Friday, April 19, 2024

တိုင်းရင်းသား လူငယ်တွေကြား အတူယှဥ်တွဲနေထိုင်ရေး ဘယ်အရာက အခရာကျလဲ

Must read

နှစ်ပေါင်းများစွဲ လူမျိုးရေးအစွဲတွေကို ဖြေဖျောက်ဖို့ ပဋိပက္ခလျော့ချဖို့အတွက် တိုင်းရင်းသား လူငယ် ၂ ဦး ကတော့ ပအိုဝ်း နဲ့ သျှမ်း ဘာသာ နဲ့ သီချင်းကို ရေးစပ် သီဆိုထားပါတယ်။

သျှမ်း နဲ့ ပအိုဝ်း အတူတွေ့ရစဥ်

အရင်က ပအိုဝ်း နဲ့ သျှမ်း လူငယ်တွေ ပူးပေါင်းပြီး သီချင်း သီဆိုတာ မရှိခဲ့ဖူးပါဘူး။

“Common Opps” “ဘုံရန်သူ” ဆိုပြီးတော့ ပေးထားတဲ့ ခေတ်သစ် Rap လူငယ်အဆိုတော်တွေ သီဆိုထားတာကတော့ အခုလက်ရှိမှာ နာမည်ကြီးနေတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဘိုးဘွားစဥ်ဆက်က ရှိခဲ့ဖူးတဲ့ လူမျိုးရေးအစွဲ၊ ဘာသာရေးအစွဲတွေကို ယနေ့ခေတ် လူငယ်တွေ လက်ထက်မှာ မရှိစေချင်တော့တာ သူတို့ ဆန္ဒပါ။

သျှမ်းပြည်နယ်မှာ တိုင်းရင်းသား ပေါင်းစုံနေထိုင်ကြပြီးတော့ သျှမ်းပြည် တောင်ကြီးခရိုင် (၃) မြို့နယ်မှာတော့ ပအိုဝ်း နဲ့ သျှမ်း က အတူယှဥ်တွဲနေထိုင်ခဲ့ကြပါတယ်။

သျှမ်းပြည်တွင်း တိုင်းရင်းသားများ အတူတွေ့ရစဥ်

ခေတ်အဆက်ဆက် သမိုင်းအဆက်ဆက်မှာ တိုင်းရင်းသား လူမျိုး (၂) စုဟာ အချင်းချင်းကြား တိုက်ပွဲ မဖြစ်ပွားကြပေမယ့် ပဋိပက္ခ အသေးအမွှားတော့ ရှိစမြဲပါ။ အဲဒီထဲမှာ လူငယ်တွေ ကြားထဲ အချင်းချင်း ရန်ဖြစ်ပြီး သွေးထွက်သံယိုထွက်တဲ့ထိ ဖြစ်ပွားခဲ့တာတွေလည်း ရှိခဲ့ဖူးပါတယ်။

ဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသက် (၅၀) ကျော် ပအိုဝ်းတိုင်းရင်းသား တစ်ဦးက “သျှမ်း နဲ့ ပအိုဝ်းဆိုတာက ရှင်းရှင်းပြောရင် ပထဝီ အနေအထားအရ ခွဲခြားလို့မရတဲ့ဟာ ကျနော်တို့က မောင်နှမတွေပဲ ဖြစ်နိုင်ရင် ခနခန စကားပြောဖို့လိုတယ်။ ကျနော်တို့က လူမျိုးအချင်းချင်းကြားမှာလည်း စေ့စပ်ညှိနှိုင်းမှုတွေကလည်း အရမ်းနည်းတယ်။ အခုက သျှမ်းပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံကလည်း တစ်မျိုးနဲ့ တစ်မျိုး စေ့စပ်ညှိနှိုင်း စကားပြောတဲ့ဟာလည်း အရမ်းအားနည်းတယ်။ ကျနော်တို့ များများ တွေ့ဆုံရမယ်။ စကားများများပြောရမယ်။ အဲ့လိုဖြစ်စေချင်တယ်” လို့ သူ့အမြင်ကို ဆိုပါတယ်။

