စစ်တပ် အာဏာသိမ်းပြီး ၂ နှစ် ကာလအတွင်း စီးပွားရေး ပိုမိုကျဆင်းလာသည့် အတွက်ကြောင့် သူခိုးတွေများပြားလာပြီး သျှမ်းပြည် လင်းခေးခရိုင် ၊ မိုင်းပန်မြို့နယ်အတွင်း ကြက်သွန်ဖြူ ခိုးယူမှု များလာကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (မတ် ၉) ရက် ညနေပိုင်းတွင် မိုင်းပန်မြို့ ဝမ်နေ ရပ်ကွက်တွင်းရှိ ကြက်သွန်ဖြူများကို အသက် (၅၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက စားဝတ်နေရေး ခက်ခဲမှုကြောင့် လာရောက်ခိုးယူခဲ့ကြောင်း ကြက်သွန်ဖြူ ခြံပိုင်ရှင်က ပြောဆိုခဲ့ကြောင်း သိရသည်။
“မနေ့ ညနေပိုင်းလောက်က လာခိုးသွားတာ။ ခြံထဲမှာရှိထားတဲ့ ကြက်သွန်ဖြူတွေကို လာခိုးတာ။ သူ ခိုးသွားတာ ၃ ပိဿလောက်ရှိတယ်။ သူခိုးကိုတော့ ဖမ်းမိတယ်။ ဘာလို့ လာခိုးလဲ မေးတော့ စားဝတ်နေရေးခက်ခဲလို့ လာခိုးတာလို့ ပြောတယ်” ဟု ကြက်သွန်ဖြူ ပိုင်ရှင် ဖြစ်သူက ပြောသည်။

လက်ရှိ ထိုသူခိုးကို ရဲတွေက ဖမ်းဆီးထားပြီး အမှုဖွင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ အခုတော့ သူ့ကို ရဲတွေက ဖမ်းထားလိုက်ပြီ။ သူ့ကို အမှုဖွင့်ပြီး စစ်ဆေးသွားမယ်လို့တော့ ပြောတယ်။ သူက မိန်းမရှိထားတယ်။ မိုင်းပန်မှာက အဲ့လို သူခိုးတွေ အရမ်းများလာတယ်။ ကြက်သွန်ဖြူတွေ ခဏခဏ ခိုးခံရတယ်” ဟု အထက်ပါ ကြက်သွန်ဖြူ ပိုင်ရှင်ဖြစ်သူက ပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ မိုင်းပန်မြို့တွင် လောင်းကစားဝိုင်း ပြုလုပ်ခဲ့ပြီး ထိုချိန်တွင်လည်း ကြက်သွန်ဖြူ ၄၀ ပိဿ ခိုးခံရသည်။
လက်ရှိတွင်လည်း ကြက်သွန်ဖြူ ဈေးကောင်းရရှိနေပြီး တစ်ပိဿလျှင် မြန်မာကျပ်ငွေ ၆,၀၀၀ ကျပ်အထိ ဈေးရရှိနေကြောင်း သိရသည်။