၁၉၈၈-၉၀ တစ်ဝိုက်တွင် ဒီမိုကရေစီသည် ပဌမလား၊ ဖက်ဒရယ်သည် ပဌမလား၊ အကြိတ်အနယ်ဆွေးနွေးမှုဖြစ်ခဲ့ရာတွင် အဆုံး၌နှစ်ဖက်စလုံးက ဒီမိုကရေစီနှင့်ဖက်ဒရယ် သည် ဒင်္ဂါးပြား၏ခေါင်းနှင့်ပန်းပမာခွဲ၍မရကြောင်း၊ တူတူယှဥ်တွဲလုပ်ဆောင်မှသာ အောင်ပွဲ ခံရမည်ဖြစ်ကြောင်းသဘောတူသုံးသပ်ချက်ချခဲ့သည်ဟုသိရပါသည်။
တစ်နည်းအားဖြင့်ဆိုလျှင်လက်ခုပ်ကိုနှစ်ဖက်တီးမှ အသံမြည်မည်ဖြစ်ကြောင်း သဘောတူခဲ့ကြခြင်းဖြစ်သည်။
သို့သော်တော်လှန်ရေးအနှစ် ၅၀ ကျော်အတွေ့အကြုံရှိခဲ့သောပအိုဝ်းခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ အဆိုအရ သမိုင်း၏ခါးသီးသည့်အတွေ့အကြုံမှသင်ခန်းစာကို ယခုထိယူရန်ခက်ခဲနေသေးကြောင်းတွေ့ရပါသည်။
ပဌမအတွေ့အကြုံမှာ ၁၉၆၉-၁၉၇၃ အတွင်း ၀န်ကြီးချုပ်ဟောင်း ဦးနုက ပါလီမန်ဒီမိုကရေစီပါတီ/ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PDP/PLA) ကိုဖွဲ့စည်း ကာထိုင်းနယ်စပ်မွန်ကရင်လွတ်မြောက်ရေးနယ်မြေတွင်လက်နက်ကိုင်တော်လှန်ခဲ့သည့် ကာလဖြစ်ပါသည်။
ထိုစဥ်က နိုင်ငံခြား အကူအညီကိုငွေကြေးနှင့်အတူလက်နက်ပါရခဲ့သည်။ PDF/PLA မှသုံး သည့်ဂျာမန်လုပ် HK မှာ အသစ်စက်စက်များဖြစ်သည်။
သို့ရာတွင်ထိုတော်လှန်ရေးမှာ မအောင်မြင်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော်ဦးနုမှ တိုင်းရင်း သားများတောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဖက်ဒရယ်ကိစ္စကိုဦးနေ၀င်း ဦးဆောင်သည့် မဆလ ကိုအပြုတ်တိုက်ပြီးခါမှ ဆွေးနွေးမည်ဖြစ်ကြောင်းပြောကြားခဲ့ သောကြောင့်ဖြစ်သည်။ သို့ဖြစ်ပါ၍၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေးအတွက် win-win ဖြစ်ရမည့်ကိစ္စမှာ lose-lose ဖြင့်အဆုံးသတ်ခဲ့ရပါသည်။ ဦးနု၏တော်လှန်ရေးသမားဘ ၀သည်လည်း ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်နိဂုံးချုပ်ခဲ့ရပါသည်။
ဒုတိယအတွေ့အကြုံမှာ ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် တောခိုလာခဲ့ကြသော အရွေးခြယ်ခံအမတ်များက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၏ ထောက်ကူ မှုဖြင့် ထူထောင်ခဲ့သော အမျိုးသားညွန့်ပေါင်းအစိုရ (NCGUB) ဖြစ်သည်။ 31/7/92 တွင် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံထူထောင်ရေးအတွက် မယ်နယ် ပလောစာချုပ်ကိုပင် နှစ်ဖက်လက်မှတ်ထိုးခဲ့ကြသည်။ ထိုပြင်တစ်နှစ်ကြာတွင် တိုင်းရင်းသားတော်လှန် ရေးခေါင်းဆောင်များဖြင့် ညွန့်ပေါင်းအစိုးရကိုပြန်လည်ဖွဲ့စည်းရန်သဘောတူညီခဲ့ကြ သည်။
သို့ရာတွင် တနှစ်ပြည့်သောကာလ၌ USA တွင်နိုင်ငံတကာကစစ်အစိုးရကို ကုလသမဂ္ဂနေရာမှဖြုတ်ချရေး (UN-seat) ကိစ္စဖြင့်ရောက်နေသည့် ဒေါက်တာစိန်၀င်းက တိုင်းရင်းသားတော်လှန်ရေးခေါင်း ဆောင်များပါ၀င်ပါက ညွန့်ပေါင်းအစိုးရ၏တရား၀င်မှု (legitimacy) ကျဆင်းမည်ဖြစ် ကြောင်းအကြောင်းပြချက်ဖြင့်ပယ်ချခဲ့သည်။
