Friday, June 21, 2024

“သူများအိမ်မက်ကို ကူညီပေးမယ်ဆိုတဲ့ ခံစားချက်နဲ့ပဲ ဒီကလေးတွေကို လုပ်ပေးခဲ့တာ”

Must read

မတ်လ ၈ ရက် International Women Day 2023 နေ့အတွက် အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့ Inspiring Women စာအုပ်မှာ စံပြ အမျိုးသမီးတစ်ဦး အဖြစ် ဒေါ်ရီရီမင်း (ခ) မပူဆူးက ဂုဏ်ပြုဖော်ပြခံခဲ့ ရပါတယ်။ မပူဆူးဟာ သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အတွင်းမှာ Hand to Hand Charity Myanmar ကို တည်ထောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

Hand to Hand Charity Myanmar ကို တည်ထောင်သူ အမျိုးသမီး

သူမဟာ ညောင်ရွှေမြို့နယ်တွင်းမှာရှိတဲ့ လူငယ်တွေကို အင်္ဂလိပ်စာတွေ သင်ကြားပေးပြီး သဘာဝ ပတ်ဝန်းကျင်တွေကိုလည်း ထိန်းသိမ်းတတ်အောင် သင်ကြားပေးနေပါတယ်။ သူမဟာ Hand to Hand Charity Myanmar ကို ဘာကြောင့် တည်ထောင်ခဲ့လဲ။ ဘယ်လိုမျိုးနဲ့ စတင်တည်ထောင်ခဲ့လဲ၊ တည်ထောင်ချိန်မှာလည်း ဘာတွေ အခက်အခဲ ကြုံတွေ့ခဲ့ရလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန်က Hand to Hand Charity Myanmar တည်ထောင်သူ မပူဆူးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ Hand to Hand Charity Myanmar ကို ဘယ်ခုနှစ်ကတည်းက စပြီးတည်ထောင်ခဲ့တာလဲ။

ဖြေ။ ။ စတင်တည်ထောင်လာခဲ့တာတော့ ၂၀၂၃ ခုနှစ်ကတည်းက စပြီးတော့ တည်ထောင်လာခဲ့တာပါ။ ဒီနှစ်ကတော့ ၁၀ နှစ်ပြည့်သွားပါပြီ။

မေး။ ။ Hand to Hand ကို ဘယ်လို ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တာလဲ။ ဘာကြောင့် Hand to Hand Charity Myanmar နာမည် ပေးခဲ့ပါသလဲ။

