၊ ကျားဖြူစစ်ကြောင်းမှူးနှင့် NUG တောင် ပိုင်းစစ်ဒေသခွဲအမှတ်(၃) ဒုစစ်ဒေသမှူး-၂ တို့က အစည်းအဝေးအရ ဆုံးဖြတ်ကာ လက်မှတ်ရေးထိုးထားသည် ကို တွေ့ရသည်။

ဧပြီလ ၃ ရက်ကလည်း ကော်သူးလေနယ်မြေတစ်နေရာတွင် ကရင်ဒေသတွင်း လက်နက်ကိုင် အင်အားစုများ စုပေါင်းကာ သွေးသစ္စာ‌ရေသောက်ခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရပါသည်။

မကွေးတိုင်းအတွင်းရှိ ခုခံတော်လှန်ရေးအင်အားစုအဖွဲ့(၈)ဖွဲ့ကလည်း ၂၀၂၃ ခုနှစ် မတ်လ ၂၈ရက်၊ လူထုတော် လှန်ရေးမဟာမိတ်အင်အားစုတပ်တော် မွေးနေ့အထိမ်းအမှတ်အဖြစ် ပူးတွဲသဘောထားထုတ်ပြန်ချက်တစ် စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

“တစ်ကွဲတစ်ပြားစီတော်လှန်လှုပ်ရှားနေကြသော အဖိနှိပ်ခံလူမျိုးပေါင်းစုံ၊ လူ တန်းစားအလွှာအသီးသီးအကြား၌ နိုင်ငံရေးအရ၊ စစ်ရေးအရ ခိုင်မာညီညွတ်မှုရှိသော တပ်ပေါင်းစုတစ်ရပ်ပေါ် ပေါက်ရေးကို တော်လှန်ရေးအင်အားစုအသီးသီးကြားတွင် အပြန်အလှန်လေးစားယုံကြည်မှု၊ သဘောထားကြီး မှု၊ ရိုးသားမှုများကို သန္ဓေတည်၍ ခိုင်မာသောတပ်ပေါင်းစုတစ်ရပ်အား ဖွဲ့စည်းသင့်ကြောင်း” အဆိုပါသဘော ထားထုတ်ပြန်ချက်က အကြံပြုတိုက်တွန်းထားပါသည်။

ဆိုခဲ့ပါပူးတွဲသဘောထားထုတ်ပြန်ချက်တွင် PRA-Magway ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်၊ ကျောင်းသား လက်ရုံးတပ်တော်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေးအင်အားစု(အနောက်ပိုင်းဒေသ)နှင့် CDF (Asho) တို့ ပါဝင်သည်ကို တွေ့ရပါသည်။

မိမိတို့ BNI – Myanmar Peace Monitor ၏ လေ့လာစောင့်ကြည့်မှုမှတ်တမ်းများအရ မူလကတည်းက တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့(ERO)များ ထိန်းချုပ်လှုပ်ရှားရာ ကချင်၊ ကရင်၊ ကရင်နီ(ကယား)နှင့် ချင်းပြည်နယ်တို့အပြင် စစ်ကိုင်းတိုင်းအတွင်းအထိပါ စစ်အာဏာသိမ်းကာလအတွင်းတွင်မှ ဖြစ်တည်ပေါက် ဖွားလာသော မြို့ပြဒေသအလိုက် PDF – LDF များနှင့် ERO များအကြား ပူးပေါင်းစုဖွဲ့ကာ စစ်ကောင်စီတပ်များ အား ခုခံတော်လှန်ရေးလှုပ်ရှားမှုဖြစ်စဉ်များကို တွေ့ရှိရပါသည်။

စစ်ရေးအရ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အ ကြုံရင့်ကျက်နေကြသည့် ERO ၏ ဦး‌ဆောင်ကွပ်ကဲမှုကို ခံယူကာ ခုခံတော်လှန်စစ်မှသည် ထိုးစစ်ဆင်စခန်း သိမ်းတိုက်ပွဲများအထိ စစ်မျက်နှာဖြန့်ကျက်ကာ စစ်အရှိန်မြှင့်တင်လာသည်ကိုလည်း တွေ့ရပါသည်။