သျှမ်းပြည်တွင်း တိုင်းရင်းသားများ အတူတွေ့ရစဥ်

လူမျိုးရေး ပြဿနာထဲမှာဆိုရင် သျှမ်းပြည်တောင်ပိုင်းမှာ အတူယှဥ်တွဲ နေထိုင်ကြတဲ့ တိုင်းရင်းသားထဲက သျှမ်း နဲ့ ပအိုဝ်း တွေဟာ ဘိုးဘွားစဥ်ဆက်ကတည်းက အတူယှဥ်တွဲ နေထိုင်ခဲ့ကြတာကြောင့် လူမျိုးစွဲ ပြဿနာတွေဟာ ယနေ့ခေတ် လူငယ်တွေကြားထဲ ထပ်မံပေါက်ဖွားမှု မရှိစေချင်ဘူးလို့ လူငယ် နှစ်ဦးကလည်း တပြိုင်တည်း ပြောဆိုပါတယ်။

အဲ့ဒီ အနုပညာရှင် (၂) ဦးကတော့ ပအိုဝ်း လူငယ် အသက် (၂၂) နှစ်အရွယ် ခွန်ထက်နိုင် နဲ့ အသက် ၂၁ နှစ် အရွယ်ရှိ သျှမ်း လူငယ် စိုင်းစွမ်မိန်း ပဲ ဖြစ်ပါတယ်။

အနုပညာရှင် (၂) ဦးဟာ ဆိုရှယ်မီဒီယာ ကတစ်ဆင့် ခင်မင်ရင်းနှီးခဲ့ကြတာပါ။ လူမျိုးရေးအစွဲ ၊ ဘာသာရေးအစွဲ လျော့ကျလိုတဲ့ ဆန္ဒချင်း ထပ်တူရှိကြတဲ့အတွက် ပအိုဝ်း နဲ့ သျှမ်း တိုင်းရင်းသား ဘာသာ (၂) ဘာသာ Rap ဂီတ နဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ပအိုဝ်းတိုင်းရင်းသားများ

“သျှမ်း နဲ့ ပအိုဝ်းဆိုတာ လူမျိုးရေး အစွဲတွေ များကြတယ်။ မတည့်ကြတာများတယ်။ လူငယ်တွေ ကအစ လူကြီးတွေက ပိုဆိုးတယ်။ သျှမ်း နဲ့ ပူးပေါင်းပြီး လုပ်မယ်ဆိုတဲ့ဟာက သီချင်းအကြောင်းအရာလည်း လူငယ်တွေမှာ လူကြီးလိုမျိုး ဘာအစွဲ မှ မရှိဘူး။ လူမျိုးစွဲ ဘာသာစွဲ မရှိဘူး။ ဘာအကန့်မှ မရှိဘူး။ အဲ့လိုမျိုး တွေးပြီးတော့ လုပ်ဖြစ်ကြတယ်။ ကျနော်တို့ လူငယ်တွေက ဘာအစွဲမှ မရှိဘူး။ အချင်းချင်းစည်းလုံးမယ်။ လူကောင်းနဲ့ လူဆိုးပဲရှိမယ်။ သျှမ်းတွေ ဖြစ်ဖြစ် ပအိုဝ်းတွေ ဖြစ်ဖြစ် အဲ့လိုစိတ်တွေ မရှိသင့်ဘူး။ အဲ့လိုစိတ်နဲ့ လုပ်ဖြစ်သွားတယ်” လို့ ပအိုဝ်းတိုင်းရင်းသား Rap အဆိုတော် ခွန်ထက်နိုင် က ပြောပါတယ်။


အလားတူ သျှမ်း Rap အဆိုတော် စိုင်းစွမ်မိန်း အနေနဲ့လည်း ပအိုဝ်း Rap အဆိုတော် ခွန်ထက်နိုင် က သျှမ်း နဲ့ ပအိုဝ်း ၂ ဘာသာ သီချင်းပူးပေါင်းသီဆိုဖို့ ကမ်းလှမ်းလာတဲ့အခါ စိတ်ဝင်စားတာကြောင့် အတူပူးပေါင်း သီဆိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သျှမ်း နဲ့ ပအိုဝ်းတိုင်းရင်းသားများ အတူတွေ့ရစဥ်

“ဒီလို တိုင်းရင်းသား ၂ ခု ပူးပေါင်းပြီး သီဆိုထားတဲ့အတွက် လူမျိုးရေး ပြဿနာတွေကတော့ အနည်းနဲ့ အများ လူငယ်တွေကြားမှာတော့ လျှော့ကျသွားလောက်တယ်။ လူကြီးတွေကတော့ သူတို့က သိပ်ပြီး နားမလည်ကြဘူးဆိုတော့ အဲ့လို သီချင်းလုပ်တာက လူကြီးတွေက သိပ်ပြီး နားမထောင်ကြဘူး။ ရန်ဆက်ဖြစ်အုံးမှာပေါ့။ လူငယ်တွေကြားမှာတော့ ဘာအကန့်မှ မရှိဘူး။ အဲ့လို အတွေးအခေါ်တွေ ရှိလာမှာပါ”လို့ စိုင်းစွမ်မိန်း က ပြောပါတယ်။