ဖြေ။ ။ ၂၀၁၃ ခုနှစ် မတိုင်ခင်တုန်းကပေါ့။ ၂၀၀၅ ၊ ၂၀၀၆ ခုနှစ်တုန်းကဆိုရင် ကျမ အရမ်းခက်ခဲတဲ့ အချိန်ဖြစ်တယ်။ အဲ့ချိန်တုန်းက ကျမ သမီးလေးကို မူလတန်းကျောင်းပို့ဖို ဗလာ စာအုပ်တစ်အုပ်လိုတာ။ အကူညီတောင်းဖို့ကလည်း ခက်တယ်။ လိုနေတာကလည်း စာအုပ်တစ်အုပ်ထဲပဲလေ။ ၂၀၀ လောက်ပဲ တန်တဲ့ စာအုပ်လေးကို ခက်ခက်ခဲခဲ ဖြစ်နေတာပေါ့။ အဲ့ဒါနဲ့ သမီးကို ကျောင်းသွားပို့တဲ့အချိန် လမ်းမှာ ကလေးတွေအတွက် စာအုပ်ကို လှူဒါန်းပေးနေတဲ့ နိုင်ငံခြားသားတွေ့တာ။ သူ့မှာလည်း ကျွတ်ကျွတ်အိတ်ထဲထည့်ပြီးတော့ လှူဒါန်းပေးနေတာ။ ကျမတို့လည်း တိုက်တိုက်ဆိုင်ဆိုင် အဲ့နားရောက်သွားတာပေါ့။ ကိုယ်တစ်ကယ် လိုအပ်နေတဲ့အချိန်မှာ သူများတွေ လှူဒါန်းပေးတာကို လက်ခံရတဲ့ ပီတိတွေကို ကိုယ်ကမမေ့ဘူး။ နောက်တစ်ခုကတော့ ကျေးဇူးပေါ့နော်။ တစ်လုပ်စားဖူး သူ့ကျေးဇူးပေါ့။ သူ့ရဲ့ စေတနာနဲ့ ပေးလိုက်တဲ့အရာက သူများတွေအတွက် လိုအပ်နေတဲ့သူတွေအတွက်ကျတော့ ကြီးမားတဲ့ အရာတစ်ခုဖြစ်နိုင်တယ်လို့ အတွေးလေး ပေါ်လာတယ်။ အဲ့ဒါကို မြင်ပြီးတော့ ကျမက တစ်နေ့ကျရင် ကိုယ့်ဝင်ငွေလေး ရှိခဲ့ရင် ငါလည်း ဒီလို ပရဟိတလုပ်မယ်။ သေးသေးလေးကနေ စလုပ်မယ်။ အထူးသဖြင့် စာအုပ်လေးပေးခဲ့တဲ့ အမျိုးသမီးကို ကျေးဇူးတင်တဲ့ အနေနဲ့ ငါ့ကလေးတွေရဲ့ ပညာရေးကို တစ်ထောင့်တစ်နေရာ ကနေ ကူညီမယ်။ နောက်တစ်ခုကျတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးခေါ်က ဘာလဲဆိုတော့ လောကကြီးမှာ တစ်ချို့လူတွေအတွက်က သေးငယ်တဲ့ အရာဖြစ်နေပေမဲ့လည်း တစ်ချို့လူတွေအတွက်တော့ ကြီးမားတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နေနိုင်တယ်။ အဲ့ဒီ အတွေးလေးကို ကိုယ့်က အမှတ်တရလေး ဖြစ်သွားတာနဲ့ပဲ ကိုယ့်လို လိုအပ်တဲ့သူတွေ၊ ကိုယ့်လို အခက်ခဲရှိတဲ့ သူတွေ ရှိခဲ့ရင် ကိုယ်ပြန်ကူညီမယ်ဆိုတဲ့ စိတ်နဲ့။ ကိုယ့်ကိုယ်ကူညီပေး ခဲ့တဲ့ အဲ့ဒီ အမျိုးသမီးရဲ့ လက်ကို အမြဲအမှတ်ရတဲ့ အနေနဲ့ Hand to Hand ဆိုတဲ့ နာမည်လေးကို ပေးဖြစ်သွားခဲ့တာပါ။

