Wednesday, April 24, 2024

အမျိုးသမီးတွေ ကာယအိန္ဒြေပျက်အောင်စစ်ဆေးတဲ့ စကစ တပ်သားများ

Must read

ဆိုင်ကယ်ကို တဖြည်းဖြည်း မောင်းနှင်လာချိန်မှာ စစ်ယူနီဖောင်း ဝတ်ဆင်ထားပြီး လက်နက်ကိုင်အပြည့်နဲ့ ရပ်စောင့်နေတဲ့ တပ်သားတွေကို ရုတ်တရက်မြင်လိုက်တော့ လှည့်ပြန်ဖို့ သူမတို့ ၂ ဦး စဥ်းစားခဲ့မိပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်

ဒါပေမယ့် ရွေးချယ်စရာ တခြားဖြတ်လမ်းမရှိတဲ့အတွက် စစ်ကောင်စီတပ်စောင့်တဲ့ နေရာကိုသာ စိတ်အားတင်းပြီး တည့်တည့်ဆက်မောင်းခဲ့ပါတယ်။

အဲ့ဒီ စစ်ကောင်စီ စစ်ဆေးရေးရှိတဲ့ နေရာဟာ ရွာငံ – ပင်းတယ လမ်းမကြီးပေါ်မှာရှိတဲ့ ဂိတ်ဖြစ်ပြီး၊ စစ်ဆေးရေးဂိတ်ကို ဖြတ်ရန်အတွက် ဆိုင်ကယ်ကို စက်ပိတ်ပြီး ဆင်းတွန်းရကာ ဂိတ်ရောက်တဲ့အချိန်မှာ စစ်သားဟာ အမျိုးသမီးတွေကို မဖွယ်မရာ ကိုယ်ထိလက်ရောက် ကာယအိန္ဒြ ကျူးလွန်မှု ပြုတာကို ခံခဲ့ရတာတွေရှိတယ်လို့ မစုငယ်က ကိုယ်တိုင်ကြုံတွေ့ရတာကို ပြောပါတယ်။

“တရက်က ကျမ နဲ့ ကျမရဲ့ သူငယ်ချင်း တယောက် က စစ်ဆေးရေးဂိတ်ကိုရောက်တော့ ဆိုင်ကယ်ကို ဆင်းတွန်း ရတယ်။ အဲ့ချိန်မှာ စစ်သားတစ်ယောက်က ဆိုင်ကယ်တွန်းတဲ့ သူငယ်ချင်းရဲ့ ရင်သားကို လှမ်းကိုင်တာ၊ သူလန့်တော့ အော်မိတယ်၊ အော်ရကောင်းလား ဆိုပြီးတော့ အဲ့စစ်သားက ခြေထောက်နဲ့ ထပ်ကန် လို့ လူနဲ့ ဆိုင်ကယ် လဲသွားပြီး ဒဏ်ရာတွေ ရသွားတယ်” လို့ မစုငယ်က စိတ်မကောင်းစွာနဲ့ ပြန်ပြောပြနေပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်

ကာယအိန္ဒြေကို ကျူးလွန်ခံရတဲ့ အမျိုးသမီးဟာ အသက် ၂၀ အရွယ် ဝန်းကျင်တာဖြစ်ပြီး၊ လူရှေ့ သူရှေ့မှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပြီး၊ ခြေထောက်နဲ့ပါ အကန်ခံရတဲ့အတွက် ရှက်စိတ်နဲ့ နေအိမ်ထဲကနေ မထွက်ရဲပေ။

