Wednesday, April 24, 2024

ဖယ်ခုံမြို့နယ် ဘာသာရေးကျောင်းများကို စစ်ကောင်စီက ပစ်ခတ်

Must read

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ၊ ရီလုံရီကန်ကျေးရွာအုပ်စု၊ ဝါရီခူကျေးရွာရှိ ကက်သလစ် ခရစ်ယာန် မယ်တော်ဂူကုန်းကို စစ်ကောင်စီက လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဝါရီခူကျေးရွာရှိ ကက်သလစ် ခရစ်ယာန် မယ်တော်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ခရစ်ယာန် မယ်တော်ဂူကုန်းကို လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အဆောက်အအုံ တစ်ချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

“သူတို့ လာပစ်သွားတာက ၁၀ ရက်နေ့ ညက လာပစ်သွားတာ။ လေယာဉ်နဲ့ လာပစ်ခဲ့တာ။ အဆောက်အအုံတွေ တစ်ချို့က ပျက်စီးသွားတာရှိတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရှိသွားတာတော့ မရှိဘူး” ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ လာပစ်ခတ်ခဲ့သည့် ဝါရီခူကျေးရွာ မယ်တော်ဂူကုန်း အနီးပတ်ဝန်းကျင်တွင် စစ်ဘေးရှောင်စခန်းများ တည်ရှိထားကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ဘာသာ ကက်သလစ် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မ ပွဲတော်ကို ကျင်းပသည့် ရက်ဖြစ်သဖြင့် စစ်ကောင်စီက ဖယ်ခုံမြို့နယ် ဝါရီခူကျေးရွာရှိ ကက်လသစ် မယ်တော်ဂူကုန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ ၁၁ ရက်နေ့က တစ်ကမ္ဘာလုံးက ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို လုပ်ကြတယ်။ ကံကောင်းလို့ ဒီနှစ်က မယ်တော်ဂူကုန်းမှာ ပွဲမလုပ်ဘူး။ သူတို့ အဲ့နေ့အတွက် ရည်ရွယ်ပြီး ပစ်တာလားမသိဘူး။ အဲ့မယ်တော်ဂူ အနီးတစ်ဝိုက်မှာလည်း စစ်ဘေးရှောင်စခန်းတွေ ရှိထားတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

နိုင်ငံတကာ ဥပဒေအရ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်ခတ်ခွင့်မရကြောင်း ကရင်နီ လူ့အခွင့်ရေး ကိုဗညားက ပြောသည်။

“ ဘာသာရေး အဆောက်အအုံတွေက နိုင်ငံတကာ ဥပဒေအရ ကြည့်မယ်ဆိုရင် ပစ်ခတ်လို့ မရတဲ့ နယ်မြေတွေဖြစ်တယ်။ စစ်ကောင်စီ ကတော့ ကျနော်တို့ ပြည်နယ်တွေမှာတော့ ဘာသာရေး အဆောက်အအုံတွေ ဦးတည်ပြီး ပစ်ခတ်နေတယ်။ လူ့အခွင့်ရေးကိုလည်း ချိုးဖောက်ပြီး ချိုးဖောက်နေတာပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် မိုးဗြဲမြို့ စက်တော်ရာတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဖယ်ခုံမြို့ ကျေးရွာဘက်တွင်လည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article