Youths Camp

မေး။ ။ ဘယ်လိုမျိုးနဲ့ စတင်ပြီး လုပ်ဆောင်ခဲ့တာလဲ။

ဖြေ။ ။ ကျမက အရင်စလုပ်တာတော့ ကိုယ့်ရဲ့ ဝင်ငွေကနေ ၁၅ ရာခိုင်နှုန်းကို စတင်ပြီးတော့ စုဖြစ်တယ်။ ကျမက အရင်ဆုံး ဒီညောင်ရွှေမှာလာလည်တဲ့ နိုင်ငံခြားသားတွေကို ချက်ပြုတ်ရေး သင်တန်းဆိုပြီးတော့ အဲ့လို စဖွင့်ပြီးတော့ လုပ်ဆောင်ပြီး ငွေစုပြီးတော့ ဖွင့်ခဲ့တာ၊ ကိုယ်ကလည်း သူများနား အလှူခံပြီးတော့ စလုပ်မဲ့အစား ကိုယ့်ရဲ့ ဝင်ငွေလေးနဲ့ စလုပ်မယ်ဆိုတာနဲ့ ပရဟိတကျောင်းကို စခဲ့တာပေါ့။ ၂၀၁၃ ခုနှစ်မှပဲ ဒီညောင်ရွှေမှာပဲ ချက်ပြုတ်ရေး သင်တန်းဆိုပြီးတော့ စတင်ပြီး ဖွင့်ခဲ့တာပေါ့။ ကိုယ့်ဆီကို ဟင်းချက်လာသင်တဲ့ နိုင်ငံခြားသားတွေကို သူတို့ ဟင်းချက်လို့ ပြီးသွားပြီ။ နေ့လည်စာလည်း စားလို့ ပြီးသွားပြီဆိုရင် အားတဲ့အချိန်လေးမှာ ကလေးတွေကို အင်္ဂလိပ်စာ သင်ခိုင်းတယ်။ ပြီးတော့မှ သူတို့နဲ့ ဗဟုသုတ ဖလှယ်တဲ့ အစီစဉ်လေးတွေလုပ်တယ်။ အဲ့တုန်းကတော့ အိမ်နီးချင်းက ကလေးတွေနဲ့ပဲ စာစသင်တာ။ ကျောင်းအနေနဲ့တော့ မဟုတ်ဘူး။ ဒီမှာ စာသင်ပေးတဲ့ နေရာအဖြစ် ဖန်တီးတယ်။ နိုင်ငံခြားသားတွေကို အင်္ဂလိပ်စာ သင်ခိုင်းတယ်။ တစ်ခြား ဗဟုသုတ ရစရာလေးတွေလည်း မျှဝေခိုင်းတယ်။ ၉ ယောက်လောက်နဲ့ စတင်ခဲ့တဲ့ စာသင်ခန်းက တစ်နှစ်ပြီး တစ်နှစ်တော့ ကျောင်းသားတွေ များလာခဲ့တယ်။ အဲ့တာနဲ့ ၂၀၁၉ မှာတော့ ကလေးတွေ အယောက် ၂၀၀ လောက်ထိ လက်ခံနိုင်ခဲ့တယ်။ ၂၀၂၀ ကျတော့ ၃၀၀ လောက်ထိ လက်ခံခဲ့ပြီးတော့မှပဲ ကိုဗစ်ကြောင့် ရပ်လိုက်ရတယ်။ ကိုဗစ် ကနေ ရပ်ခဲ့ရပေမဲ့လည်း အနီးစပ်ဆုံးဖြစ်တဲ့ ကလေး ၃၀ လောက်ကိုခေါ်ပြီးတော့ စာခေါ်သင်ပေးခဲ့တယ်။ ဒီ ၂၀၂၂ ခုနှစ်မှာတော့ နိုင်ငံရေး အခြေနေနဲ့ ကိုဗစ် အခြေနေကြောင့် စာသင်ခန်း နဲ့ ဝေးနေတဲ့ ကလေးတွေက အိမ်မက်နဲ့ဝေဝါးနေတာရယ်၊ ကလေးတွေကို အလုပ်အတင်း လုပ်ခိုင်းခံနေရတဲ့ ကလေးတွေကို ဘယ်လို ကူညီရမလဲဆိုပြီးတော့ ဒီအခုနှစ်မှာ youths Camp ဆိုပြီးတော့ တည်ထောင်ခဲ့တယ်။ ဒီဟာက ၂၀၂၂ ခုနှစ်မှာပဲ နွေရာသီမှာပဲ Youths Camp ဆိုပြီးတော့ ပြန်ဖွင့်လိုက်တယ်။