ထိုနည်းတူ ရင်ဘတ်ချင်းတူတဲ့ တခြားတိုင်းရင်းသားတွေနဲ့လည်း ပူးပေါင်း သီဆို သွားဖို့ ရှိပြီး လူငယ်တွေကြားမှာ ဘာအကန့်အသတ်မှ မရှိကြောင်း ဂီတအနုပညာ နဲ့ လူမျိုးရေး ပဋိပက္ခ ကို လျော့ကျချင်ကြောင်းလည်း လူငယ် ၂ ဦး က ဆိုပါတယ်။

ဝါဒနာ ရင်ဘတ်ချင်းတူတဲ့အတွက် လူမျိုးရေး ပဋိပက္ခကို လျော့ကျချင်တဲ့ စိတ်တစ်ခုကြောင့်လည်း သူတို့ နှစ်ဦး အတူပူးပေါင်း လုပ်ခဲ့ကြတာပါ။

သျှမ်း နဲ့ ပအိုဝ်းတိုင်းရင်းသားများ အတူတွေ့ရစဥ်

သျှမ်းပြည်တွင်းမှာ တိုင်းရင်းသားပေါင်းစုံအတူ ပူးပေါင်း နေထိုင်ကြပါတယ်၊ သျှမ်းပြည်မြောက်ပိုင်းမှာဆိုရင်လည်း သျှမ်း နဲ့ တအာင်း (ပလောင်) တိုင်းရင်းသားတွေဟာ ဘိုးဘွားစဥ်ဆက်ကတည်းက အတူ ယှဥ်တွဲနေထိုင်လာခဲ့ကြပေမယ့် လက်ရှိမှာတော့ စစ်ကောင်စီ ရဲ့ သွေးခွဲမှုတွေကြောင့် လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လာတာတွေလည်း ရှိခဲ့ပါတယ်။

“ခုတော့ သျှမ်း နဲ့ ပအိုဝ်း ပေါ့။ တခြား တိုင်းရင်းသားတွေနဲ့လည်း လာဖို့ရှိပါတယ်။ ကျနော့်မှာတော့ တအာင်း (ပလောင်) သူငယ်ချင်းတွေ ရှိပါတယ်။ ဒါပေမယ့် Rap တွေ သိပ်ပြီး စိတ်မဝင်စားကြဘူး။ တအာင်း သူငယ်ချင်းထဲ ရင်ဘတ်ချင်းတူတဲ့ သူတွေရှိရင်တော့ ပူးပေါင်းဖို့ ရှိပါတယ်။ သီချင်းတွေ ဘာတွေ လုပ်ပြီး မျိုးရိုးစဥ်ဆက် မတည့်ကြတာတွေကို မကောင်းကြောင်း အဲ့ဒါတွေကို သီချင်းလုပ်ချင်ပါတယ်”လို့ သျှမ်းမြောက်ပိုင်းမှာ နေထိုင်တဲ့ Rap အဆိုတော် စိုင်းစွမ်မိန်း က ပြောပါတယ်။

သျှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့အစည်း များပြားပြီး၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် စစ်ရေးတင်းမာမှုတွေ ရှိလာတဲ့အတွက်ကြောင့် တိုင်းရင်းသား ပါတီ အချင်းချင်း သွေးကွဲပြီး ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။

သျှမ်းပြည်တွင်း တိုင်းရင်းသားများ အတူတွေ့ရစဥ်

ရင်းနှီးမှု ဘယ်မှာ လျော့နည်းသွားလဲဆိုရင် လက်နက်ကိုင်တွေကြားထဲ သူ့လူ ကိုယ့်လူ ဆိုပြီး သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေကြောင့် အချင်းချင်း သံသယစိတ်တွေ ဝင်နေကြတယ်။

