Sunday, May 26, 2024

စစ်ရေး အခြေအနေကြောင့် မိုးဗြဲ – ပီကင်းလမ်းကို ပိတ်ထားရ

Must read

သျှမ်းပြည် နှင့် ကရင်နီပြည် (ကယားပြည်) နယ်စပ် ဖြစ်သည့် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရှိ မိုးဗြဲ – ပီကင်းလမ်းကြောင်းကို စစ်ရေး အခြေအနေများကြောင့် ပိတ်ထားရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MOBYEPDF) က ပြောသည်။

MOBYEPDF

မိုးဗြဲ – ပီကင်းကို ဆက်သွယ်ထားသည့် လမ်းပိုင်း တစ်လျောက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိကာ ပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် လမ်းကြောင်းကို ပိတ်ထားရခြင်းဖြစ်ကြောင်း MOBYEPDF ပြန်ကြားရေး တာဝန်ခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဘက်လမ်းပိုင်းဆိုရင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၉ လပိုင်းကတည်း စစ်ကောင်စီတွေ တောက်လျောက်စစ်အင်အား ဖြည့်ခဲ့ပြီး၊ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်တယ်၊ အခုလည်း စစ်ရေးက ပိုမိုတင်းမာလာနိုင်တဲ့ သဘောရှိတယ်၊ ဒါကြောင့် ဒီလမ်းကို ပိတ်ရတာ” ဟု MOBYEPDF ပြန်ကြားရေး တာဝန်ခံက ဆိုသည်။

ယခုရက်ပိုင်းအတွင်းတွင် မိုးဗြဲမြို့တွင်းသို့ တင့်ကားများ အပါအဝင် စစ်ကောင်စီဘက်မှ စစ်အင်အား ဖြည့်တင်းမှု လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းမှုများကြောင့် မိုးဗြဲမြို့ အနောက်ဘက် ကျေးရွာရှိ ပြည်သူများ ကြိုတင်ထွက်ပြေး တိမ်းရှောင်ကြပါရန် မိုးဗြဲ PDF က တိုက်တွန်းပြောဆိုထားသည်။

“အခုတော့ အရှေ့ကမ်းဘက်ကို ထိတွေ့တိုက်ပွဲက ဖြစ်တာတွေ ရှိနေတယ်၊ အနောက်ဘက်ကို မကူးလာဘူး လို့လည်း ပြောလို့ မရဘူးလေ၊ ဒါကြောင့် တိုက်ပွဲတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားဖို့လို တယ်၊ ကျနော်က မသွားနဲ့လို့ ပြောထားတဲ့ လမ်းဘက်ကို မသွားပါနဲ့” ဟု MOBYEPDF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင်လည်း မိုးဗြဲမြို့ စက်တော်ရာ ကျေးရွာထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် အတွက်ကြောင့် အဆိုပါ ကျေးရွာအနီးရှိ ရွာတချို့မှ ပြည်သူများ ညချင်းတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article