မေး ။ ။ Young Camp ရော ဘာတွေ လုပ်ဆောင်တာလဲ ခင်ဗျာ။

ဖြေ။ ။ Young Camp ကတော့ ကလေးတွေကို အင်္ဂလိပ်စာသင်တယ်။ Social Science သာသာရပ်တွေ၊ Life Skill ဘာသာရပ်တွေနဲ့ ကလေးတွေအတွက် ကောင်းမဲ့အရာတွေ အားလုံးအတွက် သင်ပေးတယ်။ ဒီ ၂ နှစ်အတွင်းမှာ နိုင်ငံခြားသားတွေကိုတော့ ကျမတို့အနေနဲ့ ဖိတ်ခေါ်လို့မရတော့ဘူး။ ပြည်တွင်းမှာရှိတဲ့ Volunteer တွေနဲ့ပဲ လုပ်ဆောင်ရတာပေါ့။ ဝိုင်းဝန်းပြီး ကူညီလုပ်ကြတာပေါ့။

မေး ။ ။ ကျောင်းက ဘယ်နားမှာ ဖွင့်ထားပေးတာလဲ။ သင်ရိုးညွှန်းတန်းက ဘာတွေရှိပါသလဲ။

ဖြေ။ ။ ညောင်ရွှေမြို့နယ် ၊ ရပ်ကွက် (၆) မှာရှိပါတယ်။ ဒီမှာကတော့ စာကြည့်တိုက်တွေရှိတယ်။ နွေရာသီအတန်းရှိတယ်။ ချက်ပြုတ်ရေးရှိတယ်။ ပြီးတော့ Youths Camp ရှိထားပါတယ်။ အားလုံးက ဒီအိမ်ထဲမှာပဲရှိတယ်။ အိမ်ထဲမှာပဲ စာသင်ခန်းတွေရှိတယ်။ အိမ်ခြံကတော့ အကျယ်ကြီးတော့ မဟုတ်ဘူး။ အဆင်ပြေအောင်တော့ လှည့်ပတ်ပြီး လုပ်ပေးသွားရတာပေါ့။ စာကြည့်တိုက်ကတော့ အိမ်အပေါ်ထပ်မှာ ထားပေးထားတယ်။ စာကြည့်တိုက်ကတော့ စနေ၊ တနင်္ဂနွေ ဖွင့်ပေးတယ်။ ခြံဝန်းကလည်း ၇၀ ၊ ၉၀ ပဲရှိတယ်။

Youths Camp

မေး။ ။ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကော လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဘယ်လို အခက်ခဲတွေ ရှိခဲ့ပါသလဲ။

ဖြေ။ ။ အခက်ခဲကတော့ အများကြီးပဲပေါ့။ ကိုယ့်စိတ် လွတ်လွတ်လပ်လပ် လုပ်လို့မရတော့ဘူး။ ဘာပဲ လုပ်လုပ် တစ်ခုခုကို စိုးရိမ်ပူပန်ရတဲ့ စိတ်တွေဖြစ်တယ်။ နောက်တစ်ခုတော့ အရင်တုန်းကလိုမျိုး အကူညီထောက်ပံ့တွေ မရနိုင်ဘူး။ နောက်အဆိုးဆုံးကတော့ စီးပွားရေး ရပ်တန့်သွားခဲ့တယ်။ အမတို့ လှည့်ပတ်နေတဲ့ Cooking Class ကလည်း ရပ်သွားခဲ့တယ်။ ဆိုင်တွေ ပြန်ဖွင့်တာလည်း အခုချိန်ထိ မလွယ်ဘူး။ အခုချိန်မှာတော့ ကိုယ့်နား ဟင်းချက်တာတွေ လာတက်ဖူးတဲ့သူတွေနားပဲ အကူညီတောင်းတယ်ပေါ့။ သူတို့တွေရဲ့ အကူညီတွေနဲ့ပဲ သွားနေရတာပေါ့။ စိတ်တိုင်းကျ အရင်လိုတော့ လုပ်ခွင့်မရှိဘူးပေါ့။ ငွေရေးကြေးရေးလည်းပါတာပေါ့နော်။