“စစ်ဖိနပ် နဲ့ အကန်ခံရတော့ ဒူးခေါင်း နဲ့ တံတောင်ဆစ် ၊ ပြီးတော့ မျက်နှာတွေမှာ ဒဏ်ရာရသွားတယ်၊ ဆိုင်ကယ် ဒူးကာတွေလည်း ကွဲသွားတယ်၊ ဘေးနားမှာ တခြားသူ ရှိပေမဲ့ ဘယ်သူမှ ဝင်မထူရဲဘူး၊ သူ အိမ်ပြန်ရောက် တော့ အဖျားတွေ တက်ခဲ့သေးတယ်” လို့ မစုငယ် တယောက် က ကြုံတွေ့ ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ပင်းတယမြို့ က ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမယ့် မစုငယ်တို့ သူငယ်ချင်း ၂ ဦးကို ရဲစခန်းက ဘာမှ မလုပ်ပေးနိုင်ကြောင်း ပြောဆိုပြီး ပြန်လွှတ်ခဲ့ပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်

အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်နေချိန် ဖြစ်တာမို့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးကို ကူညီဆောင်ရွက်ရေးအတွက်လည်း အခက်အခဲရှိနေသလို အမျိုးသမီးတွေ အနေနဲ့လည်း လုံခြုံမှု မရှိကြောင်း သူမက ဆိုပြန်ပါတယ်။


မစုငယ် နည်းတူ ဂိတ်စောင့် စစ်သားတွေရဲ့ ကိုယ်ထိလက်ရောက် ကာယအိန္ဒြေ ကျူးလွန်ခံမှု အဖြစ်အပျက်မျိုး ကြုံခဲ့ရဖူးသူ နောက်တစ်ဦးကတော့ အင်းလေးဒေသက မခိုင် ဖြစ်ပါတယ်။

“ပုံမှန် စစ်ဆေးနေကျ ဘယ်ကလာတယ်။ ဘယ်ကို သွားမလဲ ဆိုတာထက် ကိုယ်ခန္ဓာကိုင်တွယ် စစ်ဆေးတာတွေ ရှိလာတယ်၊ ကျမကိုဆို ပုံခုံးကို ပုတ်ပြီး စကားပြောတာ၊ လက်ကို ကိုင်တာတွေ ကြုံဖူးတယ်၊ တခြားသူတွေလည်း ကြုံဖူးတယ်လို့ ကြားမိတယ်၊ အရမ်း ကြောက်သလို စိတ်လည်းပျက်တယ်၊ သူတို့ ပုံစံက တစ်နေ့ထက်တစ်နေ့ ဆိုးလာတယ်၊ ဒီလို ကာယအိန္ဒြေ ကျူးလွန်မှုတွေ လုပ်ပြီးတော့ ခန္ဓာကိုယ်ပိုင်းရော စိတ်ပိုင်းရော ထိခိုက်အောင် ရည်ရွယ်နေသလားပဲ” ဟု မခိုင်က ပြောပါတယ်။

စစ်ကောင်စီ

နေ့စဉ်နဲ့ အမျှ အများပြည်သူ အသုံးပြု သွားလာနေတဲ့ လမ်းပိုင်းက စစ်ဆေးရေးဂိတ်စောင့် စစ်သားတွေ ဟာ အမျိုးသမီးတွေရဲ့ အရှက်သိက္ခာ ကျအောင် လုပ်ဆောင်နေတဲ့ အပြင် လိင်ပိုင်းဆိုင်ရာ ကျား / မ အခြေပြု အကြမ်းဖက်မှုတွေကို နည်းဗျူဟာ အဖြစ် ရက်စက်စွာ အသုံးပြုပြီး ရုပ်ပိုင်း နှင့် စိတ်ပိုင်း ထိခိုက်မှု ရှိအောင် လုပ်ဆောင်နေသလို ဖြစ်နေတယ်လို့ မခိုင် က ပြောပါတယ်။

“သူတို့က စစ်သား ယောက်ျား ရင့်မာကြီးတွေ၊ ပြောရင်လည်း သေနတ်နဲ့ ထုခံရမှာ ကြောက်လို့ ဘာမှ မပြောရဲဘူး၊ ကျူးလွန်တဲ့ စစ်သားတွေကို အရေးမယူပေးနိုင်တဲ့ ဌာနလည်း ဖြစ်နေလို့ ထင်တိုင်း ကြဲနေကြတာ၊ အမျိုးသမီးတွေ အတွက် တော်တော်ကို အန္တရာယ်များတဲ့ ကာလပေ့ါ” ဟု မခိုင်က ပြောပါတယ်။


စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ခေတ်အဆက်ဆက် ပြည်တွင်းစစ် နှစ်ပေါင်း ၇၀ ကျော် ကာလပတ်လုံး အမျိုးသမီး တွေကို အကြမ်းဖက်တာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ စစ်ဗျူဟာ တစ်ခုလိုမျိုး အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့လည်း အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) အထွေထွေ အတွင်းရေးမှူး နာင်းမို့မို့ က ပြောပါတယ်။

စစ်ကောင်စီ တပ်သားများ

“ အခု အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ နေရာတကာ ပိုပြီးတော့ ဒီ စစ်ကောင်စီ ရဲ့ တပ်သားတွေကနေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ပိုပြီးတော့ များလာတယ်၊” လို့ နာင်းမို့မို့ ကဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ဆေးရေး ဂိတ်တွေ၊ စစ်ကြောရေးတွေ ထောင်တွေမှာလည်း အမျိုးသမီးတွေကိုပဲ ဦးတည်ပြီး လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်တာတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြောင်း WLB အတွင်းရေးမှူးက ပြောပါတယ်။

“ စစ်ကောင်စီဟာ စစ်ဗျူဟာလိုမျိုး အစီအစဉ်တကျ လုပ်ဆောင်နေတယ်လို့ ကျမတို့ကတော့ မြင်ပါတယ်၊ ပြီးတော့ သူတို့တွေက ပြစ်ဒဏ် ပေးခြင်း တွေကနေလည်း လွတ်ကင်းနေတယ် ၊ ကျူးလွန်တဲ့ သူတွေကိုလည်း အပြစ်ပေး အရေးယူတာတွေလည်း မရှိဘူး၊ အခုနောက်ပိုင်းမှာလည်း အမျိုးသမီးတွေရဲ့ လုံခြုံရေးက အရေးကြီးတဲ့ အဆင့် စိုးရိမ်ရတဲ့ အဆင့်ကိုလည်း ရောက်နေတယ်”လို့ နာင်းမို့မို့ က သုံးသပ်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းများ

အမျိုးသမီးတွေကို ကာယအိန္ဒြေ ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်ပါက ပုဒ်မ ၃၅၄ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် နှစ်ခုလုံး ကျခံရနိုင်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကို ကာယအိန္ဒြေ စော်ကားရန် ကြံရွယ်ခြင်း ၊ အသံဖြင့် ပြုခြင်း ပြုလုပ်ပါက ပုဒ်မ ၅၀၉ ထောင်ဒဏ် ၁ နှစ် နှင့် အလုပ် ငွေဒဏ် နှစ်ခုလုံး ကျခံရနိုင်ပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်

နေ့စဉ် နဲ့အမျှ အပြင်ထွက် သွားလာနေတဲ့ အမျိုးသမီးတွေ အနေနဲ့ နေရာတိုင်းရှိနေတဲ့ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွေကြောင့် စိတ်မလုံမလဲ နဲ့ အမြဲ စိုးရိမ် ပူပန်နေရတယ်လို့ ပြောပါတယ်။


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးဟာ အလိုအလျောက် ပျောက်ကွယ်သွားရပြီး သျှမ်းတောင်ဒေသ ပင်းတယ – ရွာငံ လမ်းပိုင်းတွေ စစ်ကောင်စီ စစ်ဆေးရေးဖြတ်သန်း သွားလာဖို့အတွက် မစုငယ်တို့လို လူငယ်အမျိုးသမီးတွေဟာ နေ့စဥ် စိုးရိမ်ပူပန်ပြီး ဂိတ်ဖြတ်သန်းဖို့ အတွက် တုန်လှုပ်နေကြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article