ဤသို့ဖြင့် NCGUB ၏ဒီမိုကရေစီရေးနှင့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ ဖက်ဒရယ်ရေးသည်လည်း lose-lose ဖြင့်အဆုံးသတ်ခဲ့ရပြန်သည်။ ဒေါက်တာစိန်၀င်း သည်လည်း 2019 တွင်နေရပ်ဗမာပြည်ပြန်ကာ တော်လှန်ရေးသမား ဘ၀ နိဂုံးချုပ်သွားခဲ့ ပြန်သည်။
ဤသို့ဖြင့်တတိယအတွေ့အကြုံသို့ဆိုက်ရောက်လာပါသည်။
• NLD အမတ်များဦးဆောင်သည့် CRPH ကတိုင်းရင်းသားတော်လှန်ရေးနယ်မြေသို့ ရောက်လာသည်။
• ဖက်ဒရယ်ဒီမိုကရေစီချာတာကိုရေးဆွဲကြသည်။
• လူထုအခြေခံအဖွဲ့အစည်းများ၊ တော်လှန်ရေး အဖွဲ့အစည်းများဖြင့်ပူးတွဲ၍ NUCC ကိုထူထောင်ကြသည်။
• ၂၀၂၀ရွေးကောက်ပွဲကာလတွင်ပညာရှင်များကအကြံပြုခဲ့သည့် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) နာမည်ဖြင့်စင်ပြိုင်အစိုးရထူထောင်ခဲ့သည်။
ဤအထိမှာ သမိုင်းအတွေ့အကြုံကိုတစ်နည်းတစ်ဖုံသင်ခန်းစာ ယူကြောင်းပြနိုင် သောသာဓကများဖြစ်သည်။ သို့ရာတွင် ဤမျှလောက်ဖြင့်နွေဦးတော်လှန်ရေး အောင်ပွဲခံယူနိုင်ရန်မလုံလောက်ပါ။
• အရေးကြီးသည့်၀န်ကြီးဌာနများ (နိုင်ငံရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ဘဏ္ဍာရေး စသည်) ကို NLD အမတ်များကကိုင်ဆွဲနေကြသည်။ အတွေ့အကြုံများသည့်တော် လှန်ရေးအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များမှာ ဒု၀န်ကြီးအဖြစ်ပင်ပါ၀င်ခွင့်မရှိ။
• လူထုနှင့်တော်လှန်ရေးအဖွဲ့အစည်းများအတွက် ပင်တိုင်ဖြစ်သည့် NUCC မှ NLD/CRHP မှနှုတ်ထွက်လိုက်သောအခါ၊ NUCC ရော NLD ပါအလုပ်မဖြစ်တော့ သည်ကိုထင်ထင်ရှားရှားတွေ့နေရပါသည်။ တစ်နည်းဆိုသော် လက်ခုပ်တီး၍အသံ မြည်ဘို့ရန်မဖြစ်နိုင်တော့ပါ။
ထိုကြောင့် NUG ရော တော်လှန်ရေးအဖွဲ့အစည်းများစဥ်းစားသင့်သည်မှာ၊ ယခု အချိန်တွင် ၂၀၂၀ရွေးကောက်ပွဲအောင်မြင်မှုဖြင့်အပေါ်စီး (Holier Than Thou) ပေါ်လစီကျင့်သုံးသင့်သလား။
တော်လှန်ရေးအောင်ပွဲခံနိုင်ရေးအတွက်နှစ်ဖက်ညှိ ညှိနှိုင်းနှိုင်းကိုယ်စွမ်းရာတွင်ပူးပေါင်းလုပ်ဆောင်သွားသင့်သလား။ မရသေးသည့် အာဏာများကိုနှမြောနေသင့်သလား။ ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
သို့မဟုတ်ပါက ဦးနုနှင့် ဒေါက်တာစိန်၀င်းတို့လျှောက်ခဲ့သည့်လမ်းအတိုင်းလျှောက် ရမည်ဖြစ်ပါကြောင်း။ ထိုထက်ပိုဆိုးသည်မှာတိုင်းပြည်နှင့်လူထုကပေးထားသည့် အသက်အိုးအိမ်စည်းအားလုံးမှာ ရေစုံမျောတော့မည်ဖြစ်ကြောင်းသတိပေးနိုး ဆော်အပ်ပါသည်။
မှတ်ချက်
ကမ္ဘာကျော်စစ်ပညာရှင် ဆွန်းဇူး (Sun Zi) က ယှဥ်ပြိုင်နေသော နှစ်ဖက်တွင် မည်သည့်ဘက်က နိုင်မည်ကိုအကြောင်းရပ် ၅ ချက်အပေါ်အခြေတည်၍ နိုင်းယှဥ် ရမည်ဟုဆိုပါသည်။ ဤတွင် ပဌမ အကြောင်းရပ်မှာ ယခုရေးသားခဲ့သောစာတမ်း နှင့်အထူးဆက်စပ်သည် ဟုမြင်ပါသည်။
၄င်းမှာ Tao ခေါ်သည့် အခြေခံနိုင်ငံရေးမူ ဖြစ်ပါသည်။ ဤမူရှိပါက ဦးဆောင်သူနှင့်နောက်လိုက်လူထုများသည် ရည်မှန်းချက်ပန်းတိုင်တစ်သားတည်းရှိမည်။ သေသည်ရှင်သည်ဖြစ်စေ ဘေးအန္တရာယ် ဟူသမျှကို မကြောက်မရွံ့လက်တွဲရင်ဆိုင်ကြမည်ဟုဆိုပါသည်။ အခြား ၄ ရပ်မှာ ဥတု အာကာသ သဘာ၀၊ ပထ၀ီအနေအထား၊ တပ်မှူး၊ စည်းမျဥ်း ဥပဒေတို့ဖြစ်ပါသည်။
အားလုံးကိုလေးစားလျက်
အညတြလေး