မေး ။ ။ ကိုယ်ထူကိုယ်ထကျောင်းလို့ ပြောလို့ရပါသလား။

ဖြေ။ ။ ဟုတ်ပါတယ်။ ကျမတို့ကျောင်းက ကိုယ်ထူကိုယ်ထ ကျောင်းဖြစ်ပါတယ်။ နိုင်ငံတော်အရရော ၊ အမာခံ အလှူရှင်လိုမျိုး၊ အမြဲလှူဒါန်းပေးတဲ့ အလှူရှင်မျိုးမရှိဘူး။ ကိုယ်တစ်ပိုင်တစ်နိုင်လုပ်တာမို့ ကိုယ်စွမ်းနိုင်သလောက်ပဲ လုပ်တာပေါ့။ အဖွဲ့စည်းနဲ့လည်း လုပ်တာမဟုတ်ဘူးဆိုတော့လေ။

မေး။ ။ ကျောင်းလာတက်ချင်တဲ့ ကလေးတွေကိုကော ကန့်သတ်ထားတာရှိပါသလား။

ဖြေ။ ။ ကန့်သတ်ထားတာလေးတွေတော့ရှိပါတယ်။ အသက်ဆိုရင် ပျှမ်းမျှ ၁၃ ကနေ ၁၈ ထိပေါ့နော်။ ဒါပေမဲ့လည်း ၁၈ ကျော်တဲ့ ကလေးတွေလည်းရှိပါတယ်။ Youths Camp က သင်ကြားတာတွေက သူတို့ အတွက် အသုံးဝင်တယ်လေ။ အဲ့တော့ သူတို့ လာကြတယ်။ အမကလည်း လက်ခံပေးပါတယ်။ အမှန်တိုင်းပြောရရင်တော့ ပညာသင်ကြားဖို့ ခက်ခဲတဲ့သူတွေ၊ ဆင်းရဲ နွှမ်းပါးတဲ့သူတွေ ၊ မိဘမဲ့ ကလေးတွေကို ဒါတွေကို ဦးစားပေးပြီးတော့ တက်ခွင့်ပေးတာပေါ့။ ဘာလို့လဲဆိုတော့ ပိုက်ဆံ အဆင်ပြေတဲ့ မိသားစု ကလေးတွေကျတော့ ဘယ်နားသွားတက်တက် တက်လို့ရတယ်လေ။ အဲ့ကြောင့် အဆင်မပြေတဲ့ သူတွေကိုပဲ ဦးစားပေးတယ်။ ပြီးတော့ အမှိုက်ကောက်တဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းရေးလည်းလုပ်တယ်။ Youth Camp မှာတော့ ကန့်သတ်ချက်က များပါတယ်။ အလှူရှင်တွေကလည်း နည်းသွားတာရယ်၊ ငွေရေးကြေးရေး ခက်ခဲတာနဲ့ပေါ့။ အမကိုယ်တိုင်ကလည်း ဝင်ငွေ မရှိတော့ဘူးလေ။

Youths Camp

မေး ။ ။ Hand to Hand ကျောင်းကို စတင်တည်ထောင်လာခဲ့တဲ့ ၁၀ နှစ်သာ ကာလအတွင်း ဘာအခက်ခဲ တွေရှိခဲ့ပါသလဲ။