၂၀၂၃ ခုနှစ်အတွင်း မြို့ပြဒေသအလိုက် PDF – LDF များ၊ ERO များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွား မှုကိုလေ့လာကြည့်ပါက မတ်လသည် တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၁၅၀ အထိ ရှိခဲ့ပြီး စစ်အရှိန်အမြှင့်ဆုံးလဖြစ် ခဲ့သည်ကို တွေ့ရပါသည်။

BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ ဖေဖော်ဝါရီလတွင် တိုက်ပွဲဖြစ် ပွားမှုရက်ပေါင်း ၁၂၇ရက်နှင့် ဇန်နဝါရီလတွင် တိုက်ပွဲဖြစ်ပွားမှုရက်ပေါင်း ၁၁၆ ရက် ရှိခဲ့ပါသည်။

မတ်လအ တွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကို လေ့လာကြည့်ပါက တိုင်းနှင့် ပြည်နယ် (၁၁)ခုမှ မြို့နယ်ပေါင်း ၆၅ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကရင်နီ(ကယား)ပြည် ဒီးမောဆိုမြို့နယ်သည် တိုက်ပွဲဖြစ်ပွားမှုအများဆုံးမြို့နယ် ဖြစ်ခဲ့ပါ သည်။

ကရင်ပြည်နယ် ဖာပွန်နှင့် ဖားကန့်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်၊ ကချင်ပြည်နယ် ရွှေကူမြို့နယ် နှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တို့သည် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်အထက် ရှိသော မြို့နယ်များ ဖြစ်ခဲ့ သည်ကို ဆိုရပါမည်။

သုံးသပ်တင်ပြချက်

၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်နှစ်အဖြစ် တော်လှန်ရေးအင်အားစုများဘက်မှ ကြွေး ကြော်ထားသည့်အတိုင်း ပဋိပက္ခတိုက်ပွဲဆိုင်ရာ အချက်အလက်များအရလည်း ပြည်တွင်းစစ်အရှိန်မြင့်လာနေ သည်ဟု သုံးသပ်ရပါသည်။

စစ်ရေးပဋိပက္ခများအရှိန်မြင့်လာသည်နှင့်အမျှ စစ်ကြောင့် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရသော စစ်ဘေးသင့်ပြည်သူအရေအတွက်ကလည်း နေ့စဉ်နှင့်အမျှ တိုးပွားများပြားလာနေပါ သည်။

တဖက်တွင်လည်း အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၎င်းတို့လုယူထားသော အုပ်ချုပ်မှုအာဏာတည်မြဲ ရေးအတွက် ကျေးရွာအလိုက် မီးရှို့ဖျက်ဆီးမှုများနှင့် လေကြောင်းထိုးစစ်များကို အရှိန်အဟုန်မြှင့်လုပ်ဆောင် လာနေသည်ကို တွေ့ရပါသည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ အမြစ်ပြုတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဦးတည်လျှောက်လှမ်းနေကြသော နွေဦးတော် လှန်ရေးတွင် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးမရှည်စေရေးသတိပြုရမည်ဖြစ်သည်။

အထက်တွင်ဖော်ပြခဲ့သည့် အရှိန်မြှင့်လာသော စခန်းသိမ်းတိုက်ပွဲများနှင့် ပေါင်းစည်းရေးလက္ခဏာများသည် နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်အတွက် အရေးပါသော သရုပ်သကန်များဟု ရှုမြင်နိုင်ပါသည်။

တောင် တန်း မြေပြန့်၊ မြို့ပြဒေသအလိုက် နွေဦးတော်လှန်ရေးအင်အားစု အချင်းချင်းအကြား နိုင်ငံရေးအရ ပူးပေါင်း ဆောင်ရွက်မှုနှင့် စစ်ရေးအရ ပေါင်းစည်းလှုပ်ရှားနိုင်မှုသည်သာ နွေဦးတော်လှန်ရေး၏ အဆုံးအဖြတ်ကို ပုံဖော် နိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

(မှတ်ချက် ။ ။ BNI-Myanmar Peace Monitor မှ အပတ်စဉ်သတင်းသုံးသပ်ချက်စာစောင် အမှတ် – ၉၉ မှ ကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။)

Leave a Comments

- Advertisement -spot_img

Latest article