“ပြည်သူတွေ အချင်းချင်း မတည့်တာတွေတော့ သိပ်မရှိဘူး။ ဝင်ထွက် သွားလာတာတွေတော့ ရှိတယ်။ ဒါပေမယ့် အရင်ကထက်တော့ ခင်မင်ရင်းနှီးမှုတွေ နည်းနည်းလျော့နည်းသွားတာတော့ရှိတယ်။ ခုတော့လည်း ပြန်လည်ပြီး ခင်မင်ရင်းနှီးမှုတွေ ပြန်ရှိလာတယ်။ သံသယ စိတ်ဝင်တာတွေ လျော့ကျလာတာ တွေ့ရတယ်။ အဝင်အထွက်တွေလည်း ပြန်ရှိလာပါတယ်”လို့ သျှမ်း နဲ့ တအာင်း တိုင်းရင်းသားတွေကြားမှာ နေထိုင်တဲ့ အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦး က ပြောပါတယ်။

ထို့အတူ သျှမ်းတောင်မှာဆိုရင်လည်း စစ်ကောင်စီ ရဲ့ သွေးကွဲအုပ်ချုပ်မှုနဲ့အတူ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သျှမ်းပြည်တောင်ပိုင်းရှိ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ် တွေကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုပြီး စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်မှ ပအိုဝ်းဒေသသို့ ကြွရောက်စဥ်

အဲဒီလို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို ပေးပြီးတဲ့နောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပါထားတဲ့ တိုင်းရင်းသားလူမျိုးတွေအကြား လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

“ကျနော်တို့ အထက်တန်းကျောင်းတုန်းကဆိုရင် အဆောင်တစ်ခုတည်းမှာ အတူနေပြီး စကားများ ရန်ဖြစ်လာရင် ငါတို့ ပအိုဝ်းပြည်မှာ လာနေတယ်ဆိုပြီး ပြောတယ်။ ကဲ့ရဲ့ ဝေဖန်တာတွေလည်း ရှိတယ်။ ကျနော်က အသားဖြူတော့ ကျနော့်ကို အခြောက်မ ဆိုပြီး ပြောတာတွေရှိတယ်။ တစ်ခါတစ်လေ စိတ်ထိခိုက်တာတွေ ကြုံရတယ်” လို့ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ အသက် (၂၀) ကျော် သျှမ်းလူငယ်အမျိုးသား တစ်ဦး ကပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသား လူငယ်အချင်းချင်း စည်းလုံးလာတာရှိပြီး အချင်းချင်း အနိုင်ကျင့်တာတွေလည်း မရှိတော့ကြောင်း၊ အာဏာရှင်ကို တော်လှန်ဖို့သာ တိုင်းရင်းသားလူငယ်တွေ အချင်းချင်း စည်းရုံးကြပြီး အားလုံးက အဖြူအမဲ ကွဲပြားလာကြောင်းလည်း အထက်ပါ လူငယ်က ဆက်ပြောပါတယ်။

မိုင်းဖုန်းဆရာတော်မှ ပအိုဝ်းဒေသသို့ ကြွရောက်စဥ်

“လူငယ်တွေဆိုတာက ရောက်နေတဲ့ ခေတ်အနေအထား နဲ့ဆို တခြားနိုင်ငံတွေနဲ့ ယှဥ်ရင် လူမျိုးရေး ဘာသာရေး က ဒီခေတ်မှာ ဘာမှ မဟုတ်တော့ဘူး။ ဆိုင်လည်း မဆိုင်တော့ဘူး ကျနော်တို့ အားလုံးမှာ ကောင်းတာနဲ့ ဆိုးတာပဲရှိတယ်။ အဲ့မှာဆိုရင် လူချင်းချင်း မခွဲခြားသင့်၊ သျှမ်း နဲ့ ပအိုဝ်းဆိုတာ တစ်မြေတည်း တရေတည်း နှစ်ပေါင်းများစွာ တူတူနေလာတာ သွေးမကွဲသင့်ဘူး။ အဲ့လိုတော့ ပြန်မြင်ရတယ်” လို့ ပအိုဝ်းအဆိုတော် ခွန်ထက်နိုင်က ပြောပါတယ်။

သျှမ်း နဲ့ ပအိုဝ်း တိုင်းရင်းသားတွေဟာ အမျိုးသားရေး မူဝါဒ လွှမ်းမိုးလာတဲ့ အတွက်ကြောင့် လူမျိုးရေး ခွဲခြားမှု အနည်းအကျဥ်း ရှိလာခဲ့တယ်လို့ (စဝ်ဆုစန္ဒီဆုရှင်) သျှမ်းလူငယ် ခေါင်းဆောင်ဆု ရရှိခဲ့ဖူးတဲ့ စိုင်းဆု က ပြောပါတယ်။