ဖြေ ။ ။ ကျောင်း စ တည်ထောင်တုန်းက အခက်ခဲတွေပေါ့။ ကျမက ကလေးငယ်တွေကို ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုပေမဲ့ ကျမကို လက်ခံနိုင်တဲ့ ပတ်ဝန်းကျင်နဲ့ နားလည်နိုင်တဲ့ ပတ်ဝန်းကျင်တွေက သိပ်မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျမ နေတဲ့ ပတ်ဝန်းကျင်မှာ ဆင်းရဲသား ရပ်ကွက်၊ စရိုက်ပေါင်းစုံတွေရှိနေတဲ့ ရပ်ကွက်မှာ နေရတာ။ နောက်တစ်ခုက ကျမလည်း ဒီမှာမွေးတယ်။ ပြီးတော့ ကျမကိုယ်တိုင် ကလည်း ပညာရေးပိုင်းမှာ ဆုံးခန်းမတိုင်ဘူး။ ကိုယ်က ၉ တန်းလောက်ကတည်းက ကျောင်းထွက် ခဲ့ရတာပေါ့နော်။ ဒီလိုမျိုး ပညာရေး မစုံတဲ့သူက ပညာရေးပိုင်းမှာ လာလုပ်မယ်ဆိုတော့ အကြောင်း သိတဲ့သူတွေ အနေနဲ့က အထင်ကြီးစရာ မရှိဘူးပေါ့နော်။ ကျမ ခံယူချက်က ပြင်းတယ်။ ကိုယ်မလုပ်နိုင်ခဲ့တဲ့ အရာတွေကို သူများကိုလုပ်ပေးမယ်။ ကိုယ့် အိမ်မက်တွေ မဖြစ်ခဲ့ရင်တောင် သူများ အိမ်မက်ကို ကူညီပေးမယ်ဆိုတဲ့ ခံစားချက်နဲ့ပဲ ဒီကလေးတွေကို လုပ်ပေးခဲ့တာပေါ့နော်။ ကိုယ်တိုင်က ပညာရေး ဆုံးခန်းမတိုင်ခဲ့ဘူး။ အဲ့ကြောင့် ဒီကလေးတွေကို ပညာရေး ဆုံးခန်းတိုင်အောင် ကူညီပေးခဲ့တာ။ ကျမလည်း စာဖတ်ဝါသနာပါတယ်။ အဲ့ဒါနဲ့ စာကြည့်တိုက် အကြီးကြီးထောင်ချင်တယ်။ နောက်တစ်ခုက cooking Class ထောင်တုန်းကလည်း ဟင်းမချက်တတ်တဲ့ မိန်းမက ထပြီးတော့ လုပ်တယ်ဆိုတော့ အထင်သေးတဲ့ မျက်စိနဲ့ ကြည့်ခံရတယ်။ စလုပ်တုန်းကဆိုရင် တစ်ချို့ မိတ်ဆွေတွေက သူတို့ ကလေးကို ကျမတို့ အိမ်ကို ပေးမလာဘူး။ အမလုပ်တဲ့ အလုပ်ကို လက်မခံနိုင်တဲ့အပြင် အမဆီကို ကလေးတွေ ပေးမလာဘူးပေါ့။ ကဲ့ရဲ့ တာတွေလည်း ကြုံတွေ့ခဲ့ရတယ်။ မိသားစုကလည်း ကျမကို နားမလည်နိုင်ဘူး။ ကိုယ့်မိသားစုထဲမှာတောင် မနိုင်တာ ထလုပ်ချင်တယ်ပေါ့။ ကိုယ့် သားသမီးတွေ ရှိတာတောင် သူများ သားသမီးတွေကို လုပ်ပေးချင်တယ်ဆိုတာတွေ ဝေဖန်ခံရတာ။ အားမပေးတာတွေ ကြုံခဲ့ရတယ်။ ဒါမဲ့ ကျမလည်း သူများပြောနေတာက ငါမအောင်မြင်သေးလို့ ၊ ငါကြိုးစားရအုံးမယ်။ ငါအောင်မြင်သွားတဲ့ တစ်နေ့မှာ ဒီလူတွေ ငါရဲ့ စေတနာ မေတ္တာတွေ မြင်လာလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားခဲ့တာဆိုတော့လေ ၁၀ နှစ်မှာတော့ အောင်မြင်မှု အတိုင်းတာ တစ်ခုထိတော့ ရလာခဲ့တယ်လို့ ပြောလို့ရတယ်ပေါ့။ သူများတွေလည်း လက်ခံလာခဲ့တယ်။

Hand to Hand Charity Myanmar ကို တည်ထောင်သူ အမျိုးသမီး

မေး ။ ။ International Women Day 2023 အထိမ်းအမှတ် အဖြစ် ဗြိတိန်နိုင်ငံက ထုတ်ဝေတဲ့ Inspiring Women စာအုပ်လေးမှာ စံပြအမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ပြုဖော်ပြခံရတဲ့အပေါ်မှာကော ဘာများ ပြောချင်ပါသလဲ။

ဖြေ။ ။ အဲ့ဒီ စာအုပ်ထုတ်တဲ့ အမျိုးသမီးတစ်ဦးက ကျမတို့ရဲ့ အရင်က Cooking class မှာ အရင်က လာတက်ဖူးတယ်။ အဲ့တုန်းက ကျမက ပရဟိတ လုပ်တဲ့အပြင် ကျမရဲ့ ကိုယ်ပိုင် အခက်ခဲတွေလည်းရှိခဲ့တယ်။ ဘဝရဲ့ အချိုးအကွေ့ တွေပေါ့။ အဲ့ဒါတွေကို သူများကို ကူညီပေးနေတဲ့ နောက်ကွယ်မှာ ကိုယ့်ကိုယ် ပြန်တည်ဆောက်ရတာတွေရှိတယ်။ အဲ့တာကနေ ကိုယ်တိုင်က ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့ကြုံတွေကို ရင်းနှီးတဲ့ သူတွေကို ပြောပြဖြစ်တယ်။ နောက်တစ်ခုက ဘဝတူ အမျိုးသမီးတွေကိုဆိုရင်လည်း စိတ်ခွန်အား ပြောဖြစ်တယ်။ အဲ့ဒီ အကြောင်းလေးကို ဧည့်သည်တွေနဲ့ မိတ်ဆွေတွေကို မျှဝေဖြစ်တယ်။ အဲ့တာ ဒီတစ်နှစ်မှာတော့ သူတို့ ထုတ်မဲ့ စာအုပ်အစီစဉ်မှာ Inspiring မှာ အမျိုးသမီး ၇ ဦး ရေးမယ်ပေါ့။ ၇ ဦးမှာက ၆ ဦးလုံးက အင်္ဂလန်ကပဲ။ မြန်မာက ကျမ တစ်ယောက်ထဲပါတာ။ သူက ကျမကို ဖိတ်ကြားလာတယ်။ Inspiring Women မှာ ပါဝင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်တဲ့။ စာရေးချင်တယ်ပေါ့။ ကျမလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်တယ်။ ပြီးတော့ ရင်းနှီးတဲ့ မိတ်ဆွေ တော်တော်များက ကျမ လုပ်နေတဲ့ အလုပ်ပေါ်မှာပဲ သိတာ။ ကျမ ဒီလိုဖြစ်လာဖို့ ဘယ်လောက်ထိ ပေးဆပ်ခဲ့ရတယ်။ အမကိုယ်တိုင်က ဘယ်လောက် ခက်ခဲ ခဲ့ရလဲဆိုတာ တအားကြီးကို ဒုက္ခရောက်ခဲ့တဲ့ အချိန်တွေကို ကိုယ့်လူတွေက မသိကြဘူးပေါ့နော်။ အဲ့တာလေးတွေလည်း မျှဝေပေးချင်တယ်။ စိတ်ခွန်အားလည်း ပေးချင်တယ်။ ကိုယ့်အကြောင်းတွေလည်း လူတွေ ပိုသိသွားမယ်ဆိုရင် အမျိုးသမီးတွေအတွက် ခွန်အားဖြစ်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်တယ်ဆိုပြီးတော့ ရေးခွင့်ပေးလိုက်တာ။ အဲ့စာအုပ်မှာ ကျမတို့ရဲ့ အခက်ခဲတွေ ကြုံလာခဲ့ရင် ဘယ်လိုဖြတ်သန်းခဲ့ရလဲ၊ ကိုယ့်ကိုယ် အခက်ခဲတွေ တွေ့ကြုံလာခဲ့ရရင် ဘယ်လို ရုန်းကန်ခဲ့ရလဲ၊ ပြီးတော့ စိတ်ဓာတ်ခွန်အားတွေ အများကြီးပါတယ်။ အဲ့စာအုပ်ကို ထုတ်ခွင့်ရလိုက်လို့ ကျမလည်း အရမ်းဝမ်းသာတယ်။ အခုလို အဆင်ပြေတဲ့အချိန်မှာ အဲ့ဒီအချိန်က အခက်ခဲတွေကို ငါကျော်ဖြတ်နိုင်ခဲ့ပါလားဆိုတာကို ပြန်ကြည့်ပြီး ခွန်အားတွေ ရစေပါတယ်။ ရှေ့မှာလည်း အခက်ခဲတွေ ထပ်ရှိလာခဲ့မယ်ဆိုရင်လည်း ကျမက မကြောက်တော့ဘူး။ ဒီစာအုပ်ကနေပြီးတော့ သူများတွေကို ဗဟုသုတ တွေပေးနိုင်မယ်၊ စိတ်ခွန်အားတွေ ပေးနိုင်မယ်ဆိုရင် ကျမတော့ အရမ်းကို ဝမ်းသာကျေနပ် ပီတိ ဖြစ်ပါတယ်။ ကိုယ့်ဘဝရဲ့ မှတ်တိုင်တစ်ခုပဲပေါ့။