“လူငယ်တွေကြားထဲမှာတော့ ခွဲခြားဆက်ဆံတာ မရှိဘူး။ သမိုင်းကို သေချာလေး မလေ့လာဘူးဆိုရင် ကျနော်တို့ ပတ်ဝန်းကျင်မှာ အမြင်ကျဥ်းတဲ့သူတွေ က လာပြီး လွှမ်းမိုးတာ ခံရနိုင်တယ်။ အဲ့နောက်ကနေ လိုက်သွားနိုင်တယ်။ အဲ့ကနေစပြီး ယုံကြည်မှု ကင်းမဲ့တာတွေ ဖြစ်လာနိုင်တယ်” လို့ စိုင်းဆု က ပြောပါတယ်။

ဘိုးဘွားစဥ်ဆက်က ကြည့်မယ်ဆိုရင်လည်း တိုင်းရင်းသားအချင်းချင်း ပြောဆို ဆက်ဆံရာမှာ ဘယ်လို အတူယှဥ်တွဲနေထိုင်ကြလဲဆိုတာ ပြန်လေ့လာသင့်ကြောင်း တစ်ဦး နဲ့ တစ်ဦး ဆက်ဆံတဲ့ နေရာမှာဆိုရင်လည်း အချင်းချင်း နားလည်နိုင်မယ့် ဘာသာစကားကို ပြောသင့်ကြောင်း စိုင်းဆုက ပြောဆို လိုက်ပါတယ်။
သျှမ်း နဲ့ ပအိုဝ်း တိုင်းရင်းသားတွေဟာ ရိုးရာယဥ်ကျေးမှု ဓလေ့၊ ဘာသာထုံးတမ်း အစဥ်အလာ နဲ့ ရိုးရာ အစားအသောက်တွေလည်း အနည်းအကျဥ်း နီးပါး တူညီကြပါတယ်။

သျှမ်း နဲ့ ပအိုဝ်း အတူတွေ့ရစဥ်

သျှမ်းပြည်ဟာဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဥ်တွဲ နေထိုင်ကြပြီး ဥယျာဥ်ထဲက ရောင်စုံပန်းတွေ စိုက်ထားသလိုမျိုး တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

“ကျမတို့ လူမျိုး တစ်မျိုးမှ မဟုတ်ဘူး။ တစ်ယောက် နဲ့ တစ်ယောက်က စိတ်ဓာတ်က မတူဘူး။ ဒါပေမယ့် လူမျိုး မတူပေမယ့်လည်း အတူယှဥ်တွဲနေထိုင်နိုင်တာက အရမ်းကောင်းတဲ့ အရာ တစ်ခုလို့ မြင်တယ်။ အတူယှဥ်တွဲနေထိုင်နိုင်ဖို့က လူမျိုးနဲ့မဆိုင်ဘူးပေ့ါနော်။ လူတစ်ဦး တစ်ယောက် နဲ့ပဲ ဆိုင်တယ်။ တကယ်တမ်း အတူယှဥ်တွဲနေထိုင်ဖို့က ကျမတို့ သျှမ်းတွေမှာပဲဖြစ်ဖြစ် ပအိုဝ်းတွေမှာပဲ ဖြစ်ဖြစ် စိတ်ဓာတ်ပေါ်ပဲ မူတည်တယ်။ ကျမ ကိုယ်တိုင်ကလည်း သျှမ်း ပအိုဝ်းဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က ခံယူတတ်ဖို့ပဲလိုတယ်” လို့ မသဲဖြူ က ပြောပါတယ်။

မိမိကိုယ်တိုင်ကစပြီး ခွဲခြားဆက်ဆံလျှင် နိုင်ငံရေးမှာလည်း အကွဲအပြား ဖြစ်သွားနိုင်ပြီး လူသားကို လူသားလို့ပဲ မြင်ရင် ပဋိပက္ခ ပြဿနာတွေ နည်းသွားနိုင်တာကြောင့် လူသားစိတ် တစ်ခုတည်းနဲ့သာ နေထိုင်သွားဖို့ လိုအပ်တယ်လို့ သျှမ်း – ပအိုဝ်း ကပြား ဖြစ်သူ မသဲဖြူ က ယုံကြည်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article