Youths Camp

မေး။ ။ နောက်ဆုံးအနေနဲ့ ကမ္ဘာ့အမျိုးသမီးများနေ့အတွက် Inspiring Women အနေနဲ့ ထုတ်ဝေခံရတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အမျိုးသမီးများအပေါ်ကော ဘာများခွန်အား ပေးစကားပြောချင်ပါသလဲ။

ဖြေ။ ။ အမရဲ့ စိတ်နဲ့ နှိုင်းပြီးပြောရရင်တော့ အမမှာလည်း ထိခိုက်တယ်။ နာကျင်ခဲ့ရတာတွေလည်း ရှိတယ်။ မျှော်လင့်ချက်တွေ မဲ့သွားတဲ့အထိလည်း ရှိခဲ့ဖူးတယ်။ နောက်ဆုံး ကိုယ့်ကိုယ်အရှုံး ပေးလိုက်ရတော့ မလားဆိုတဲ့အထိ အခိုက်တန့် လည်းရှိခဲ့ဖူးပါတယ်။ ဒါမဲ့ ကိုယ့်မိဘ မွေးလာတုန်းကတော့ တန်ဖိုးထားပြီး ကောင်းမွန်တဲ့ သမီးဖြစ်စေဖို့ မွေးလာခဲ့တာပေါ့။ သူများရဲ့ ထိုးနှက်မှုကြောင့် ပြိုလဲသွားမယ်ဆိုရင် ကိုယ်ရဲ့ မိဘကလည်း ပျော်ရွှင်မှာ မဟုတ်ဘူးပေါ့နော်။ ဒါမဲ့ ပြိုလဲခွင့်ရှိတယ်။ ပြိုလဲပြီးရင် ပြန်ထ။ ကိုယ့်ရဲ့ တန်ဖိုး ၊ ကိုယ့်ရဲ့ ဘဝ၊ ကိုယ့်ရဲ့ ရပ်တည်ချက်က ကိုယ့်မှာပဲ မူတည်တဲ့အတွက်ကြောင့် ကိုယ့်ရဲ့ ရှင်သန်မှုသည် သူများဒုက္ခပေးတာကို ခံရလောက်တဲ့အထိတော့ မပျော့ညံ့သင့်ဘူး။ လူလိုဖြစ်လာမှာတော့ လူပီသတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ အစွမ်းစနဲ့ ဘယ်အတိုင်းတာထိ ရပ်တည်နိုင်မလဲ၊ ဘယ်အတိုင်းတာထိ လုပ်ဆောင်နိုင်မလဲဆိုတာကို အမြဲတမ်း တွေးပြီးတော့ ရှင်သန်စေချင်ပါတယ်လို့ အမျိုးသမီးတွေကို မှာကြားချင်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article